အမေရိကန် ပညာသင်ဆု မြန်မာလူငယ်တွေအတွက် မျှော်လင့်ချက်လမ်းစ ဖြစ်လာ
2024.03.07

မြန်မာကျောင်းသားတွေကို အမေရိကန်အစိုးရက အရှေ့တောင်အာရှက တက္ကသိုလ်တချို့မှာ ပညာသင်ဖို့ ပညာသင်ဆု တစ်ထောင်ကျော်ပေးမယ် ဆိုတဲ့သတင်းက လူငယ်တွေကြား မျှော်လင့်ချက်တစ်ခု ဖြစ်လာတယ်လို့ အသက် ၂၀ ဝန်းကျင်အရွယ် ကျောင်းသားတွေက ပြောကြပါတယ်။
စစ်အာဏာသိမ်းပြီးတဲ့နောက် အကြမ်းမဖက် အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေနဲ့အတူ ပညာရေး တစ်ပိုင်းတစ်စဖြစ်နေတဲ့ တက္ကသိုလ်အဆင့် ကျောင်းသား၊ ကျောင်းသူတွေ သိန်းနဲ့ချီရှိနေတဲ့အပြင် အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရဥပဒေကြောင့် ပြည်ပထွက်ဖို့ ကြိုးစားနေတဲ့လူငယ်တွေ အတော်များများရှိနေပါတယ်။
အမေရိကန်နိုင်ငံမှာ ပညာသင်ဖို့ ကြိုးစားနေတဲ့ အသက် ၂၁ နှစ်အရွယ် ကျောင်းသူတစ်ယောက်ကတော့ ဒီပညာသင်ဆုသတင်းကို ကြားတဲ့အခါမှာ လျှောက်ဖို့ကြိုးစားမယ်လို့ RFA ကို ပြောပါတယ်။
“အယောက် တစ်ထောင်ဆိုတာလည်း အများကြီးပဲလေ။ ကြိုးစားကြည့်ရင် လမ်းကြောင်း တစ်ခုခုရသွားမယ်လို့ထင်တယ်။ အခုကြားလိုက်တော့ သေချာပြန်သွားကြည့်ပြီး Try ကြည့်ဖို့ အစီအစဉ်ရှိတယ်”
အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ရဲ့ မတူကွဲပြားခြင်းနဲ့ အားလုံးပါဝင်ခွင့်လို့ခေါ်တဲ့ ပညာသင်ဆု အစီအစဥ်ကို ဖေဖော်ဝါရီလ ၂၉ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ရှင်းလင်းမိတ်ဆက်ခဲ့တာဖြစ်ပါတယ်။
“နိုင်ငံထဲမှာ တစ်နေ့တခြား မလုံခြုံတော့တဲ့အတွက် ပြည်ပမှာ ကျောင်းတက်ဖို့ ကြိုးစားနေရပါတယ်”
ငါးနှစ် စီမံကိန်းဖြစ်တဲ့ အဲဒီပညာသင်ဆု အစီအစဉ်အရ ထိုင်းနိုင်ငံနဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ အဆင့်မြင့်တက္ကသိုလ်တွေမှာ လူကိုယ်တိုင်တက်ရောက်ရမယ့် ဘွဲ့ဒီဂရီတွေအပြင် အမေရိကန်ပြည်ထောင်စု အရီဇိုးနားတက္ကသိုလ်က ဘာသာရပ်တွေကိုလည်း အွန်လိုင်းကနေ သင်ကြားခွင့်ရမယ်လို့ အမေရိကန် သံရုံးရဲ့ ဖေဖော်ဝါရီလ ၂၉ ရက်နေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီပညာသင်ဆုအတွက် အသက် ၄၀ နှစ်အောက် လူငယ်တွေကို ဦးစားပေးခေါ်ယူမှာဖြစ်ပြီး ပညာရပ်တစ်ခုခုအတွက် အသိအမှတ်ပြု လက်မှတ်ပေးမယ့် သင်တန်းတက်မယ့်သူတွေကနေ ပါရဂူဘွဲ့သင်မယ့်သူတွေအထိ အကျုံးဝင်ပါတယ်။
ပညာသင်ဆုလျှောက်ဖို့ လိုအပ်ချက်မှာ မြန်မာနိုင်ငံသားဖြစ်ဖို့၊ မြန်မာနိုင်ငံ ဒါမှမဟုတ် နယ်စပ်တွေမှာ နေတဲ့သူဖြစ်ဖို့၊ အမြင့်ဆုံးတက်ခဲ့တဲ့ ပညာရေးမှတ်တမ်းတွေပြဖို့ လိုအပ်သလို အမေရိကန်အထက်တန်းအဆင့် ပြီးကြောင်းသတ်မှတ်တဲ့ GED အောင်မှတ်ရှိရင်ပြဖို့နဲ့ လူ့အဖွဲ့အစည်းအတွက် တစ်နှစ်အလုပ် လုပ်ထားတဲ့အတွေ့အကြုံပြဖို့ သတ်မှတ်ထားပါတယ်။
မြန်မာနိုင်ငံက လူငယ်တွေဟာ အနာဂတ်မဲ့တဲ့ အခြေအနေကို ရင်ဆိုင်နေရပြီး အဲဒါကိုကာကွယ်နိုင်ဖို့အတွက် ဒီပညာသင်ဆု အစီအစဥ်ကို ဆောင်ရွက်တာလို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးအကြီးအကဲ ဆူဆန်စတီဗင်ဆင် (Susan Stevenson) က ဖေဖော်ဝါရီလ ၂၉ ရက်နေ့က မိတ်ဆက်ပွဲမှာ ပြောကြားထားပါတယ်။
နိုင်ငံထဲမှာ တစ်နေ့တခြား မလုံခြုံတော့တဲ့အတွက် ပြည်ပမှာ ကျောင်းတက်ဖို့ ကြိုးစားနေရတယ်လို့ အမည်မဖော်လိုတဲ့ တက္ကသိုလ်ကျောင်းသူ တစ်ယောက်ကလည်း ပြောပါတယ်။
“စစချင်းကြေညာတဲ့ (ပြည်သူ့စစ်မှုထမ်းဥပဒေ) နေ့ကတည်းက ထိတ်လန့်တာပေါ့နော်။ လမ်းပျောက်သွားပြီလား၊ ဒီနိုင်ငံကနေ ထွက်လို့ရပါဦးမလား ဆိုတဲ့စိတ်ကဖြစ်တယ်။ ဖြစ်နိုင်ရင်တော့ ကိုယ့်နိုင်ငံမှာပဲကိုယ် ပညာသင်ပြီးတော့ အေးအေးဆေးဆေး မိသားစုနဲ့ပဲ နေချင်တာပေါ့”
ရန်ကုန်မြို့နေ လူငယ်တစ်ဦးကလည်း လူငယ်တိုင်း မဖြစ်မနေ စစ်မှုမထမ်းမနေရဆိုတဲ့ ဥပဒေကို စစ်ကောင်စီက အသက်သွင်းလိုက်တဲ့နောက်မှာ မလုံခြုံတဲ့ခံစားချက်က ပိုပြီးဆိုးရွားလာတယ်လို့ ဆိုပါတယ်။
“ကိုယ့်ရဲ့မိသားစု ဝင်ငွေနဲ့ တခြားပိုက်ဆံပေးရတဲ့ Public School တွေ တက်တယ်ဆိုရင်တောင်မှ သူတို့ထုတ်ပြန်လိုက်တဲ့ စစ်မှုထမ်းဥပဒေအရ ဘယ်လိုမှ အဆင်ပြေတာမရှိဘူး။ စစ်တပ်အတွက် စစ်မှုထမ်းရမယ့် အခြေအနေမျိုးတွေ ရောက်လာပြီဆိုရင် ရှေ့ဆက်ပြီးတော့ အနာဂတ်မှာ ဘာလုပ်ရမလဲဆိုတာ မသိတော့ဘူး။ စစ်မြေပြင်မှာပဲ အချိန်ကုန်ရမလား။ ဘယ်နှနှစ်အထိ စောင့်ရမလဲ”
နိုင်ငံရေး မတည်ငြိမ်တဲ့အချိန်မှာ အခုလို ပညာသင်ဆုပေးတာတွေက ကောက်ရိုးတမျှင် ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ကထိကတစ်ယောက်က ပြောပါတယ်။
“စကောလာတွေ ပေးတာက ကောင်းပါတယ်။ ဒါပေမဲ့ ခေတ်အခြေအနေအရတော့ ဘယ်လောက်အထိ မျှော်လင့်နိုင်မလဲ၊ လုပ်ပေးနိုင်မလဲဆိုတာကို ကြည့်ရမှာပေါ့။ ဒါကတော့ နိုင်ငံရဲ့မူဝါဒနဲ့တော့ အများကြီးသက်ဆိုင်တယ်။ လူငယ်တွေကတော့ ဒါဟာ ကောက်ရိုးတမျှင်ပေါ့။ တကယ်ဖြစ်လာမယ်ဆိုရင် သူတို့အတွက် တက်လမ်းရှိမှာဆိုတော့ လူငယ်တွေကတော့ လိုချင်ကြတယ်။ ကြိုးစားကြမယ်လို့ မြင်တယ်။ ဒါက အဆိုးထဲက အကောင်းပေါ့”
အဆင့်မြင့် ပညာရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေအပေါ် RFA ကလေ့လာချက်အရ စစ်တပ်အာဏာမသိမ်းခင် ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်မှာ နိုင်ငံတစ်ဝန်းက တက္ကသိုလ်တွေမှာ ကျောင်းတက်ခဲ့တဲ့သူ နှစ်သိန်း ခြောက်သောင်းကျော်ရှိခဲ့ပြီး အာဏာသိမ်းပြီးနောက်မှာတော့ နှစ်သောင်း လေးထောင်ကျော်ပဲ ရှိတော့တာတွေ့ရပါတယ်။