သစ်တောပြုန်းတီးမှု မိုင်းတွင်းလုပ်ငန်းတွေနဲ့ ရေလွှမ်းမိုးမှုအန္တရာယ်
2023.08.08

မုတ်သုန်ရာသီရောက်လို့ မိုးဖြိုင်ဖြိုင်ရွာတာနဲ့ နှစ်စဉ်မြစ်ရေကြီး မြစ်ရေလျှံတိုင်း မိုးများတာနဲ့ ရာသီဥတုပြောင်းလဲသွားတာကိုပဲ အများက ထောက်ပြကြပြီး ရေဝေရေလဲ သစ်တောတွေ ပြုန်းတီးသွားတာနဲ့ မိုင်းတွင်းလုပ်ငန်းတွေရဲ့ အကျိုးဆက်ကို ထည့်တွက်လေ့မရှိပါဘူး။
တစ်နိုင်ငံတည်းမှာပဲ မိုးရာသီမှာ တချို့ဒေသတွေမှာ မိုးများပြီးရေကြီးပေမဲ့ တချို့နေရာတွေမှာ မိုးနည်းတယ်လို့ အာရှတိုက်ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အဖွဲ့ဝင် ဦးအိုလာက ပြောပါတယ်။
လောလောလတ်လတ် မွန်ပြည်နယ် ဘီလင်းမြို့မှာ ဘီလင်းမြစ်ရေလျှံပြီး အိမ်တွေရေမြှုပ်ခဲ့တာကို ကယ်ဆယ်ရေးလုပ်ငန်းလုပ်ကိုင်နေသူတစ်ယောက်က ဒီလ ၇ ရက်က ပြောပါတယ်။
“ ဒီမှာက မြစ်ဘက်ကပ်တော့လေ ပြောင်းရွှေ့လို့မရခင် မြှုပ်သွားမှာပဲ။ အနိမ့်ပိုင်းက အနိမ့်ဆုံးအိမ်တွေလောက်ပဲ မြှုပ်တာ။ အပေါ်ထပ်၊ အောက်ထပ်ရှိတဲ့အိမ်ဆို အောက်ထပ်တော့ မြှုပ်တာပေါ့ အဲဒီလိုမျိုး။ အခုတော့ ရေကျသွားတဲ့အတွက် အိမ်တွေ သန့်ရှင်းရေးလုပ်ဖို့ ပြန်တဲ့သူက ပြန်ကုန်ပါပြီ”
သြဂုတ် ၇ ရက်မှာ ရေပြန်ကျသွားတယ်ဆိုပေမဲ့ နောက်တစ်ရက်မှာ မိုးပြန်ရွာတဲ့အတွက် မြစ်ရေပြန်တက်ပြီး ဘီးလင်းမှာ ရေပြန်ကြီးနေတယ်လို့ ဒေသခံတစ်ယောက်က ပြောပြန်ပါတယ်။
“ဒီနေ့မိုးရွာလို့ ဘီးလင်းမှာ ရေပြန်တက်လာတယ်။ ကားလမ်းရေကျော်သွားပြီ၊ ဘီးလင်းမှာ ရွှေတွေတူးနေကြတာ အဲဒီပြဿနာပေါ့။ဘီးလင်းမြို့ရဲ့ ပြဿနာ။”
ဘီးလင်းမှာ ရွှေတူးဖော်တဲ့လုပ်ငန်းတွေအပြင် ကျောက်မိုင်းတွေလည်း ရှိနေတာကို မွန်ပြည်နယ် လွှတ်တော် ဒု- ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ဖူးတဲ့ ဒေါက်တာ အောင်နိုင်ဦးက ၂၀၂၀ တုန်းက ပြောထားတာကတော့-
“ အဆမတန်ထုတ်ယူသုံးစွဲမှုတွေပေါ့နော်။ အရင်းအမြစ်တွေကို။ မွန်ပြည်နယ်မှာ ကျောက်မိုင်းတွေများတယ်။ ပေါင်ဘက်၊ ဘီးလင်းက အစ၊ တော်တော်လေးကို ကျောက်မိုင်းတွေများတယ်။”
ဘီးလင်းမြစ်ဖျားက ရွှေတူးဖော်တဲ့ လုပ်ငန်းတွေကြောင့် ရေဝေရေလဲ ဧရိယာတွေပျက်စီးနေတာ ကြာနေပြီလို့လည်း အာရှတိုက်ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အဖွဲ့ဝင် ဦးအိုလာက ပြောပါတယ်။
“ မိုင်းတွင်းလုပ်ငန်းတွေကြောင့် သစ်တောတွေပြုန်းတာတွေ၊ ရေကို သိုလှောင်နိုင်မယ့် နေရာတွေ မရှိတော့တဲ့အခါ ရေကြီးတာပေါ့။ ရွှေတူးတဲ့လုပ်ငန်းတွေ အများကြီးရှိတယ်လေ၊ ရေဝေရေလဲ ဧရိယာ တစ်ခုလုံး ပျက်စီးနေတာ ကြာလှပြီ။ ဒီတော့ရေကြီးတာပေါ့။ ”
ချောင်းတစ်ချောင်း ၊ မြစ်တစ်စင်း၊ ကန်တစ်ကန်၊ ဆည်တစ်ဆည်ထဲ ပေါင်းဆုံစီးဝင်တဲ့ ရေတွေရဲ့ အရင်းခံ မြေဧရိယာဟာ ရေဝေရေလဲ ဖြစ်ပါတယ်။ catchment area လို့ပြောတဲ့ မိုးရေ သိုလှောင်တဲ့ နေရာတွေ ပျက်စီးသွားတဲ့အတွက်လည်း
“အရင်တုန်းကလည်း ဒီလို မိုးရေချိန်မျိုးရွာတာပါပဲ။ မိုးရေချိန် လက်မ ၄၀၊ ၅၀၊ ၆၀ လောက်ရွာတဲ့ မိုးရေတွေကို ဖမ်းထားသိုလှောင်ထားနိုင်တဲ့ သစ်တောတွေ သစ်ပင်တွေ ရှိတာပေါ့နော်။ ခုနောက်ပိုင်းတော့ ရွာတဲ့ မိုးရေတွေကို ထိန်းထား ဖမ်းထားနိုင်တဲ့ catchment area တွေပျက်စီးသွားတာမို့ ရေကြီးရတာလို့ သုံးသပ်လို့ရတယ်။ ”
မုတ်သုန်ရာသီရောက်တိုင်း မြန်မာနိုင်ငံမှာ သာမက တစ်ခြားအာရှနိုင်ငံတွေမှာပါ ရေလွှမ်းမိုးတဲ့ သဘာဝဘေးကြုံတွေ့ရပါတယ်။ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းဆိုတာ နှစ်စဉ်ရှိသင့်တဲ့ လုပ်ငန်း မဟုတ်ပေမဲ့ ရှောင်လွှဲလို့ မရပြန်ပါဘူး။ ဒါပေမဲ့ ဒီလို သဘာဝဘေးက သက်သာရာ သက်သာကြောင်း ရစေဖို့ ဘာတွေလိုအပ်ပါသလဲ။
“ရေဝေရေလဲ စီးဆင်းတဲ့နေရာတွေက သစ်တောတွေပြုန်းတီးနေတာတွေကို ထိန်းသိမ်းနိုင်မှသာ ခုလို ရာသီဥတုပြောင်းလဲချိန်မှာ ရုတ်တရက်မိုးကြီးပြီး အချိန်တိုအတွင်း မိုးရေချိန်လက်မ အတော်များများနဲ့ ရွာသွန်းတိုင်း ရေကြီးနေမှာပဲ။ ခုက သတ္တုတူးတာတွေ၊ တရားမဝင်သစ်ခုတ်တာတွေကြောင့် တောတွေပြုန်းနေတာ။ ”
သစ်ပင်သစ်တောတွေက ကြွေကျတဲ့ သစ်ရွက်တွေဟာ ဆွေးမြေ့သွားပြီး ရွာချတဲ့ မိုးရေတွေကို စုပ်ယူထားနိုင်တဲ့အတွက် ရေသိုလှောင်ပေးတဲ့ သဘာဝဆည် တစ်မျိုးလည်း ဖြစ်ပါတယ်။