USDP လက်ထက် ဧရာဝတီတိုင်းအစိုးရဟောင်းရဲ့ လက်ကျန်ရန်ပုံငွေကိစ္စ


2018.10.19

ကြံ့ခိုင်ဖ့ွံဖြိုးရေးပါတီ အစိုးရလက်ထက် ဧရာဝတီတိုင်း  အစိုးရအဖွဲ့ဟောင်းက လွှဲပြောင်းပေးဖို့ ကျန်ရှိနေတဲ့ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း ၅သောင်း၂ ထောင်ကို ဒီနေ့ကစပြီး ရက်ပေါင်း ၆ဝ အတွင်း ပြန်ပေးဖို့ လက်ရှိ တိုင်းအစိုးရအဖွဲ့က ညွှန်ကြားထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စိတ်ဝင်တစား စောင့်ကြည့်နေကြတယ်လို့ ဧရာဝတီတိုင်း လွှတ်တော် ကိုယ်စားလှယ်တွေ က ပြောပါတယ်။ RFA သတင်းထောက် မသီရိမင်းဇင် စုစည်းတင်ပြထားပါတယ်။

ဝန်ကြီးချုပ် ဦးသိန်းအောင် ဦးဆောင်တဲ့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဟောင်းက လက်ရှိတိုင်းအစိုးရကို လွှဲပြောင်းပေးဖို့ ကျန်ရှိနေတဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သိန်း ၅ သောင်း ၂ ထောင်ကို ငွေသားအနေနဲ့သာ ပြန်လက်ခံဖို့ လက်ရှိတိုင်းဒေသကြီး အစိုးရအဖွဲ့က ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။

အဲဒီရန်ပုံငွေတွေကို အရင်တိုင်းအစိုးရဟောင်းက ဧရာဝတီ ကျန်းမာ၊ ပညာဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းဆီကို လွှဲပြောင်းပေးသွားခဲ့တာလည်း ဖြစ်ပါတယ်။

အစိုးရဟောင်းရဲ့ အဆိုအရ အဲဒီငွေတွေထဲကတချို့ကို ဘဏ်ထဲမှာအပ်ထားသလို ကုမ္ပဏီတွေနဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ထားတာတွေ၊ ဒေသဖွံ့ဖြိုးရေးအတွက် ထုတ်ချေးထားတာတွေကို ဖောင်ဒေးရှင်းဘက်က လုပ်ဆောင်ထားတယ်လို့လည်း သိရပါတယ်။

တိုင်းလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ အတွင်းရေးမှူး၊ အိမ်မဲမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ရီရီထွန်းက အခုလို ပြောပါတယ်။

"သိထားတာတော့ သူတို့ဖက်ကနေ အကြွေးစာရင်းတွေရှိတယ်၊ အစုရှယ်ယာတွေနဲ့ လုပ်ထားတာတွေရှိတယ် ဆိုတဲ့ပုံစံမျိုးလေ၊ ဒီမြို့နယ်တွေမှာလည်း ဖွံ့ဖြိုးရေးလုပ်ငန်းတွေနဲ့ ကြွေးစာရင်းတွေရှိတယ်လို့ ကြားရတယ်၊ အဲစာရင်းတွေနဲ့ လွှဲပြောင်းမယ်လို့ ပထမတစ်ခါကြားတယ်၊ အခုနောက်ဆုံးသိထားတဲ့ အခြေအနေကတော့ လက်ရှိအစိုးရကနေ ငွေသားပဲပြန်လည်လက်ခံရရှိဖို့အတွက်ကို သူတို့ကို နောက်ဆုံးသတိပေးစာပေါ့နော်၊ ထုတ်ထားတယ်လို့ သိရတယ်"

ဘဏ်မှာအပ်ထားတဲ့ငွေတွေနဲ့ ကုမ္ပဏီတွေနဲ့ အကျိုးတူပူးပေါင်း ဆောင်ရွက်ထားတဲ့ငွေတွေကို ရက်ပေါင်း ၃၀ အတွင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် ထုတ်ချေးထားတဲ့ငွေတွေကို ရက်ပေါင်း ၆၀ အတွင်း ပြန်ပေးဖို့ဆိုပြီး တိုင်းအစိုးရ အဖွဲ့က ဖောင်ဒေးရှင်းကို ညွှန်ကြားထားပါတယ်။

အဲဒီကိစ္စကို မေးမြန်းဖို့အတွက် RFA က ဧရာဝတီတိုင်း စီမံဘဏ္ဍာဝန်ကြီးကို ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေ မယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဒါပေမဲ့ ဒီနေ့ နေ့လယ်ပိုင်းမှာ ဖောင်ဒေးရှင်း တာဝန်ရှိသူတွေက စီမံဘဏ္ဍာဝန်ကြီးနဲ့ လာရောက်တွေ့ဆုံခဲ့ပြီး အစိုးရက သတ်မှတ်ထားတဲ့အတိုင်း ပြန်လည်ပေးအပ်သွားမယ်ဆိုပြီး ပြောကြားခဲ့ကြောင်း ပြည်တွင်းထုတ် သတင်းတွေမှာ ဖော်ပြတာကို တွေ့ရပါတယ်။

အရင်အစိုးရလက်ထက်က ဧရာဝတီတိုင်းရဲ့ ဖွံ့ဖြိုးရေး ရန်ပုံငွေတွေကို အသုံးပြုပြီး ဘာတွေဆောင်ရွက်ခဲ့သလဲ ဆိုတာကို ပြည်သူတွေသိအောင် ချပြပေးဖို့ ဖျာပုံမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဇေယျာမင်းသိန်းက တိုင်းဒေသကြီး လွှတ်တော်မှာ ၂၀၁၆ ခုနှစ် ဇူလိုင်လက မေးခွန်းမေးမြန်းခဲ့တာ ဖြစ်ပါတယ်။

ဦးဇေယျာမင်းသိန်း က RFA ကို အခုလို ပြောပါတယ်။

"စောင့်ကြည့်နေတာပေါ့၊ ဒါက အရေးကြီးတဲ့ဟာပဲ၊ ကျနော့်အနေနဲ့လည်း ဒါကျနော် ကိုယ်တိုင်မေးထားတဲ့ မေးခွန်းပဲလေ၊ အဲဒီအတွက် မျှော်လင့်တာပေါ့၊ ဧရာဝတီတိုင်းအစိုးရအတွက် အထောက်အပံ့တစ်ခုဖြစ်တာပဲလေ၊ တိုင်းအတွက် အကျိုးရှိမယ့်ဟာတစ်ခုခု ကျနော်တို့ ပြန်လုပ်ရမှာပေါ့၊ ပြည်သူအကျိုးရှိမယ့်ဟာ တစ်ခုခုပေါ့၊ ကြာတော့ကြာသွားတာပေါ့နော်၊ ဒါပေမဲ့လည်း သူတို့လုပ်ထုံးလုပ်နည်းအရ ဆောင်ရွက်တယ်၊ ပထမတော့ တိုင်းဒေသကြီးအဆင့်ဗျ၊ အဲကနေ နိုင်ငံတော်သမ္မတရဲ့ လမ်းညွှန်ချက်နဲ့ စစ်ဆေးတော့မှပဲ ရှေ့ရောက်သွား တယ်ပေါ့ဗျာ"

အဲဒီနောက်ပိုင်း တိုင်းလွှတ်တော်မှာ တင်ပြလာတဲ့ ၂၀၁၅-၂၀၁၆ စာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာမှာ အဲဒီရန်ပုံငွေတွေ စာရင်းပျောက်နေတဲ့အတွက် ညောင်တုန်းမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါ်နီနီမိုး က ထပ်မံမေးမြန်း ခဲ့ပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဒေါ်နီနီမိုးက အခုလို ပြောပါတယ်။

"ဦးဇေယျာမင်းသိန်း မေးမြန်းခဲ့တုန်းက ဝန်ကြီးချုပ်က ဦးမန်းဂျော်နီ လက်ထက်၊ မေးသာမေးခဲ့ပေမယ့် အကောင်အထည် မဖော်ခဲ့ဘူးပေါ့နော်၊ အဲအတွက် ကျမတို့က အဲနှစ်ထဲမှာပဲ စာရင်းစစ်ချုပ် အစီရင်ခံစာ တင်သွင်းတဲ့ပေါ်မှာ ၅.၂ ဘီလီယံကြီးက ပျောက်နေတယ်ပေါ့နော်၊ ကျမကိုယ်တိုင် လွှတ်တော်ထဲမှာ တရားဝင် ထမေးပါတယ်၊ မေးတဲ့အခါမှာ စာရင်းစစ်ချုပ်က သူဖြေကြားပိုင်ခွင့် မရှိပါဘူးဆိုပြီးတော့ ဖြတ်ချခဲ့တယ်၊ အဲအချိန်တည်းက ဒါကြီးက ပျောက်သွားတာပေါ့နော်၊ သမ္မတ ဦးဝင်းမြင့် လက်ထက်ကျမှ ဒီကိစ္စကိုပေါ့နော်၊ ကျမတို့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပြည်သူတွေနဲ့ ပူးပေါင်းပြီး ဒါကို အစပြန်ဖော်ရင်းနဲ့ အစိုးရပိုင်းကပါ ပူးပေါင်းပြီးတော့ ဖော်ကြတာ"

အဲဒီရန်ပုံငွေတွေ ပြန်ရရင် ၂၆ မြို့နယ် အညီအမျှခွဲပြီး ဒေသဖွံ့ဖြိုးရေးအတွက်သုံးဖို့ လွှတ်တော် ကိုယ်စားလှယ်တွေ က မျှော်လင့်နေကြောင်းလည်း ဒေါ်နီနီမိုးက ဆက်ပြောပါတယ်။

" ဒီဟာကို ရမယ်ဆိုရင် ၂၆ မြို့နယ် ခွဲမယ်ပေါ့နော်၊ ကျမတို့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အိပ်မက်တွေပေါ့၊ ကျေးလက်လမ်းတွေက အရမ်းလိုအပ်နေတယ်လေ၊ ရလာလို့ရှိရင် အဲဒီနေရာတွေမှာ သုံးမယ်ပေါ့၊ ကျမတို့က လည်း အဲဒီရည်ရွယ်ချက်တွေနဲ့ မျှော်လင့်ကြတာပေါ့"

အဲဒီနောက် ဧရာဝတီတိုင်းအစိုးရအဖွဲ့ကနေ တိုင်းဒေသကြီး စာရင်းစစ်ချုပ်ကို အဲဒီရန်ပုံငွေတွေကိစ္စကို ပြန်လည် စစ်ဆေးဖို့ တာဝန်ပေးခဲ့ပါတယ်။

နောက်ပိုင်းမှာ နိုင်ငံတော် သမ္မတ ကိုယ်တိုင်က တိုင်းနဲ့ ပြည်နယ်အားလုံးမှာရှိတဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေတွေကို ပြန်လည်စစ်ဆေးဖို့အတွက် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးကို တာဝန်ပေးအပ်ခဲ့ပါတယ်။

ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးရဲ့ စစ်ဆေးတွေ့ရှိချက်တွေအရ အဲဒီရန်ပုံငွေ ကျပ်သိန်း ၅ သောင်း ၂ ထောင်ကို ပြန်လည်တောင်းယူဖို့ သမ္မတရုံးကတဆင့် ဧရာဝတီတိုင်းအစိုးရအဖွဲ့ကို ဒီ ၂၀၁၈ နှစ်လယ်ပိုင်းလောက်မှာ လမ်းညွှန်ခဲ့တာ ဖြစ်ပါတယ်ရှင်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။