ငြိမ်းချမ်းရေးဆွေးနွေးဖို့ စစ်ကောင်စီ ဖိတ်ခေါ်ချက် မယုံရဘူးလို့ ပြင်ပလေ့လာသူတွေသုံးသပ်
2022.02.08

ထာဝရငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ခြင်းနဲ့ စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားကို ဖိတ်ကြားခြင်းဆိုတဲ့ ထုတ်ပြန်ချက်တစ်ရပ်ကို စစ်ကောင်စီက ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီကြေညာချက်ထဲမှာ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားတဲ့အဖွဲ့တွေမှအပ NCA လက်မှတ်ထိုးထားတဲ့အဖွဲ့တွေရော NCA ထိုးမထားတဲ့အဖွဲ့တွေကိုပါ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဖိတ်ခေါ်ကြောင်း ဖော်ပြထားပါတယ်။
စစ်ကောင်စီဟာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နဲ့ အမျိုးသား ညီညွှတ်ရေးအစိုးရ(NUG)၊ NUG နဲ့ ဆက်စပ် ပတ်သက်နေတဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF နဲ့ PDF လက်အောက်ခံ အဖွဲ့အစည်းတွေကို အကြမ်းဖက်အဖွဲ့တွေအဖြစ် သတ်မှတ်ကြောင်း စစ်တပ်ပိုင် မြဝတီ ရုပ်သံက ၂၀၂၁ ခုနှစ် မေ ၈ ရက်ညပိုင်းမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နဲ့ အမျိုးသား ညီညွှတ်ရေးအစိုးရ (NUG)၊ မပါဘဲနဲ့ ငြိမ်းချမ်းရေးဆွေးနွေးခဲ့ရင် ဘယ်လိုသက်ရောက်မှုတွေရှိမလဲဆိုတာကို အမေရိကန်ပြည်ထောင်စု မင်နီဆိုးတား ပြည်နယ်၊ ကာလ်တန်ကောလိပ်၊ နိုင်ငံရေးသိပ္ပံဌာနမှူး တွဲဖက်ပါမောက္ခ ဒေါက်တာထွန်းမြင့်က အခုလို သုံးသပ်ပြပါတယ်။
"အရမ်းဆိုးသွားနိုင်တာပေါ့။ ဘာလို့လဲဆိုရင် ပြည်သူမပါဘူးဆိုတဲ့ စကားလုံး ဖြစ်သွားတာပေါ့။ ပြည်သူလူထုရဲ့ နေ့စဉ်ဘဝတင် မကဘူး။ ရဲတွေ စစ်သားတွေ ယူနီဖောင်းဝတ်ပြီး လက်နက်မပါဘဲနဲ့ ငြိမ်းငြိမ်းချမ်းချမ်း လမ်းပေါ် မလျှောက်ရဲအောင် လုပ်ထားတဲ့ တပ်မတော်က လုပ်တဲ့ ငြိမ်းချမ်းရေး ဆိုတော့ စဉ်းစားကြည့်ပေါ့။ သူတို့အနေနဲ့ သေနတ်နဲ့ ရမ်းကားတဲ့ လူမဆန်တဲ့ပုံစံမျိုးတွေနဲ့၊ မိုက်ရိုင်းတဲ့ မူဝါဒတွေနဲ့ ပြည်သူကို သတ်ဖြတ်နေပြီးတော့၊ အသက်အိုးအိမ်တွေကို ဖျက်ဆီး၊ ရွာတွေကို မီးရှို့နေပြီးတော့ ငြိမ်းချမ်းရေးကို ပြည်သူရွေးချယ်တင်မြှောက်ထားတဲ့ CRPH, NUG, NLD ပါတီဝင်တွေ မပါဘဲနဲ့ လုပ်မယ်ဆိုလို့ရှိရင် ဒါက စကားလုံးအရ ငြိမ်းချမ်းရေးကို အသုံးပြုတဲ့ ဥစ္စာတခုပဲ။ အဲဒါကို ယောင်ဝါးပြီးတော့ လိုက်မိတဲ့ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးပါတီတွေ၊ EAO တွေအနေနဲ့ ဘာဖြစ်သွားနိုင်သလဲဆိုတာ သူတို့ကိုယ် သူတို့ အသိဆုံးနေမှာပါ။ ကျနော် ရှင်းပြစရာ မလိုဘူးလို့ ထင်ပါတယ်"
CRPH, NUG နဲ့ PDF အဖွဲ့တွေမပါဘဲ ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးမယ်ဆိုရင် ငြိမ်းချမ်းရေး ရဖို့ဆိုတာ စိတ်ကူးယဉ်လို့တောင် ရနိုင်မှာ မဟုတ်ဘူးလို့ အမေရိကန်ပြည်ထောင်စု၊ အင်ဒီယားနားပြည်နယ်မှာ နေထိုင်တဲ့ နိုင်ငံရေးသုံးသပ်သူ ဒေါက်တာတင့်ဆွေက ပြောပါတယ်။
"ဒီကနေ့ နိုင်ငံရေးမှာ CRPH တို့ NUG တို့ ပြီးတော့ အဖွဲ့တွေက တကယ်အနစ်နာခံ အသေခံပြီး ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းတွေဖြစ်တယ်။ တကယ်လို့ စစ်ကောင်စီက အပစ်အခတ်ရပ်စဲရေး ခေါင်းစဉ်အောက်က သွားရင်တော့ အစိုးရတို့ လွှတ်တော်တို့ မပါတာ ကိစ္စမရှိသေးဘူး။ အခုက နိုင်ငံတစ်နိုင်ငံလုံးနဲ့ ဆိုင်တယ်။ နောက်တစ်ချက်က ထာဝရဆိုတဲ့ စကားလုံးကလည်းပါတော့ ငြိမ်းချမ်းရေးမှာ နိုင်ငံရေး အင်အားစုအားလုံး မပါဘဲနဲ့တော့ ဘယ်လိုနည်းနဲ့မှ ငြိမ်းချမ်းရေးဆိုတာ စိတ်ကူးယဉ်လို့တောင် ရမယ်လို့ ကျနော်မထင်ပါဘူးခင်ဗျ"
စစ်ကောင်စီဟာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၇ ရက်နဲ့ ၈ ရက်နေ့မှာ မြန်မာနိုင်ငံကို အလုပ်သဘောရောက်လာတဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန် နဲ့တွေ့ဆုံအပြီး နှစ်နိုင်ငံသဘောတူညီချက်မှာ ၂၀၂၂ နှစ်ကုန်ပိုင်း အထိ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆောင်ရွက်ပေးမယ်လို့ ကြေညာခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေထဲမှာ ဇန်နဝါရီလအတွင်း တိုက်ပွဲပေါင်း ၄၃၅ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNU က ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီ ဘက်က ၃၉၉ ယောက် သေဆုံးပြီး ၃၁၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့သလို KNU ဘက်က ခုနှစ်ယောက် သေဆုံး ပြီး ၂၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ချင်းပြည်နယ်ထဲမှာလည်း ဇန်နဝါရီလ နောက်ဆုံးပတ်အတွင်းက တိုက်ပွဲတွေကြောင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ် ပြည်နယ်ထဲကို တစ်ပတ်အတွင်း စစ်ဘေးဒုက္ခသည် ရှစ်ထောင်ဝန်းကျင်ထွက်ပြေးခဲ့ရတယ်လို့ ချင်းလူ့အခွင့် အရေးအဖွဲ့ (CHRO) က ဖေဖော်ဝါရီလ ၈ ရက်နေ့မှာပဲ ထုတ်ပြန်ခဲ့ပါတယ်။
"အပြောတခြား၊ အလုပ်တခြားလုပ်နေတဲ့ စကစရဲ့ ထုတ်ပြန်ချက်ကို ဘယ်လိုမှ ကျနော်တို့က ခရက်ဒစ် မပေးနိုင်ဘူး။ အယုံအကြည်လည်း မရှိဘူး။"
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာလည်း ရက္ခိုင့်တပ်တော် (AA) အခြေပြုထားတဲ့ နေရာတွေကို မြန်မာစစ်တပ် က ထိုးစစ်ဆင်လာတဲ့အတွက် ဖေဖော်ဝါရီ ၇ ရက်နေ့ ည ၁၁ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခ က RFA ကိုပြောပါတယ်။ တိုက်ပွဲကြောင့် ဒေသခံ အမျိုးသမီးတစ်ဦးနဲ့ လူငယ်တစ်ဦး သေဆုံးခဲ့ပါတယ်။
ဒီလိုအကြမ်းဖက်မှုတွေ ဆက်တိုက်လုပ်နေတဲ့အတွက် စစ်ကောင်စီက ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းချက်ဟာ ရိုးသားမှုမရှိဘူးလို့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG ရဲ့ အာဆီယံဆိုင်ရာ သံအမတ် ဦးဘိုလှတင့်က ထောက်ပြပါတယ်။
"ဒါဟာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးထဲမှာ နိုင်ငံရေး အကျိုးအမြတ်ထုတ်မှု တစ်ရပ်လို့ မြင်တယ်။ ဘာလို့လဲဆိုရင် သူတို့ မစ္စတာဟွန်ဆန်နဲ့ သဘောတူတဲ့ အချိန်မှာပင်လျှ End of the 2022 ထိ အပစ်အခတ် ရပ်စဲပါတယ်လို့ ပြောတယ်။ တချိန်တည်းမှာပင်လျှင် အင်မတန် ပြင်းထန်တဲ့ ထိုးစစ်တွေနဲ့ ရွာလုံးကျွတ် မီးရှို့တာတွေ အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်မှုတွေက ဆက်နေတယ်။ ဆိုတော့ ဒီလိုအပြောတခြား၊ အလုပ်တခြားလုပ်နေတဲ့ စကစရဲ့ ထုတ်ပြန်ချက်ကို ဘယ်လိုမှ ကျနော်တို့က ခရက်ဒစ် မပေးနိုင်ဘူး။ အယုံအကြည်လည်း မရှိဘူး။ သူတို့အားလုံး လုပ်ရမယ့်အလုပ်က ဒီနေ့အချိန်မှာ အာဆီယံကို ဗဟိုပြုပြီးတော့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို ဘယ်လောက်အထိ ရိုးရိုးသားသား အပြည့်အဝ ပူးပေါင်းဆောင်ရွက်မလဲဆိုတာကို ကတိကဝတ်ပြုဖို့ပဲရှိတယ်"
အခု စစ်ကောင်စီက ဖိတ်ခေါ်လိုက်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုဟာ နိုင်ငံရေးအမြတ်ထုတ်လိုမှုသာ ဖြစ်တယ်ဆိုတဲ့အချက်ကို ဒေါက်တာတင့်ဆွေကလည်း ထည့်ပြောသွားပါတယ်။
"အုပ်ချုပ်နေတဲ့သူ၊ တနည်းအားဖြင့် အာဏာကိုယူထားတဲ့ သူက ဦးစီးတဲ့ ငြိမ်းချမ်းရေး ဖြစ်ဖြစ်၊ အပစ်အခတ် ရပ်စဲရေး ဖြစ်ဖြစ်ဟာ ယာယီ သဘောဆောင်တဲ့၊ တနည်းအားဖြင့် နိုင်ငံရေး အမြတ်ထုတ်ချင်တဲ့ PR ခေါ်တာပေါ့ နော်။ လူမှုဆက်ဆံရေးစီ မံချက်တစ်ခုထက်မ ပိုတဲ့အတွက် ကျနော်ကတော့ စစ်ကောင်စီရဲ့ ကမ်းလှမ်းချက်ဟာ ပျော့တဲ့သူ၊ အားနည်းတဲ့သူ တဖွဲ့နှစ်ဖွဲ့က ပါချင်ပါသွားမှာ ဖြစ်ပေမဲ့ တိုင်းပြည်အတွက်ကတော့ ငြိမ်းချမ်းရေး အလားအလာက ပိုတောင်မှ ဆိုးချင်ဆိုးနိုင်တယ်လို့ မြင်ပါတယ်ခင်ဗျ"
NCA လက်မှတ် ထိုးထားတဲ့ ၁၀ ဖွဲ့ထဲက လက်ရှိ စစ်ကောင်စီနဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ချင်းအမျိုးသားတပ်ဦး CNF နှစ်ဖွဲ့က စစ်ကောင်စီကဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မတက်ဘူးလို့ ပြောကြပါတယ်။
NCA လက်မှတ်ထိုးထားမတဲ့ အဖွဲ့တွေထဲကတော့ KIO၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP၊ မြောက်ပိုင်း မဟာမိတ်တွေ ဖြစ်တဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA ၊ ကိုးကန့်အဖွဲ့ MNDAA နဲ့ ရက္ခိုင့်တပ်တော် AA တို့ကတော့ စစ်ကောင်စီရဲ့ စိန်ရတု ပြည်ထောင်စုအခမ်းအနားနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို တက်ဖို့မရှိဘူးလို့ ပြောကြပါတယ်။