ရှမ်းမြောက်ဒေသတိုက်ပွဲတွေ အပေါ် အပစ်ရပ်လက်နက်ကိုင် အဖွဲ့တွေရဲ့ သဘောထား


2019.08.28
broken-bridge-622.jpg သိန္နီ ကွမ်လုံလမ်းပိုင်း နားတီးရွာအကျော်က မိုင်းခွဲ ဖျက်ဆီးခံရတဲ့ တံတားကို တွေ့ရစဉ်
ဓါတ်ပုံ - တူးလွန်

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား တစ်ဘက်နဲ့တစ်ဘက်ကြား ယုံကြည်မှု အားနည်းလာသလို နိုင်ငံရေးနဲ့ဆွေးနွေးဖို့ အခင်းအကျင်းတွေလည်း ဖြစ်မလာတဲ့အတွက် ရှမ်းပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်လာတာလို့ အပစ်ရပ်တိုင်းရင်းသားအဖွဲ့တွေက သုံးသပ်ကြပါတယ်။

အပစ်ရပ်အဖွဲ့တွေအနေနဲ့ ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲ အပြီးမှာလည်း အစိုးရနဲ့ ညီနောင်မဟာမိတ် သုံးဖွဲ့ကြားဖြစ်နေတဲ့ ပဋိပက္ခတွေနဲ့ ရခိုင်ပြည်နယ် တိုက်ပွဲတွေမှာ နှစ်ဘက်စလုံးက လျှော့ချပြီး နိုင်ငံရေးဆွေးနွေးမှုတွေ စတင်ဖို့ တောင်းဆိုထားပါတယ်။

အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ ပအိုဝ်းအမျိုးသားအမျိုးသားအဖွဲ့ချုပ် PNLO ရဲ့ ဒုတိယဥက္ကဋ္ဌ ဖြစ်တဲ့ ဦးခွန်မြင့်ထွန်းက ရှမ်းပြည်နယ်အတွင်းက တိုက်ပွဲတွေနဲ့ ပတ်သက်လို့ သူ့သဘောထားကို အခုလို ပြောပါတယ်။

"အခြေခံအားဖြင့် ကျနော်တို့ တိုင်းပြည်မှာ လက်နက်နဲ့ ဖြေရှင်းတဲ့နည်းက ဘယ်တော့မှ အဖြေလည်း ထွက်မှာ မဟုတ်ဘူး။ တစ်ဘက်နဲ့ တစ်ဘက် ပြစ်တင်ပြောနေကြတာထက်ကို တကယ်ဆွေးနွေးတဲ့ စားပွဲဝိုင်းပေါ် ရောက်ဖို့ လိုပါတယ်။ လူထုဟာ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ မပါဘဲနဲ့ ပိုပြီးတော့ ဒုက္ခတွေရောက်နေကြရင် ငြိမ်းချမ်းရေးဟာ ပိုပြီးမှ ဝေးဦးမယ်။ လူထုထိခိုက်မယ့် နစ်နာမယ့်ကိစ္စတွေကို အဖက်ဖက်က ရှောင်ကြည်ကြဖို့လိုတာပေ့ါလေ။ လူထုမျက်နှာကို ကြည့်ပြီးတော့ နှစ်ဘက်စလုံး ငြိမ်းချမ်းရေးစားပွဲဝိုင်းကို ရောက်ဖို့ ကျနော်တို့ အနေနဲ့ ပြောချင်ပါတယ်"

ရှမ်းပြည်နယ်အတွင်း တိုက်ပွဲတွေ ပြင်းထန်လာတာဟာ ရခိုင်ပြည်နယ်မှာ တပ်မတော်က တပ်အင်အားအလုံး အရင်းချထားမှုကို လျော့ကျစေလိုတာကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ရှမ်းပြည်နယ်အတွင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်လာတာဆိုတဲ့ ယူဆချက်တွေလည်း ရှိပါတယ်။

ဒီယူဆချက်တွေအပေါ် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ရဲ့ အကြံပေးဖြစ်သူ ဦးခွန်စိုင်း ပြောတာက

"ဒီကိစ္စလည်း ကျနော်တို့ မေးတဲ့အခါကျတော့ သူတို့အနေနဲ့ အရံတိုက်အင်အားတွေ ရှိထားပြီးသားပါ။ ရှိပြီးသား ဖြစ်ရဲ့နဲ့ အခုလောလောဆယ် မတိုက်သေးတာဖြစ်တယ်။ ဘာကြောင့်မတိုက်သေးတာ မသိဘူး။ အခုသြဂုတ်လ ကုန်အထိက အပစ်ခတ်ရပ်စဲရေး ကြေညာထားတော့ ဒီလကုန်တာကို စောင့်သလားဆိုတဲ့ မေးခွန်းတွေလည်း ရှိပါတယ်။ ဒီမေးခွန်းတွေရှိတဲ့ အခါကျတော့ ကျနော်တို့အနေနဲ့လည်း အဖြေကို ပညာရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးပြီး မေးဆဲပါပဲ။ အခုထိ ကျေနပ်လောက်တဲ့ အဖြေမရသေးဘူးလို့ပဲ ပြောပါရစေ"

တပ်မတော်ဘက်က  ပြီးခဲ့တဲ့ ဇူလိုင်လက ကွတ်ခိုင်မှာ မူးယစ်ဆေးဝါးတွေကို တပ်မတော်က အကြီးအကျယ် ဖမ်းမိတာရှိပြီး ဒါကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက လက်တုံ့ပြန်တဲ့အနေနဲ့ ပြင်ဦးလွင် တပ်မတော်နည်းပညာတက္ကသိုလ်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဆိုတဲ့ ပြောကြားချက်တွေလည်း ရှိပါတယ်။

ဒီနောက် ရှမ်းပြည်နယ်အတွင်း တပ်မတော်က နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်ပြီး တိုက်ပွဲတွေ ပြင်းထန် လာတာလို့ဆိုပါတယ်။

ဒါ့အပြင် တခြားသုံးသပ်မှုတွေမှာ မန္တလေး-မူဆယ် ကုန်ကူးလမ်းကို ပိတ်ဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက တိုက်ခိုက်မှုတွေ လုပ်ဆောင်လာတာဆိုတဲ့ ပြောဆိုမှုတွေလည်းရှိနေပြီး ဒီလိုဆောင်ရွက်မယ်ဆိုရင် အကျိုးအမြတ် ဆုံးရှုံးနစ်နာမှုများမယ့် တရုတ်နိုင်ငံဘက်က သဘောတူလက်ခံပါ့မလားလို့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

အခုလကုန်ဆိုရင် တပ်မတော်က ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်အတွင်းက စစ်တိုင်းဒေသကြီး ငါးခုမှာ အပစ် ရပ်ထားတာ ပြည့်တော့မှာဖြစ်ပြီး အပစ်ရပ်ကာလ သက်တမ်းပြည့်ရင် ရှမ်းပြည်နယ်အတွင်း တိုက်ပွဲတွေပိုပြင်း ထန်လာမလားဆိုတဲ့ စိုးရိမ်ချက်တွေလည်း ရှိနေပါတယ်။

ဒီအပေါ် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက

"သူတို့ပေါ်ပဲ မူတည်လိမ့်မယ်ဗျ။ အခုလောလောဆယ် တိုက်ပွဲဖြစ်နေတဲ့ နေရာတွေ ကြည့်မယ်ဆိုရင် အများအားဖြင့်က ပြည်ထောင်စုလမ်းမကြီးပေါ်မှာပဲ ဖြစ်နေတာများတယ်။ တပ်ကနေပြီး ထိုးစစ်ဆင်လို့တို့ ဘာတို့တို့ လက်တွေနဲ့ မကိုက်ညီကြောင်း တွေ့ပါလိမ့်မယ်။ ပြည်သူလူထုလုံခြုံရေးအတွက်က ကျနော်တို့ ဆက်ပြီးတော့ လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ အဓိက ကတော့ သူတို့ပေါ်မှာ မူတည်လိမ့်မယ်"

ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေဟာ လွယ်လွယ်နဲ့ ရပ်စဲသွားမယ့်အနေအထားလို့ မထင်ကြောင်း အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP က ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဒေါ်စောမြရာဇာလင်း ကပြောပါတယ်။

“အရင်ကထက်စာရင် ဒီအစိုးရလက်ထက်မှာ အားပျော့သွားတယ်လို့ သုံးသပ်သံတွေကြားရသလို ကျမတို့လည်း အားမလိုအားမရဖြစ်တာတွေ ရှိပါတယ်။ လက်ခုတ်ဆိုတာ တစ်ဘက်တည်း တီးလို့မမြည်ဘူး၊ နှစ်ဘက်တီးမှ မြည်တယ် စသည်အားဖြင့်ရှိပါတယ်။ ကျမတို့တိုင်းရင်းသားတွေဘက်ကလည်း ပွင့်ပွင့်လင်းလင်း ပြောဖို့ အချိန်ရောက်နေပြီလို့ ကျမထင်တယ်။ အစိုးရဘက်ကလည်း တပ်မတော်ဘက်ကလည်း ပြင်ဆင်ထားဖို့ လိုပါတယ်။ တိုင်းရင်းသားတွေဘက်က တောင်းဆိုလာလို့ရှိရင် ဘာတွေပေးသင့်လဲ။ ဘာတွေပေးမလဲ စသည်အားဖြင့်။ ကျမကတော့ ဒီလောက်ဖြစ်နေတာ လွယ်လွယ်ကူကူနဲ့ ပြီးမယ်လို့တော့ မထင်ပါဘူး။ အချိန်တော့ နည်းနည်းယူရမယ်။ ဒါပေမဲ့လို့ ဒီနေ့က ပြင်းထန်နေလို့ စိတ်သဘောထားရှိရင် မနက်ဖြန်လည်း ဆဲသွားနိုင်ပါတယ်။”

ရှမ်းပြည်နယ်အတွင်းက လားရှိုး၊ သိန်းနီ၊ ကွတ်ခိုင်နဲ့ နမ့်ခမ်းမြို့နယ်တွေမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် သေဆုံးသူ အရပ်သား ရှစ်ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၁၇ ဦး ရှိတယ်လို့ ရှမ်းပြည်နယ်( မြောက်ပိုင်း) လူသားချင်း စာနာထောက်ထားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က သြဂုတ်လ ၂၃ ရက်နေ့က ကြေညာချက်ထုတ်ထားပါတယ်။

အဲဒီနောက်ပိုင်း သြဂုတ်လ ၂၆ ရက်နေ့ညက ကွတ်ခိုင်မြို့နယ်၊ ပန်ဆေးရွာအတွင်း လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့တာကြောင့် ဒေသခံ တစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်ရှင်။

(RFA သတင်းထောက် မဝေမာထွန်း ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။