စစ်အာဏာသိမ်းအပြီး ပြန်လည်လှုပ်ရှားလာတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ
2023.03.02

ပြည်သူထောက်ခံတဲ့ NLD ပါတီဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ ဖိနှိပ်မှုကြောင့် ပါတီရှင်သန်ရပ်တည်ရေး ရုန်းကန်နေရချိန်မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ (USDP) ကတော့ တစ်နိုင်ငံလုံးမှာ စည်းရုံးလှုံ့ဆော်မှု တွေလုပ်ပြီး ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်နေပါတယ်။
ပါတီဥက္ကဋ္ဌသစ် ဦးခင်ရီဟာ တစ်နိုင်ငံလုံးအနှံ့မှာ လူငယ်တွေ့ဆုံပွဲ၊ ပါတီဝင်အဟောင်းရော အသစ်နဲ့ပါ တွေ့ဆုံပွဲ၊ တိုင်းရင်းသားလူငယ်တွေနဲ့ တွေ့ဆုံတာအပါအဝင် တွေ့ဆုံပွဲ များစွာလုပ်ပြီး စည်းရုံးရေးလုပ်လာပါတယ်။
"ပြည်သူတွေရဲ့ ခံစားမှုကိုလည်း သိပ်ပြီးဂရုစိုက်တာ မဟုတ်ဘူး။ အဓိကကတော့ ရွေးကောက်ပွဲဖြစ်ဖို့နဲ့ အာဏာရဖို့ပေါ့”
ပါတီကို ဒုတိယမိခင်အဖြစ် သဘောထားကြဖို့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့က ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့ USDP ပါတီရုံး ခန်းမမှာပြုလုပ်တဲ့ ပါတီဝင်အသစ် ၄၆၀ အသိအမှတ်ပြုလွှာ ပေးအပ်ပွဲမှာ ပါတီဥက္ကဋ္ဌ ဦးခင်ရီက ပြောခဲ့ပါတယ်။
“အဖေ၊ အမေကမွေးလို့ ကြီးလာတယ်။ ဒါပထမဘဝ။ မင်းတို့ဘဝရဲ့ရှေ့ရေးအတွက် နိုင်ငံ့တာဝန်တွေကို ထမ်းဆောင်နိုင်ဖို့အတွက် ဆက်ပြီးလက်တွဲသွားရမှာက တို့ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ။ အဲဒါ ဒုတိယ မိဘ၊ ဒုတိယ မိခင်ပဲ။ မွေးကတည်းက အဖေ၊ အမေ ကျေးဇူးရှိတယ်။ မင်းတို့ရဲ့ ကျွေးကျေးဇူးရှင်။ နိုင်ငံတော်ရဲ့ အလုပ်အကျွေးပြုနိုင်အောင် ပြုနိုင်တဲ့ စွမ်းအားတွေဖြစ်အောင် ဆောင်ရွက်ပေးမှာက ဟောဒီပါတီ။ ဒီပါတီဟာ မင်းတို့ရဲ့ဒုတိယ မိခင်လို့ စိတ်ထဲမှာ သဘောထားပြီးတော့ ဒီပါတီရဲ့ ကောင်းကျိုးတွေကို ဆောင်ရွက်ဖို့လိုတယ်”
အဲဒီ တွေ့ဆုံပွဲမှာပဲ ပါတီဝင်အသစ်တွေအနေနဲ့ ရင်ထဲအသည်းထဲမှာ ခြင်္သေ့စိတ်ဓာတ် ကိန်းဝပ်နေအောင် ကြိုးစားပေးကြဖို့နဲ့ NLD အစိုးရလက်ထက်မှာ မဲမသမာမှုတွေရှိလို့ အာဏာသိမ်းရကြောင်းကိုပါ ဦးခင်ရီက အကျယ်တဝင့် ရှင်းလင်းပြောဆိုခဲ့ပါတယ်။
USDP ပါတီရဲ့ နေပြည်တော်ဥက္ကဋ္ဌ ဦးလှဆွေကတော့ PDF တွေ နယ်မြေမစိုးမိုးနိုင်တဲ့ နေရာတွေမှာ ပါတီတစ်ရပ်အနေနဲ့ အမြဲသက်ဝင်လှုပ်ရှားအောင် ဆောင်ရွက်နေတာလို့ RFA ကို ပြောပါတယ်။
“ဒီပါတီက နံပါတ်တစ်က မြို့နယ်တိုင်းမှာ ရှိတယ်ပေါ့နော်။ မြို့နယ်တိုင်းမှာရှိပြီးတော့ ရွေးကောက်ပွဲ ပြီးတဲ့အချိန်မှာရော၊ ကိုဗစ်ကာလကြီးမှာရော အခုလို တစ်နိုင်ငံလုံး မလုံမခြုံဖြစ်နေတဲ့ အချိန်မှာရောကျတော့ လုံခြုံတဲ့နေရာတွေ တရားဥပဒေစိုးမိုးတဲ့ နေရာတွေပေါ့။ PDF တွေမရှိတဲ့ PDF တွေ အားမသာတဲ့နေရာတွေမှာ ကျနော်တို့ပါတီက လှုပ်ရှားမှုတွေ များများလုပ်ပေးတာပေါ့ဗျာ။ ဒါကတော့ နိုင်ငံရေး သဘောတရားအရ ပါတီတစ်ခုက အသက်ဝင်ပြီး လှုပ်ရှားနေမှ ပြည်သူလူထုက Attraction ဖြစ်တာပေါ့ဗျာ။ ဒီတိုင်းကြီးပဲ ရွေးကောက်ပွဲနီးတာမှ ထလုပ်တယ်ဆိုလို့ ရှိရင်လည်း ဒီကောင်တွေကွာ မဲလိုချင်မှ လာတယ်ဆိုပြီးတော့ ပြောတယ်ဗျ”
ပါတီအနေနဲ့ စစ်တပ်နဲ့နီးစပ်ပေမယ့် လုံခြုံရေးတောင်းခံတာမျိုးမလုပ်ဘဲ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ကိုယ့်ပါတီ လူငယ်တွေကို အသုံးပြုပြီး အရိပ်အခြေကြည့် သွားလာ လှုပ်ရှားနေတယ်လို့လည်း ဦးလှဆွေက ဆိုပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း သဘောထားပျော့ပြောင်းတဲ့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနေရာမှာ ရဲချုပ်ဟောင်း ဦးခင်ရီနဲ့ အစားထိုးလိုက်ပြီး ၂၀၂၃ ရွေးကောက်ပွဲအလွန်မှာ စစ်တပ်နဲ့ စစ်တပ်ကျောထောက်နောက်ခံ USDP ပါတီတို့ အာဏာဆက်ယူနိုင်ဖို့ လုပ်လာတယ်လို့ လေ့လာသူတွေက ထောက်ပြကြပါတယ်။
ဦးခင်ရီ ဥက္ကဋ္ဌဖြစ်လာပြီးနောက်ပိုင်း စစ်ကောင်စီခေါင်းဆောင်ရဲ့ လူရင်း၊ လူယုံဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းဟာ ပါတီဒုတိယဥက္ကဋ္ဌ ဖြစ်လာသလို ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုးကတော့ ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဖြစ်လာပါတယ်။
အခုလိုအခြေအနေမှာ လှုပ်ရှားမှုတွေပိုလုပ်လာနိုင်တာ စစ်တပ်ရဲ့ ကျောထောက်နောက်ခံ ကြောင့်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ရန်ကုန်တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးဘိုဘိုဦးက ပြောပါတယ်။
“ကြံ့ခိုင်ရေးပါတီဟာ ဒီလိုအခြေအနေကျမှ ပိုပြီးတော့ လုပ်ဆောင်မှုတွေ ပိုလုပ်လာ နိုင်တယ်ဆိုတာ Activity တွေ ပိုရှိလာတယ်ဆိုတာက ရှင်းပါတယ်။ စစ်တပ်ရဲ့ ကျောထောက်နောက်ခံနဲ့ စစ်တပ်ကို အကျိုးပြုမယ့်သူတွေက စစ်ဘောင်ကျယ် နေတဲ့အချိန်မှာ စစ်တပ်ကနေပြီးတော့ တရားဥပဒေစိုးမိုးမှု မရှိဘဲနဲ့ ပြည်သူလူထုအပေါ် အနိုင်ကျင့်နေတဲ့အချိန်မှာ ခေါင်းထောင်လာနိုင်ပါတယ်။ အချိန်တန်ရင်တော့ သူတို့လည်း ပျောက်သွားမှာပါ”
လက်ရှိ စစ်ကောင်စီ စီစဉ်နေတဲ့ ရွေးကောက်ပွဲဟာလည်း ၂၀၁၀ ရွေးကောက်ပွဲလို လွယ်လွယ်နဲ့ အောင်မြင်မှုမရနိုင်သလို နိုင်ငံတကာ အသိအမှတ်ပြုမှုလည်း ရမှာမဟုတ်ဘူးလို့ ဦးဘိုဘိုဦးက ဆိုပါတယ်။
စစ်ကောင်စီက အသစ်ပြဋ္ဌာန်းလိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ်မှာ နိုင်ငံရေးပါတီတွေအပေါ် ကန့်သတ်ချက်တွေအများကြီး ထပ်တိုးလိုက်ပေမယ့် USDP ပါတီကတော့ ရွေးကောက်ပွဲကော်မရှင်ထံမှာ ချက်ချင်းမှတ်ပုံပြန်တင်နိုင်ခဲ့ပါတယ်။
USDP ပါတီဟာ စစ်အာဏာသိမ်းထားချိန် အခွင့်ကောင်းယူပြီး ပါတီတည်ဆောက်ရေးကို အားသွန်ခွန်စိုက်လုပ်နေတာဟာ ရွေးကောက်ပွဲပြီးရင် အာဏာရရှိဖို့ဖြစ်တယ်လို့ ရခိုင်အမျိုးသားပါတီ (ANP) ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်ဟောင်း ဦးဖေသန်းက ပြောပါတယ်။
“ပြည်ခိုင်ဖြိုးပါတီကတော့ လွှတ်တော်နှစ်ဆက်စလုံးမှာ သူ့အနေနဲ့ အရှုံးနဲ့ပဲ ရင်ဆိုင်ခဲ့ရတယ်။ အဲဒါကြောင့် ဒီအချိန်မှာ သူတို့အတွက် အခွင့်အလမ်းတစ်ခု ဖြစ်နေတယ်။ အဲဒါကြောင့်လည်းပဲ စစ်တပ်ကလည်းပဲ အဲဒီအခွင့်အရေးကို ပေးထားတယ်ပေါ့။ သူတို့အနေနဲ့ကတော့ ဒီအချိန်မှာ ပါတီတည်ဆောက်ရေးလုပ်ငန်းကို အားသွန်ခွန်စိုက် လုပ်နေတာမြင်ရတာပေါ့။ သူတို့အနေနဲ့ ဘာမှပြဿနာမရှိဘူး။ ပြည်သူတွေရဲ့ ခံစားမှုကိုလည်း သိပ်ပြီးဂရုစိုက်တာ မဟုတ်ဘူး။ အဓိကကတော့ ရွေးကောက်ပွဲဖြစ်ဖို့နဲ့ အာဏာရဖို့ပေါ့”
စစ်ကောင်စီအနေနဲ့လည်း ရွေးကောက်ပွဲ မဖြစ်ဖြစ်အောင် လုပ်မယ့်သဘော မြင်နေရသလို USDP ပါတီနဲ့ စစ်တပ်ပေါင်းပြီး အစိုးရဖွဲ့နိုင်ဖို့မျှော်လင့်ချက်နဲ့ အစွမ်းကုန်လုပ်နေတာလို့ ဦးဖေသန်းက ဆိုပါတယ်။
လက်ရှိမှာ နိုင်ငံရေးပါတီအချို့ဟာ ရွေးကောက်ပွဲကို စိတ်မဝင်စားကြသလို တချို့ပါတီတွေ ကလည်း ဒေသမတည်ငြိမ်လို့ ပါတီတည်ဆောက်ရေးနဲ့ စည်းရုံးရေးလုပ်ငန်းတွေ မလုပ်နိုင်ကြပေမယ့် USDP ကတော့ အားကောင်းကောင်းနဲ့ ရှေ့ပြန်ထွက်လာနေတာပါ။
ဒါပေမဲ့ USDP ပါတီ အခုချိန်ဘယ်လိုပဲ စည်းရုံးလှုပ်ရှားမှုတွေ အားကောင်းနေပါစေ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ခုမှာ NLD ပါတီသာ ပြန်ပါခဲ့ရင် ပြည်သူတွေက NLD ကိုပဲ ရွေးချယ်မှာလို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်းက သုံးသပ်ပါတယ်။
“ဘယ်လိုပဲ သူတို့အခု ပါတီလှုပ်ရှားမှုတွေ စည်းရုံးမှုတွေပဲလုပ်လုပ် တစ်ကယ်တမ်း အားလုံးကို ဒီတန်းတူညီမျှ ရွေးကောက်ပွဲကျင်းပမယ်ဆိုရင် အားမရှိပေမယ့်လည်း NLD က ပြန်နိုင်မှာပဲ။ အဲဒါက ပြည်သူလူထုရဲ့ အမုန်းတရား။ အဲဒီအမုန်းတရားက နှစ်အတော်ကြာတဲ့တိုင်အောင် ဆက်ရှိနေဦးမှာ။ ပြောချင်တာက တစ်ကယ်တမ်း အားလုံးတန်းတူညီမျှ ယှဉ်ပြိုင်ခွင့် ပြုလိုက်တဲ့အခါကျရင် ပြည်သူလူထု သူတို့မှာ ရင်ထဲမှာရှိတဲ့ ချစ်မြတ်နိုးတဲ့စိတ် အမုန်းတရားစိတ် အဲဒါတွေနဲ့ပဲ ဆုံးဖြတ်ကြမှာ”
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက် ၁၉၉၀ ခုနှစ်မှာ လူမှုရေးအသင်းအဖြစ် စတည်ဖွဲ့စည်းခဲ့ပြီး နောက်ပိုင်းမှာတော့ နိုင်ငံရေးပါတီ အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့တာပါ။
စတင်ဖွဲ့စည်းကတည်းက စစ်ဗိုလ်ချုပ်ဟောင်း အများစုပါဝင်တာမို့ စစ်တပ်နဲ့ နီးစပ်တဲ့ပါတီ၊ စစ်တပ်ကျောထောက် နောက်ခံပေးထားတဲ့ ပါတီအဖြစ် ပြည်သူအများစုက သိထားကြ ပါတယ်။
USDP ပါတီဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံး မဲဆန္ဒနယ်မြေ ၁,၁၅၄ ခုအနက် ၈၈၃ ခုမှာ အနိုင်ရပြီး အစိုးရဖွဲ့နိုင်ခဲ့ပေမယ့် ၂၀၁၅ ခုနှစ်နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေ မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို အပြတ်အသတ်ရှုံးနိမ့်ပြီး လွှတ်တော်ထဲမှာ အတိုက်အခံနိုင်ငံရေးပါတီအဖြစ်နဲ့သာ ရပ်တည်နိုင်ခဲ့ပါတယ်။