အမေရိကန် အာဆီယံဆွေးနွေးပွဲ မြန်မာပါနိုင်ဖွယ် မရှိ

ဦးသစ်ဆင်း (ဝါရှင်တန်ဒီစီ)
2022.03.01
အမေရိကန် အာဆီယံဆွေးနွေးပွဲ မြန်မာပါနိုင်ဖွယ် မရှိ ၇၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန်နဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံစဉ်
Photo: AFP

အရှေ့တောင်အာရှ နိုင်ငံ ခေါင်းဆောင်များ အထူးထိပ်သီး ဆွေးနွေးပွဲကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် က အိမ်ရှင်နိုင်ငံအဖြစ် ဒီလ ၂၈ နဲ့ ၂၉ ရက်နေ့ နှစ်ရက်တာ ကျင်းပမှာဖြစ်ကြောင်း၊ အမေရိကန် အာဆီယံ ဆက်ဆံရေး ၄၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပတာလည်းဖြစ်ကြောင်း သမ္မတ အိမ်ဖြူတော် က ‌ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ ဆွေးနွေးပွဲမှာ စစ်တပ် အာဏာသိမ်းခံထားရတဲ့ မြန်မာနိုင်ငံတော့ ပါဝင်နိုင်ဖွယ်မရှိဘူးလို့ ဒစ်ပလိုမက် သတင်းက ဖော်ပြပါတယ်။

အခု ကျင်းပမယ့် ဆွေးနွေးပွဲ နဲ့ပတ်သက်ပြီး၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Anthony Blinken က - မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၁ ရက်၊ စစ်တပ်အာဏာသိမ်းခဲ့ပြီးတဲ့နောက် ပေါ်ပေါက်လာခဲ့တဲ့ Covid-19 ကူးစက်မှု ကပ်ရောဂါ၊ ရာသီဥတု ပြောင်းလဲမှု၊ စီးပွားရေး ရင်းနှီးမြှုပ်နှံမှု စတဲ့ မြန်မာနိုင်ငံတွင်း ပြဿနာတွေနဲ့ပတ်သက်ပြီး ဆွေးနွေးကြမှာဖြစ်ကြောင်း ပြောဆိုထားပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ အတွင်း မလေးရှားကိုရောက်ရှိခဲ့ချိန်မှာ ပြောဆိုခဲ့တာပါ။

အိမ်ဖြူတော် သတင်းထုတ်ပြန်ရေးဆိုင်ရာအတွင်းရေးမှူး Jen Psaki ကလည်း - ဒီနေ့လက်ရှိ စိန်ခေါ်ချက်ပြဿနာတွေကို ဖြေရှင်းရာမှာ၊ Biden-Harris အစိုးရအဖွဲ့အနေနဲ့ ယုံကြည်စိတ်ချရတဲ့ မိတ်ကောင်း ဆွေကောင်းအဖြစ် ကူညီပံ့ပိုးပေးရေးက အဓိက ကျကြောင်း၊ ညီလာခံ အတည်ပြုချက်ဟာ ဘိုင်ဒင်အစိုးရရဲ့ အရှေ့တောင်အာရှ နဲ့ ထိတွေ့ဆက်ဆံဖို့ ကြိုးပမ်းရေးမှာ အဓိကျတဲ့ အရေးကြီး မှတ်တိုင်တခု ဖြစ်ကြောင်း၊ အ‌ရှေ့တောင်အာရှဟာ အာရှတိုက်မှာ ဩဇာကြီးထွားလာတဲ့ တရုတ်ကို ရင်ဆိုင်ဖက်ပြိုင်နိုင်တဲ့ အင်အားစုဖြစ်ကြောင်း ပြောဆိုပါတယ်။

ဘိုင်ဒင်အစိုးရတက်လာပြီးတဲ့နောက် အစောပိုင်းကာလမှာ အစိုးရခြေလှမ်းတွေ နှေးကွေးခဲ့ပေမဲ့ ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းကစပြီး အမေရိကန်အစိုးရဟာ ဒုတိယ သမ္မတ Kamala Harris၊ ကာကွယ်ရေးဝန်ကြီး Lloyd Austin၊ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး၊ ဒု နိုင်ငံခြားရေးဝန်ကြီး၊ အရှေ့အာရှ နဲ့ ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယအတွင်းဝန် တို့ အပါအဝင်၊ အကြီးတန်းအရာရှိ အများအပြားကို တဖြည်းဖြည်းတိုးချဲ့စေလွှတ်ခဲ့ပါတယ်။

အခုလတ်တလောအနေနဲ့ နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ မလေးရှား၊ ထိုင်း နဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို သွားရောက်ခဲ့အပြီး၊ အာဆီယံဟာ အင်ဒို ပစိဖိတ်ဒေသရဲ့ မရှိမဖြစ် အရေးကြီးတဲ့ ဗိသုကာဖြစ်ကြောင်း ညွှန်းဆိုခဲ့ပါတယ်။ 

၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်၊ စစ်တပ်အာဏာသိမ်းမှုဟာ အကြမ်းဖက်မှုတွေနဲ့ အကျိုးမဲ့ အချည်းနှီး အချိန်ကုန်သွားစေတဲ့ လုပ်ရပ်သာဖြစ်ကြောင်း၊ အချက်ငါးချက်ပါ အာဆီယံ ငြိမ်းချမ်းရေး သဘောတူညီချက်တွေကို မလိုက်နာဘဲ ချိုးဖေါက်ခဲ့ကြောင်း အာဆီယံက ပြောဆိုခဲ့ပြီး မြန်မာအာဏာသိမ်း စစ်ကောင်စီကို အောက်တိုဘာလ ညီလာခံ နဲ့ ပြီးခဲ့တဲ့လ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ စည်းဝေးပွဲတွေ တက်ရောက်ခွင့် ပိတ်ပင်ခဲ့ပါတယ်။ အဲဒီညီလာခံမှာ စစ်ကောင်စီ ကိုယ်စားလှယ်တွေအစား နိုင်ငံရေးနဲ့ မပတ်သက်သူတွေကိုသာစေလွှတ်ဖို့ အာဆီယံက ပြောဆိုခဲ့ပေမဲ့ စစ်ကောင်စီက စည်းဝေးပွဲ မတက်ရောက်ဖို့ကိုသာရွေးချယ်ခဲ့ပါတယ်။

ဒီအတွင်း ဘိုင်ဒင်အစိုးရ အရာရှိတဦးက အာဆီယံ ဆယ်နိုင်ငံကနေ အာဆီယံ ကိုးနိုင်ငံအဖြစ် ပြောင်းလဲရေးဟာ အာဆီယံအထူးညီလာခံမှာ ဖြစ်နိုင်သေးတဲ့ကိစ္စပါလို့ AP သတင်းကို ပြောဆိုခဲ့ပါတယ်။ ညီလာခံကို အရှေ့တောင်အာရှ အစိုးရအများစုက ကြိုဆိုကြပုံရပေမဲ့ အမေရိကန်မူဝါဒနဲ့ ပတ်သက်လို့တော့ တချို့မျက်နှာစာတွေမှာတော့ သို့လော သို့လော ဒွိဟဖြစ်ကြရပါတယ်။ အမေရိကန် အစိုးရကိုလည်း ‌‌ဒေသတွင်း နဲ့ ဆက်လက်ထိတွေ့နေစေချင်ကြပါတယ်။

စင်္ကာပူ ISEAS – Yusof Ishak Institute ရဲ့ ဒေသတွင်းဆိုင်ရာ နောက်ဆုံးလေ့လာချက်တရပ်အရကတော့- အမေရိကန်အနေနဲ့ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ အခွင့်အလမ်း နဲ့ အစိုးရလုပ်ငန်းတွေမှာ ဆက်လက် ပါဝင်ဆောင်ရွက်နေမယ်လို့ သဘောထားပေးသူ ၅၂.၈ ရာခိုင်နှုန်း ရှိပြီး၊ တရုတ်ပြည်အတွက်ကတော့ ၂၆.၈ ရာခိုင်နှုန်းသာရှိကြောင်း ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။