ဗစ်တိုးရီးယားအမှုမှန်ပေါ်ပေါက်ရေး လူထောင်နဲ့ချီ ဆန္ဒပြ
2019.07.08

နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် သပြေကုန်းရပ်ကွက်က Wisdom Hill မူကြိုကျောင်းသူ ကလေးငယ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရတဲ့အမှုနဲ့ ပတ်သက်လို့ အမှန်တရားပေါ်ပေါက်ရေးနဲ့ တရားမျှတရေးအတွက် ဒီနေ့မနက်က မန္တလေးနဲ့ စစ်ကိုင်းမြို့မှာ လူထောင်ပေါင်းများစွာ လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။
“ကျနော်တို့အချက် ၃ ချက်ကို အဓိကတောင်းဆိုပါတယ်။ ဗစ်တိုးရီးယားအတွက် တရားမျှတမှုရရှိရေး၊ လူ့အဖွဲ့အစည်းမှာ တရားဥပဒေစိုးမိုးရေး၊ နောက်ထပ်ဗစ်တိုးရီးယားများ ထပ်မံမပေါ်ပေါက်ရေး” ကို တောင်းဆိုပါတယ်လို့ မန္တလေးမြို့က ဆန္ဒပြပွဲဦးဆောင်သူတဦးဖြစ်တဲ့ ကိုပြည့်စုံအောင်က ပြောပြပါတယ်။ သူတို့ ဆန္ဒပြပွဲကို ၆၆ လမ်းနဲ့ ၃၅ လမ်းထောင့်ကနေ ဟစ်တိုင်ကွင်းထိ ချီတက်ခဲ့ကြပြီး လူပေါင်း ငါးထောင်ကျော်ပါဝင်ခဲ့တယ်လို့ပြောပါတယ်။ အဲဒီပွဲမှာ အဆိုတော်မွန်းအောင်လည်း ပါဝင်ခဲ့ပါတယ်။
“ကျနော် ဒီနေ့ပါဝင်ရတဲ့ အဓိကရည်ရွယ်ချက်ကတော့ ဗစ်တိုးရီးယား တယောက်တည်းမှ မဟုတ်ပါဘူး။ ဗမာပြည်မှာ ကလေးငယ်တွေ အများကြီးရှိတယ်ပေါ့။ ဒီကလေးတွေရဲ့လုံခြုံရေးပေါ့။ လူ့အဖွဲ့အစည်းမှာ စိတ်ချလက်ချ လုံလုံခြုံခြုံနေနိုင်တဲ့ အနေအထားတခုကို ကျနော်က ဖြစ်စေချင်တယ်။ နောက်တခုကလည်း ဒီကလေးကိစ္စမှမဟုတ်ပါဘူး။ ဒီမိုကရေစီကို ထူထောင်မယ်ဆိုလို့ရှိရင် တရားမျှတမှုမရှိရင် ဒီမိုကရေစီဆိုတာ ဘယ်တော့မှဖြစ်မလာနိုင်ဘူး။ ဆိုတော့ ကျနော့်အမြင်မှာတော့ ဗစ်တိုးရီးယားအပါအဝင် ကလေးတွေ အားလုံးအတွက်ရော၊ ဗမာပြည်မှာရှိတဲ့ ပြည်သူသားတွေရော တရားမျှတမှု၊ အမှန်တရား အရေးကြီးတယ် ထင်လို့ ကျနော်ပါဝင်တာပါ ” လို့ ကိုမွန်းအောင် ကပြောပါတယ်။
ဆန္ဒပြပွဲမှာ မန္တလေးအမျိုးသမီးနိုင်ငံရေးအင်အားစုကလည်း ပါဝင်ခဲ့ပါတယ်။
“သာမန်ပြည်သူတွေကပေါ့လေ။ ဒီဥပဒေရဲ့ကာကွယ်မှုကို ဘယ်တော့မှမရဘူးဆိုတာ ဒီအဖြစ်အပျက်က သက်သေပြနေတယ်။ ပြီးတော့ ပြည်သူတွေက ဒီလိုမတရားမှုတွေကို အမြဲတမ်းစိုးရိမ်နေရတယ်ဗျာ။ ကိုယ့်ကိုယ်ကိုလည်း မလုံမခြုံပုံစံမျိုး ခံစားနေရတယ်။ အဲဒါကြောင့် အဖြစ်အပျက်တွေက ဗစ်တိုးရီးယားမှာ ကွက်ကွက်ကွင်းကွင်းပြနေတယ်လို့ ကျနော်တို့ စိတ်ထဲမှာခံစားရတယ်။ အဲတော့ တရားဥပဒေရဲ့တဖက်စောင်းနင်းမှုတွေ အခုချိန်ထိ အသက်ဝင် နေတယ်ဆိုတာ သူတို့ဘက်က တိတိကျကျထုတ်ပြသလို၊ ပြည်သူတွေဘက်က မတရားတဲ့အမှုမှန်သမျှ ဆက်လက်ကန့်ကွက်ဆန့်ကျင်ရှုတ်ချသွားမယ်ဆိုတာ ပြန်လည်ထုတ်ပြတဲ့ပွဲလို့ ကျနော်တို့ကတော့ ပြောချင်တယ် ” လို့ အဖွဲ့က မရွှေစင်ဇော်ဝင်းကပြောပါတယ်။
စစ်ကိုင်းဆန္ဒပြပွဲမှာတော့ လူပေါင်း လေးရာကျော် ပါဝင်တာတွေ့ရပါတယ်။ ဒါနဲ့ပတ်သက်လို့ ဆန္ဒပြပွဲ ဦးဆောင်ခဲ့တဲ့ ဒေါ်စုရည်အောင်က …..
“ဗစ်တိုးရီးယားလေးဟာ တဦးတယောက်နဲ့သက်ဆိုင်တာ မဟုတ်ဘူး။ မိခင်တိုင်း ဖခင်တိုင်း အမှန်တရားကို မြတ်နိုးသူတိုင်း တရားဥပဒေစိုးမိုးရေးအတွက် တာဝန်ရှိတယ်ထင်လို့ ဒီဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်ဖြစ်တာပါ” လို့ပြောပါတယ်။
အခုလှုပ်ရှားမှုတွေနဲ့ပတ်သက်လို့ Triangle women အဖွဲ့ဦးဆောင်သူ ဒေါ်ခင်လေးက …
“နေပြည်တော်က သမီးလေးကိစ္စမှာ ဘယ်သူကျူးလွန်တယ်။ ဘယ်သူမကျူးလွန်ဘူးဆိုတာ ကျမတို့လည်း မသိဘူး။ ဒါပေမဲ့ အမှုသွားအမှုလာတွေနဲ့ သံသယဖြစ်စရာကိစ္စတွေဟာ မီဒီယာတွေနဲ့ အင်တာဗျူးတွေမှာရယ် ကာယကံရှင်တွေရဲ့ ထုတ်ဖော်ပြောဆိုမှုတွေမှာ သွားပြီးတော့ သဲလွန်စလိုဖြစ်တဲ့အခါကျတော့ ငွေကြောင့်ပဲဖြစ်စေ၊ အာဏာပါဝါကြောင့်ပဲဖြစ်စေ တရားမျှတမှုမရှိတဲ့ တရားစီရင်ရေးဖြစ်သွားမှာကို ကျမတို့ကစိုးရိမ်တဲ့အတွက် ဒါကိုတောင်းဆိုတယ်။ ဒါကြောင့်လည်း အမျိုးသမီးအဖွဲ့အစည်းတွေရော အရပ်ဖက်အဖွဲ့အစည်းတွေ အပါအဝင် တတိုင်းပြည် လုံးက နှလုံးသားရှိတဲ့သူတွေအားလုံးက ဒီကိစ္စကို အမြန်ဆုံးပေါ်ပေါက်အောင်ဆိုပြီး ဝိုင်းဝန်းတောင်းဆိုတာဖြစ်ပါတယ်” လို့ပြောပါတယ်။
အခုဆိုရင် ဗစ်တိုးရီးယားလို့ အမည်ဝှက်ပေးထားတဲ့ ကလေးငယ်ဖြစ်ရပ်နဲ့ပတ်သက်လို့ ပြည်သူတွေကြားမှာ၊ မကျေနပ်ချက်တွေ၊ စိုးရိမ်စိတ်တွေ၊ တရားမျှတမှုတောင်းဆိုတာတွေ မြင့်တက်လာပါတယ်။ ဒီအမှုနဲ့ပတ်သက်လို့ သက်ဆိုင်ရာက စနစ်တကျ ကိုင်တွယ်ဆောင်ရွက်နေပါတယ်လို့ ပြီးခဲ့တဲ့သောကြာနေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ သမ္မတရုံး သတင်းစာရှင်းလင်းပွဲမှာပြောထားပါတယ်။ ဒါပေမဲ့လည်း ပြည်သူတွေကတော့ သံသယဖြစ်နေပြီး၊ ပြည်ထဲရေးဌာနနဲ့ တရားရေးဌာနတို့က ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာကို နေ့စဉ်နဲ့အမျှစောင့် ကြည့်နေတာလည်း တွေ့ရပါတယ်။
(RFA ဝိုင်းတော်သား ကိုနေရိန်ကျော် စုစည်းတင်ပြသည်)