အမေရိကန်ဝန်ကြီးနဲ့ စစ်ကောင်စီ တွေ့ဆုံမှု ထူးခြားမှုမရှိနိုင်ကြောင်း လေ့လာသူတွေပြော
2024.06.25

အမေရိကန်အစိုးရရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Kritenbrink ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၁ နဲ့ ၂၂ ရက်နေ့တွေမှာ ဗီယက်နမ်နိုင်ငံ မြို့တော်ဟနွိုင်းမှာ ဗီယက်နမ်အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ခဲ့ပြီး မြန်မာ့အရေးကို ဆွေးနွေးခဲ့ပါတယ်။ ဒီခရီးစဥ်မှာ ဝန်ကြီး Kritenbrink က စစ်ကောင်စီ ရေတပ်အကြီးတန်းအရာရှိတဦးနဲ့ တွေ့ဆုံခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
ဒီတွေ့ဆုံမှုအပေါ် တရုတ်နိုင်ငံအခြေစိုက် မြန်မာ့အရေးလေ့လာသူ ဒေါက်တာလှကျော်ဇောက အခုလို သုံးသပ်ပါတယ်။
“စကစ ကလည်း ဘက်ပေါင်းစုံက ဒုက္ခရောက်နေတာဖြစ်တော့ အမေရိကန်ကလည်း ဝင်တွေ့တာ ဖြစ်မှာပေါ့ဗျာ၊ မဟုတ်ရင် သူက ရုရှားတို့ တရုတ်တို့နဲ့ပဲ ဆက်ဆံနေရတာဖြစ်တာကိုး၊ အမေရိကန်က ဒီမိုကရေစီကြွေးကြော်သံ တင်ထားတော့ ဒီမိုကရေစီအရ ရွေးကောက်ထားတဲ့ အစိုးရကိုဖယ်ပြီး စစ်အာဏာသိမ်းထားတဲ့ စစ်အစိုးရကို ဆက်သွယ်လို့ မကောင်းလို့သာ အသာရှောင်နေတာ စစ်တပ်က အမေရိကန်က ဆက်ဆံလာမယ်ဆို သိပ်ကြိုက်တာပေါ့ဗျာ”
အမေရိကန်အနေနဲ့ စစ်ကောင်စီဘက်နဲ့ ဒီလိုတွေ့ဆုံခဲ့တဲ့အပေါ် စိုးရိမ်ကြောင်း မြန်မာ့ဒီမိုကရေစီ အရေးလှုပ်ရှားနေတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကို အိတ်ဖွင့်ပေးစာ ပေးပို့ထားတယ်လို့လည်း သိရပါတယ်။
ဒီတွေ့ဆုံမှုအပေါ် မစိုးရိမ်ဘူးလို့ နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင် ကလည်း သူ့အမြင်ကို ပြောပါတယ်။
“သိပ်ပြီးစိုးရိမ်မှုမရှိပါဘူး၊ ဒုနိုင်ငံခြားရေးဝန်ကြီးအဆင့်နဲ့ ဒီပြဿနာတွေတွေကို ဖြေရှင်းလို့ရတယ်ဆိုတဲ့ ကိစ္စမှာ အရေးမပါလှဘူးလို့ထင်ပါတယ်၊ ဒီတွေ့ဆုံမှုကတော့ ထူးထူးခြားခြားဖြစ်လာလိမ့်မယ်လို့ ကျွန်တော် မထင်မိကြောင်း ပြောပါရစေ”
RFA က အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး နဲ့ မြန်မာစစ်ကောင်စီ နဲ့ တွေ့ဆုံခဲ့တယ်ဆိုတဲ့အပေါ် အမေရိကန်နိုင်ငံခြားရေးဌာနကို Email ပို့ မေးမြန်းခဲ့ပေမယ့် တုံံ့ပြန်ချက် မရသေးပါဘူး။
ဝန်ကြီး Kritenbrink အနေနဲ့ မြန်မာအပေါ် မူဝါဒကို ထုတ်ဖော်ပြောဆိုပြီးသားဖြစ်တဲ့အတွက် တစုံတရာ စိုးရိမ်စရာဖြစ်လာမှာမဟုတ်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော် ကလည်း RFA ကို ပြောပါတယ်။
“အထူးသဖြင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ကျွန်တော်တို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်း ပုံမှန်ထိတွေ့ဆက်ဆံတာတွေရှိပါတယ်၊ အမေရိကန်ပြည်ထောင်စုအနေနဲ့လည်း ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ထားတဲ့ မူဝါဒက ပြောင်းလဲမှုမရှိဘူး၊ အစဥ်တစိုက် မပြောင်းလဲဘူးဆိုတာ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီးပြောသွားတာတွေ့ရှိရပါတယ်"
အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်မှာ မြန်မာ့အကျပ်အတည်းနဲ့ စိန်ခေါ်ချက်တွေကို ဗီယက်နမ်တာဝန်ရှိသူတွေနဲ့ အပြန်အလှန်ဆွေးနွေးခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနတာဝန်ရှိသူက ထုတ်ပြန်ပြောကြားပါတယ်။
အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဗီယက်နမ်သွားနေစဥ်မှာပဲ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦးတို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထိပ်တန်းအရာရှိတစ်ဦးနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဇွန်လ ၂၂ ရက် က သွားရောက်တွေ့ဆုံခဲ့ပြီး စစ်ကောင်စီက ပြည်သူတွေအပေါ် အကြမ်းဖက်ကျူးလွန်မှုတွေအတွက် ပိုပြီးပြင်းထန်တဲ့ ပိတ်ဆို့အရေးယူမှုတွေ ထပ်တိုးလုပ်ဆောင်ပေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကို တောင်းဆိုခဲ့ပါတယ်။
အမေရိကန်အနေနဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပြီး စစ်ကောင်စီကို အခုထက် ပိုထိရောက်တဲ့ အရေးယူမှုတွေနဲ့ ပြည်သူတွေကို ကူညီတာတွေ လုပ်သွားမယ်လို့ ကတိပေးခဲ့တယ်လို့လည်း NUG ဘက်က ထုတ်ပြန်ထားပါတယ်။