စစ်ကောင်စီ ပြည်သူကို ရက်ရက်စက်စက်အကြမ်းဖက်နေကြောင်း Freedom House ပြော

စမ်းစမ်းတင် (ဝါရှင်တန်ဒီစီ)
2023.03.09
စစ်ကောင်စီ ပြည်သူကို ရက်ရက်စက်စက်အကြမ်းဖက်နေကြောင်း Freedom House ပြော ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က မုံရွာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူများအား ဖြိုခွင်းနေကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ။
Citizen Journalist

၂၀၂၁ စစ်အာဏာသိမ်းလိုက်ချိန်ကစလို့ စစ်ကောင်စီဟာ အကြင်နာကင်းမဲ့ပြီး နိုင်ငံတစ်ဝန်း အတောမသတ် ရက်ရက်စက်စက် အကြမ်းဖက်နေတယ်လို့ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီအခြေစိုက် Freedom House နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့က မနေ့က ပြောကြားလိုက်ပါတယ်။

ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ နိုင်ငံရေးလွတ်လပ်ခွင့်တွေနဲ့ပတ်သက်ပြီး သုတေသနလုပ်အကျိုးဆောင်နေတဲ့ Freedom House က မတ် ၉ ရက်မှာ ထုတ်ပြန်တဲ့ ကမ္ဘာ့လွတ်မြောက်ရေး နှစ်ပတ်လည် အစီရင်ခံစာမှာ အဲဒီလိုဖော်ပြလိုက်တာပါ။ တစ်ကမ္ဘာလုံး အတိုင်းအတာအရလည်း လွတ်မြောက်မှုက ၁၇ နှစ်ဆက်တိုက်ကျဆင်းတယ်လို့ ဖော်ပြပါတယ်။

လွတ်မြောက်မှုနဲ့ ဒီမိုကရေစီရေး အဆိုးဝါးဆုံး နောက်ပြန်ဆုတ်ရတဲ့အကြောင်းတွေဟာ လုပ်ပိုင်ခွင့် ဆုပ်ကိုင်ထားပေမယ့် သဘောထားမကြီးသူတွေက ဒီမိုကရေစီနည်းကျ အဖွဲ့အစည်းတွေကို တိုက်ခိုက်တာတွေ၊ စစ်မက်ဖြစ်ပွားတွေ၊ အာဏာသိမ်းမှုတွေရဲ့ရလဒ်လို့ Freedom House က ထောက်ပြပါတယ်။

အာဏာသိမ်းတဲ့အတွက် မြန်မာနိုင်ငံက နယ်မြေအေးချမ်းတည်ငြိမ်ခဲ့တဲ့ ဒေသတွေမှာ စစ်ကောင်စီက နယ်မြေရှင်းတဲ့အခါ ကိုယ့်ရပ်ကိုယ့်ရွာမှာနေ၊ ကိုယ့်ယာကိုယ်လုပ်ကိုင်ခဲ့သူတွေ နေရပ်စွန့်ခွာထွက်ပြေးရတဲ့ဖြစ်ရပ်တွေဟာ စစ်အာဏာသိမ်းမှုရဲ့ ရလဒ်ဖြစ်ပါတယ်။

ဒေသဖွံ့ဖြိုးရေးနိမ့်ကျတဲ့အပြင် လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ချင်းပြည်နယ်ကို စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်နေပြီး ဒီနှစ်ပထမနှစ်လပိုင်းမှာ ၅၃ ကြိမ် ဗုံးကြဲတိုက်ခိုက်တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။ ဒါကြောင့် အိမ်မှာ မနေရဲတော့ဘဲ တောင်ယာစိုက်ခင်းတွေမှာ ပုန်းနေရတယ်လို့ မင်းတပ်ဒေသခံတစ်ယောက်က ပြောပါတယ်။

"လေကြောင်းနဲ့ ဘယ်အချိန်မှာတိုက်လာမလဲ အဲလိုမျိုးဖြစ်တဲ့အခါကျတော့ နောက်ပိုင်းမှာ တောထဲတွေမှာပဲ နေကြတယ်။ မင်းတပ်က ပြည်သူတွေ အကုန်လုံးက တောင်ယာခင်းတွေမှာပဲ သွားရှောင်ကြတယ်။ ဒေသခံကာကွယ်ရေး တပ်တွေကလည်း ကြေညာထားတာ ရှိတယ်ပေါ့။ ကတုတ်ကျင်း တူးကြဖို့ပေါ့။ သတိထားရမယ့်အရာတွေနဲ့ ပတ်သက်ပြီး သတိပေးတာတွေရှိပါတယ်"

ဒါဟာ Freedom House က ထောက်ပြတဲ့အတိုင်း စစ်အာဏာသိမ်းမှုရဲ့ အကျိုးဆက်တွေထဲက တစ်ခုဖြစ်ပါတယ်။

လွတ်မြောက်မှု ကျဆင်းရတဲ့ထဲ စစ်မက်ဖြစ်ပွားတာလည်းပါရှိပြီး ရုရှားက မနှစ်က စတင်ဆင်နွှဲတဲ့ ကျူးကျော်စစ်ဟာ ယူကရိန်း နိုင်ငံကို ရက်ရက်စက်စက် ချေမှုန်းတဲ့အကြောင်းနဲ့ Burkina Faso တူနီးရှား၊ ပီရူးနဲ့ ဘရာဇီးလ် စတဲ့နိုင်ငံတွေမှာ အာဏာသိမ်းတာတွေနဲ့ရွေးကောက်ခံအစိုးရကို ဖျက်လိုဖျက်ဆီး ကြိုးပမ်းတာတွေကြောင့် နိုင်ငံတည်ငြိမ်ရေး ပျက်ပြားရတဲ့အကြောင်း Freedom House က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ကတည်းက အာဏာသိမ်းထားပြီး အခြေခံလွတ်လပ်ခွင့် ယုတ်လျော့ကျဆင်းစေဖို့ စစ်ကောင်စီက ဆက်လက် ဖိနှိပ်နေတယ်လို့ ဆိုပါတယ်။

military0006.jpg
၂ဝ၂၁ ခုနှစ် မတ်လလယ်က စစ်ကိုင်းတိုင်း မုံရွာမြို့တွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသူများအား စစ်တပ်နှင့်ရဲက အကြမ်းဖက်ဖြိုခွဲစဉ်။ (Photo: RFA)

စစ်ကောင်စီကို အာခံတွန်းလှန်သူမှန်သမျှကို နှိမ်နင်းနိုင်ဖို့ ရက်စက်တဲ့နည်းဗျူဟာတွေ တိုးမြှင့်လုပ်ဆောင်နေတယ်လို့လည်း ပြောပါတယ်။ စစ်အာဏာသိမ်းပြီးချိန်ကစလို့ ၂ဝ၂၂ နှစ်မကုန်ခင် လူ ၁၆၈၀၀ နီးပါးဖမ်းဆီးခံရပြီး ၂၇ဝဝ နီးပါး သတ်ဖြတ်ခံရရုံမက လူ ၁၉၀၀ ကျော်ကို ပြစ်ဒဏ်တွေ ချမှတ်ထားတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။

တော်လှန်ခုခံသူတွေကို ဖိနှိပ်နေတဲ့ စစ်ကောင်စီဟာ သတင်းလွတ်လပ်ခွင့်ကိုလည်း ရတဲ့နည်းနဲ့ ပိတ်ပင်နေတာပါ။ facebook လူမှုကွန်ရက်မှာ စစ်ကောင်စီကို ဆန့်ကျင်စာရေးသူပါမချန် အရေးယူနေတဲ့နိုင်ငံမှာ သတင်းသမားတွေအဖို့ ဥပဒေအကာအကွယ် မရှိဘူးလို့ ရန်ကုန်မြို့က တရားလွှတ်တော်ရှေ့နေတစ်ယောက်က ပြောပါတယ်။

“အဲဒါတော့ တိတိကျကျ ဖြေရမယ်ဆိုရင်တော့ အကာအကွယ်မရဘူးလို့ ဖြေရမှာ ဖြစ်ပါတယ်။ အကာအကွယ်မရဘူးဆိုတဲ့ နေရာမှာလည်း နှစ်ပိုင်း၊ တစ်ပိုင်းက သတင်းမီဒီယာသမားဟာ သတင်းလုပ်ငန်းကို လုပ်ရင် သတင်းမီဒီယာ ပုဒ်မ - ၇ အရ သူ့ကို ဖမ်းဆီးခွင့်မရှိဘူး။ သူတို့ သုံးထားတဲ့ သတင်းမီဒီယာနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ သိမ်းဆည်းခွင့်မရှိဘူး။ သူတို့ ရိုက်ကူးထားတဲ့ အသံဖိုင်တွေ၊ ဗီဒီယိုဖိုင်တွေ ဖျက်ဆီးခွင့်မရှိဘူးလို့ တိတိကျကျ ပြဋ္ဌာန်းထားသော်လည်းပဲ ဒီဥပဒေက အကာအကွယ်မပေးနိုင်ဘူး”

၂ဝ၂၂ ဒီဇင်ဘာ ၁၄ ရက်ထိ ကမ္ဘာမှာ တရုတ်နိုင်ငံပြီးရင် မြန်မာနိုင်ငံက သတင်းသမားတွေ အများဆုံး အကျဉ်းကျရတယ်လို့လည်း RSF- နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ပြောပါတယ်။ တရုတ်နိုင်ငံက သတင်းထောက် ၉၉ ယောက် အကျဉ်းကျနေပြီး မြန်မာသတင်းသမား ၆၂ ယောက် အကျဉ်းကျတယ်လို့ ဖော်ပြပါတယ်။

ဘာသာရေးလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့လည်း လူနည်းစုသက်ဝင်ယုံကြည်တဲ့ ကိုးကွယ်ရာဘာသာ၊ အထူးသဖြင့် အစ္စလာမ်ဘာသာကို ခွဲခြားဆက်ဆံတယ်လို့ Freedom House အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။