မြန်မာ့အရေးပိုအလေးထားဆောင်ရွက်မယ်လို့ အမေရိကန်သံအမတ်လောင်းတွေထွက်ဆို

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2022.07.14
မြန်မာ့အရေးပိုအလေးထားဆောင်ရွက်မယ်လို့ အမေရိကန်သံအမတ်လောင်းတွေထွက်ဆို အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့တော်က လွှတ်တော်အဆောက်အဦး။
Photo: Reuters

အမေရိကန်အထက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီရဲ့ ဇူလိုင် ၁၃ ရက်က ကြားနာစစ်ဆေးမှုမှာ အမေရိကန်ရဲ့ ထိုင်းနိုင်ငံဆိုင်ရာသံအမတ်အဖြစ် ခန့်အပ်ဖို့ လျာထားခံရတဲ့ သံအမတ်လောင်းတွေကို လွှတ်တော်အမတ်တွေက နိုင်ငံတကာအရေးကိစ္စတွေနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ကြပါတယ်။

မြန်မာနိုင်ငံက ပြည်ပကို တင်ပို့တဲ့ သဘာဝဓာတ်ငွေ့ရဲ့ ၈၀ ရာခိုင်နှုန်းလောက်ကို ထိုင်းနိုင်ငံပိုင် PTTE စွမ်းအင်ကုမ္ပဏီက ဝယ်ယူနေတာလို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW က ပြောထားပါတယ်။ ဥရောပသမဂ္ဂက မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ကို ပိတ်ဆို့အရေးယူခဲ့သလိုပဲ အလားတူ လိုက်လုပ်ဖို့ တောင်းဆိုမှုတွေလည်းရှိနေပါတယ်။

ဒါကြောင့် ထိုင်းနိုင်ငံရဲ့စွမ်းအင်လိုအပ်ချက်အတွက် မြန်မာနိုင်ငံက ဓာတ်ငွေ့အပေါ် မှီခိုနေတာလျှော့ဖို့နဲ့ မြန်မာစစ်တပ်အတွက် ဘဏ္ဍာငွေတွေ ပေးအပ်နေတာ ရပ်ဖို့ ထိုင်းအစိုးရကို တိုက်တွန်းသွားဖို့ လိုတယ်ဆိုတာ သဘောတူပါသလားလို့ အထက်လွှတ်တော်အမတ် အက်ဒွက် မက်ကေးက ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်လောင်း ရောဘတ် ဂိုဒက်ကို မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

“မြန်မာစစ်တပ်က ဆိုးဝါးပြင်းထန်တဲ့ သတ်ဖြတ်မှုတွေ ဆက်လက်ကျူးလွန်နေတာကို ရပ်တန့်အောင် လုပ်ဖို့ အရေးကြီးပါတယ်။ ကျွန်တော်တို့အနေနဲ့ အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ကို ထောက်ခံထားပါတယ်။ ဒါပေမဲ့ ဒီအပိုင်းမှာ တိုးတက်မှုလုံးဝမရှိသေးပါဘူး။ ကျွန်တော်တို့ ထိုင်းနိုင်ငံနဲ့ အလုပ်လုပ်တဲ့နေရာမှာလည်း မြန်မာစစ်တပ်ရဲ့လုပ်ရပ်တွေဟာ ထိပ်တန်းဦးစားပေးကိစ္စအနေနဲ့ ဆွေးနွေးပြောဆိုမှုတိုင်းမှာ ပါဝင်နေပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ မြန်မာ စစ်ခေါင်းဆောင်တွေကို တိုးပြီး ဖိအားပေးဆောင်ရွက်ဖို့ နိုင်ငံခြားရေးဝန်ကြီးအပါအဝင် အမေရိကန်အစိုးရ တာဝန်ရှိသူတွေဘက်က ပြောထားပါတယ်။ ကျွန်တော်တို့ဘက်က လုပ်လို့ရသမျှ နည်းလမ်းအားလုံး စေ့စပ်ညှိနှိုင်းရေး စားပွဲပေါ်မှာ ရှိနေပါတယ်။ ဒီအထဲမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍကို ဆက် လက်ပြီး အရေးယူဖို့ နည်းလမ်းလည်းပါပါတယ်။ ကျွန်တော် သံအမတ်အဖြစ်ခန့်အပ်ခံရတဲ့အခါ ဒီကိစ္စကို ဆက်လုပ်သွားမယ်လို့ပြောချင်ပါတယ်။ လူသားချင်းစာနာမှုအကူအညီပေးရေး ကိစ္စတွေ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့အတွက် ကျွန်တော်တို့ဘက်က ထိုင်းနိုင်ငံကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံကို ထပ်တိုးပြီး ဖိအားပေးဖို့ လိုအပ်နေတာ အမှန်ပါပဲ”

ဒါကတော့ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် ခန့်အပ်ဖို့ လျာထားခံရတဲ့ သံအမတ်လောင်း ရောဘတ် ဂိုဒက်က ဖြေကြားသွားတာပါ။

အလားတူပဲ အာဆီယံဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် ခန့်အပ်ဖို့ လျာထားခံရတဲ့ သံအမတ်လောင်း ယိုဟ်နင်း အေဘရာဟမ်က မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ဆိုရင် မြန်မာစစ်ခေါင်းဆောင်တွေရဲ့ စဉ်းစားတွေးခေါ်ပုံ ပြောင်းလဲလာအောင် ကြိုးစားဖို့လိုတယ်လို့ ပြောပါတယ်။

“ ကျွန်တော် သံအမတ်အဖြစ် ခန့်အပ်ခံရရင်၊ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ စဉ်းစားတွက်ချက်ပုံကို ပြောင်းလဲလာအောင် ကြိုးပမ်းတဲ့နေရာမှာ ပါဝင်ကူညီသွားမှာ ဖြစ်ပါတယ်။ ဒါမှလည်း အခု တစ်စထက် တစ်စ ပိုဆိုးလာနေတဲ့ နိုင်ငံရေးနဲ့ လူသားချင်းစာနာမှုအကျပ်အတည်းကို ဖြေရှင်းနိုင်ပြီး မြန်မာနိုင်ငံကို အားလုံးပါဝင်တဲ့ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်အောင် လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်“

usa.jpg
ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် ခန့်အပ်ဖို့ လျာထားခံရသူ သံအမတ်လောင်း ရောဘတ် ဂိုဒက်။

အလားတူ အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့ တိုးတက်မှုမရှိတဲ့ အခြေအနေကို ပြောင်းလဲဖို့ ဘယ်လိုလုပ်ဆောင်သွားမလဲလို့ အထက်လွှတ်တော် အမတ်မာကေးက သံအမတ်လောင်း ယိုဟ်နင်း အေဘရာဟမ် ကို မေးမြန်းခဲ့ပါတယ်။

“ကျွန်တော် သံအမတ်အဖြစ်ခန့်အပ်ခံရတဲ့အခါ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုဆိုးလာတဲ့ အခြေအနေကို ထိပ်တန်းဦးစားပေးအဖြစ် သတ်မှတ်ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။ အာဆီယံနဲ့ရထားတဲ့ ဘုံသဘောတူညီချက် ငါးချက်ကို အကောင်အထည် ဖော်ဖို့ ထိထိရောက်ရောက် တွန်းအားပေးသွားပါမယ်။ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ စဉ်းစားတွေးခေါ်ပုံ ပြောင်းလဲပြီး၊ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်စေဖို့ အမေရိကန် အစိုးရအဖွဲ့ထဲက အခြားလုပ်ဖော်ကိုင်ဖက်တွေနဲ့ ပူးပေါင်းပြီး အခြားလုပ်လို့ရတဲ့ နည်းလမ်းတွေကိုလည်း ရှာဖွေသွားပါမယ်။ အမေရိကန်လွှတ်တော်ကခွင့်ပြုထားတဲ့ နည်းလမ်းအားလုံးကို အသုံးပြုသွားမှာဖြစ်ပါတယ်။”

လူ့အခွင့်အရေးတန်ဖိုးနဲ့ စံနှုန်းတွေကို အကာအကွယ်ပေးဖို့ဟာ အမေရိကန်နိုင်ငံခြားရေးမူဝါဒရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်တယ်လို့ သမ္မတ ဂျိုးဘိုင်ဒင် ပြောကြားထားတာနဲ့အညီ အာဆီယံဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် အတည်ပြုပြီးရင် ကမ္ဘာတစ်ဝန်းမှာ လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးမှုအခြေအနေတွေကို မြှင့်တင်ပေးဖို့ သန္နိဌာန်ချမှတ်ထားကြောင်း သံအမတ်လောင်း ယိုဟ်နင်း အေဘရာဟမ်က ပြောပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။