မြန်မာ့အရေး အာဆီယံဗဟိုပြုတဲ့နည်းလမ်း အလုပ်ဖြစ်မဖြစ်

ရဲခေါင်မြင့်မောင်(ဝါရှင်တန်ဒီစီ)
2022.05.20
မြန်မာ့အရေး အာဆီယံဗဟိုပြုတဲ့နည်းလမ်း အလုပ်ဖြစ်မဖြစ် ၂၀၂၂ ခုနှစ် မတ်လ ၂၁ ရက်နေ့က အာဆီယံအထူးကိုယ်စားလှယ် Prak Sokhonn နဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နေပြည်တော်တွင် တွေ့ဆုံစဉ်။
Photo : Myanmar Military

၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလက မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း၊ အာဆီယံ-အရှေ့တောင်အာရှနိုင်ငံများ အသင်းဟာ မြန်မာနိုင်ငံအကျပ်အတည်းကို ဖြေရှင်းဖို့ အစောဆုံး ကြိုးပမ်းခဲ့တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

၂ဝ၂၁ ခုနှစ် ဧပြီလမှာ အာဆီယံ ခေါင်းဆောင်တွေဟာ အာဏာသိမ်း စစ်ခေါင်းဆောင်ကို ဖိတ်ခေါ်ပြီး၊ ဆွေးနွေးမှုကနေ five point consensus ဘုံသဘောတူညီချက် ငါးချက်ကို ရရှိခဲ့ပေမယ့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် ဖက်က ပေးထားတဲ့ ကတိကဝတ်တွေကို လိုက်နာအကောင်အထည်ဖော်ခြင်း မရှိတဲ့အတွက် အချိန် တစ်နှစ်ကျော်ကြာလာတဲ့အထိ ထူးခြားမှု မရှိခဲ့ပါဘူး။

လက်ရှိအချိန်မှာ အမေရိကန်၊ အီးယူ (ဥရောပသမဂ္ဂ)နဲ့ ကုလသမဂ္ဂ တို့ အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းဟာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လာရင် အာဆီယံရဲ့ ကြားဝင်ဆောင်ရွက်မှုကို အားပေးထောက်ခံရုံတင်မကဘဲ၊ အာဆီယံကို ဗဟိုပြုပြီး လုံးဝလွှဲအပ်ထားတဲ့ သဘောထားရှိနေတာ မှန်ကန်ရဲ့လားဆိုတာ နိုင်ငံတကာ ကျွမ်းကျင်သူတွေက မေးခွန်းထုတ်နေကြပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကတော့ မြန်မာ့အရေးကို ဖြေရှင်းဖို့အတွက် အာဆီယံရဲ့ဘုံသဘောတူညီချက် ငါးချက်နဲ့ မလုံလောက်တော့ဘူးလို့ ပြီးခဲ့တဲ့အပတ်က RFA နဲ့ သီးသန့် တွေ့ဆုံမေးမြန်းရာမှာ ပြောပါတယ်။

“အာဏာသိမ်း စစ်ခေါင်းဆောင်က သူပေးထားတဲ့ ကတိမတည်ပါဘူး။ အာဆီယံရဲ့ ဘုံသဘောတူညီချက်တွေကို မလိုက်နာပါဘူး။ ဒါကြောင့်မို့ မြန်မာနိုင်ငံအရေးကို ဖြေရှင်းနိုင်ဖို့ ဘုံသဘောတူညီချက် ငါးချက်နဲ့တင် မလုံလောက်တော့ပါဘူး။ ကျွန်မတို့အနေနဲ့ ဒီသဘောတူညီချက်တွေကို ထောက်ခံပါတယ်။ ဒါပေမယ့် ဒါတွေကို အမှန်တကယ် လိုက်နာအကောင်အထည်ဖော်အောင် ကြပ်မတ်ပေးဖို့ လုပ်ထုံးလုပ်နည်းတွေ လိုအပ်နေပါတယ်။ အခုအချိန်မှာ အာဏာသိမ်း စစ်ခေါင်းဆောင်က လိုက်နာသည် ဖြစ်စေ မလိုက်နာသည်ဖြစ်စေ၊ အာဆီယံအနေနဲ့ ရှေ့ဆက်ရမယ့် အချိန်ဖြစ်ပါတယ်။ ဘာဆက်လုပ်မလဲ ဆိုတာကတော့ အာဆီယံခေါင်းဆောင်တွေ အပေါ်မှာပဲ မူတည်ပါတယ်။“

Amnesty International အဖွဲ့ရဲ့ သုတေသနပိုင်းဆိုင်ရာ ညွှန်ကြားရေးမှုး အီမာလိန်း ဂေးလ် ကတော့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးချက်ဟာ ရှုံးနိမ့်မှု တစ်ခုသာဖြစ်တယ်လို့ ပြောပါတယ်။

“အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးချက်ဟာ မြန်မာစစ်တပ်က ပြည်သူတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်တန့်သွားအောင် မလုပ်နိုင်တဲ့အတွက် ရှုံးနိမ့်မှုဖြစ်ပါတယ်။ မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ ဒေသတွင်း ပြဿနာတစ်ခု ဖြစ်လာနေပြီဆိုတာ အာဆီယံအနေနဲ့ လက်ခံဖို့လိုပါတယ်။ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ ပြည်သူတွေအတွက် မလုံခြုံမှုဖြစ်စေရုံတင်မကဘဲ နိုင်ငံရဲ့ စီးပွားရေးပါ ယိုယွင်းပျက်စီးစေပါတယ်။ အခုအချိန်မှာ ထောင်နဲ့ ချီတဲ့ မြန်မာပြည်သူတွေဟာ လုံခြုံမှုရှိဖို့အတွက်ရော၊ အလုပ်အကိုင် အခွင့်အလမ်းနဲ့ သူတို့ မိသားစုဝင်တွေရဲ့ ဝမ်းရေးအတွက်ပါ မြန်မာနိုင်ငံကို စွန့်ခွာပြီး ထိုင်းနဲ့ မလေးရှား နိုင်ငံတွေဆီကို ထွက်ပြေးနေကြပါတယ်။”

မြန်မာနိုင်ငံအရေးမှာ ထိထိရောက်ရောက် ကြားဝင်ဆောင်ရွက်နိုင်ဖို့ဆိုရင် အာဆီယံ နိုင်ငံတွေအနေနဲ့ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် အရေးယူအပြစ်ပေးဖို့ တစ်ခုရေးဆွဲကြဖို့လိုတယ်လို့ Amnesty International က ပြောပါတယ်။

လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ HRW က Phil Robertson က တော့ အာဆီယံဟာ မြန်မာ့အရေးကို ကိုင်တွယ်ဖြေရှင်းဖို့ သင့်တော်တဲ့ အဖွဲ့အစည်းမဟုတ်ဘူးလို့ သုံးသပ်ပါတယ်။

“အမေရိကန် အစိုးရဟာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လာရင် အာဆီယံကပဲ တာဝန်ယူဖြေရှင်းဖို့ လုံးဝ လွှဲအပ်ထားတဲ့ ရပ်တည်ချက်မျိုးရှိနေပါတယ်။ အမှန်က အာဆီယံဟာ မြန်မာ့အရေးကို ဖြေရှင်းဖို့ မသင့်တော်ဆုံး နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ အာဆီယံရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ရေး မူဝါဒအရ ဆိုရင် အဖွဲ့က ဆက်လုပ်မယ့် ဆုံးဖြတ်ချက်ကို အဖွဲ့ဝင် ဘယ်နိုင်ငံကမဆို ဗီဒိုအာဏာနဲ့ ပယ်ချခွင့်ရှိနေပါတယ်။ ဒီအချက်တွေ အားလုံးက အာဆီယံကို မြန်မာ့နိုင်ငံ ပြဿနာကို ထိထိရောက်ရောက် ကြားဝင်ဖြေရှင်းပေးလို့ မရအောင် တားဆီးနေပါတယ်။ ဂျကာတာမှာ စစ်ခေါင်းဆောင်နဲ့ ရထားတဲ့ သဘောတူညီချက်တွေကိုလည်း အခြေခံမူအနေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်မှု မရှိပါဘူး။ အာဆီယံအနေနဲ့ အခြား သက်ဆိုင်တဲ့ stakeholder တွေနဲ့ ထိတွေ့ စကားပြောဆိုမှု မရှိတာကြောင့်လည်း ဒီ ဘုံသဘောတူညီချက်တွေဟာ ထိရောက်မှု မရှိဘဲ ဖြစ်နေတာပါ။ မြန်မာနိုင်ငံအရေးကို ဖြေရှင်းနိုင်ဖို့ တစ်ကမ္ဘာလုံးက အာဆီယံကို စောင့်ကြည့်နေကြပေမယ့် အာဆီယံဟာ အခုအချိန်မှာ ရှေ့ဆက်သွားဖို့ တိကျပြတ်သားတဲ့ လမ်းကြောင်းမရှိဘဲ ဖြစ်နေပါတယ်။”

မြန်မာ့အရေးနဲ့ ပတ်သက်လာရင် အာဆီယံ ၁ဝ နိုင်ငံလုံးရဲ့ သဘောတူညီမှု ရဖို့ မလွယ်တာ၊ အာဏာသိမ်း စစ်ခေါင်းဆောင်ဟာ ‘အရှက်အကြောက် ကင်းမဲ့စွာ’ နဲ့ ပေးထားတဲ့ ကတိကို မတည်ရုံမကဘဲ ပူးပေါင်းဆောင်ရွက်မှုမရှိတာနဲ့ စစ်ခေါင်းဆောင်တွေကို အပြစ်ပေးအရေးယူဖို့ ကြိုးစားရာမှာ ဒေသတွင်း အင်အားကြီးနိုင်ငံတွေ ဖြစ်တဲ့ တရုတ်၊ အိန္ဒိယနဲ့ ဂျပန်နိုင်ငံတွေက ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်မှုမရှိတာစတဲ့အချက် သုံးချက်ကြောင့် အာဆီယံရဲ့ ကြားဝင်ဆောင်ရွက်မှုတွေ မအောင်မြင်ရတာဖြစ်တယ်လို့ အမေရိကန် အစိုးရရဲ့ ငြိမ်းချမ်းရေး အင်စတီကျု USIP က မြန်မာ့အရေး ကျွမ်းကျင်သူတွေ ဖြစ်တဲ့ Jason Tower နဲ့ Priscilla Clapp တို့က သုံးသပ်ပါတယ်။

အာဆီယံ နိုင်ငံတွေထဲမှာ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ်တို့ဟာ အာဏာသိမ်း စစ်ခေါင်းဆောင်တွေနဲ့ နိုင်ငံရေး၊ စီးပွားရေး ဆက်နွယ်မှုတွေကြောင့် ထိထိရောက်ရောက် ဖိအားပေးဖို့ မကြိုးစားတဲ့အကြောင်းနဲ့ အခြား တစ်ဖက်မှာ မလေးရှား၊ အင်ဒိုနီးရှား၊ စင်္ကာပူ၊ ဖိလစ်ပိုင် နဲ့ ဘရူနိုင်းတို့ကတော့ ဘုံသဘောတူညီချက်တွေကို လိုက်နာဖို့ နဲ့ မြန်မာ စစ်ကောင်စီခေါင်းဆောင်တွေကို အပြစ်ပေးအရေးယူဖို့ ကြိုးစားလိုတဲ့ သဘောထားရှိတဲ့အကြောင်း၊ တရုတ်နိုင်ငံကလည်း စစ်ကောင်စီဘက်က ရပ်တည်လိုတဲ့ သဘောထား ရှိနေပြီး၊ တရုတ်ရဲ့ သြဇာအာဏာရှိနေတဲ့ အာဆီယံ အဖွဲ့ဝင်အချို့ကနေ တဆင့် မြန်မာစစ်ကောင်စီ ကို တရားဝင်ဖြစ်အောင် လုပ်ပေးဖို့ ကြိုးစားနေတယ်လို့ USIP ရဲ့ ဆောင်းပါးမှာ သုံးသပ်ထားပါတယ်။

ဒါ့အပြင် မြန်မာစစ်တပ်ကို တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ လက်နက်ရောင်းချမှု ပိတ်ပင်ဖို့ တောင်းဆိုရာမှာ ပါဝင်ကြဖို့၊ မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို အတင်းအကျပ် ပြန်မပို့ဘဲ လက်ခံထားဖို့၊ လူသားချင်း စာနာမှု အကူအညီတွေ ပေးအပ်ရာမှာ ကူညီကြဖို့လည်း Amnesty International က အာဆီယံကို တိုက်တွန်းလိုက်ပါတယ်။

ဒီရည်မှန်းချက်တွေအောင်မြင်ဖို့အတွက် အာဆီယံ တစ်ဖွဲ့လုံးအနေနဲ့ သဘောတူညီချက် မရရင်၊ တစ်နိုင်ငံချင်း အနေနဲ့ ဆောင်ရွက်ကြဖို့လိုတယ်လို့လည်း Amnesty International က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။