အာဏာသိမ်းပြီးနောက် လူလေးသောင်းခွဲကျော် သေဆုံးခဲ့ကြောင်း အမေရိကန်ပြော

RFA Burmese
2024.05.30
အာဏာသိမ်းပြီးနောက် လူလေးသောင်းခွဲကျော် သေဆုံးခဲ့ကြောင်း အမေရိကန်ပြော ၂ဝ၂၁ ခုနှစ် မတ်လ ၂၉ ရက်နေ့က စစ်ကိုင်းတိုင်း၊ မုံရွာတွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြပွဲ ဖြိုခွင်းမှုအတွင်း သေဆုံးခဲ့ရသူတစ်ဦး၏ နာရေးမြင်ကွင်း။
Photo: AFP

အာဏာသိမ်း စစ်ကောင်စီလက်အောက်မှာ ဒုက္ခမျိုးစုံခံနေရတဲ့ မြန်မာပြည်က ကလေးတွေ၊ လူငယ်တွေအကြောင်း ကုလသမဂ္ဂဌာနချုပ် မေ ၂၉ ရက်က လုံခြုံရေးကောင်စီမှာ ဆွေးနွေးခဲ့ကြပါတယ်။ ဗြိတိန်နိုင်ငံက ဦးဆောင်ဆွေးနွေးတာဖြစ်ပြီး အမေရိကန်၊ တရုတ်၊ ရုရှားတို့လည်း ပါဝင်ဆွေးနွေးခဲ့ပါတယ်။

"မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ လက်နက်ကိုင်ပဋိပက္ခဆိုးဆိုးရွားရွား ဖြစ်နေတဲ့ နိုင်ငံ တစ်နိုင်ငံဖြစ်နေပါပြီ။"

စစ်တပ်အာဏာသိမ်းပြီးနောက် သတ်ဖြတ်ခံရတဲ့သူ လူပေါင်း ၄၇ဝဝဝ လောက် ရှိနေပြီလို့ အမေရိကန်ပြည်ထောင်စုဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး လင်ဒါ သောမတ်စ် ဂရင်းဖီးလ် (Linda Thomas-Greenfield) က ဒီဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။

"လွတ်လပ်တဲ့အဖွဲ့တွေရဲ့ အစီရင်ခံစာတွေအရ အာဏာသိမ်းပြီးတဲ့နောက် သေဆုံးရတဲ့သူ အနည်းဆုံး ၄၇ဝဝဝ လောက်ရှိနေပြီး မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ လက်နက်ကိုင်ပဋိပက္ခဆိုးဆိုးရွားရွား ဖြစ်နေတဲ့ နိုင်ငံ တစ်နိုင်ငံဖြစ်နေပါပြီ။ ရွာတွေကို မီးရှို့တာ၊ လူတွေကို ဖမ်းဆီးနှိပ်စက်ပြီး၊ ခေါင်းဖြတ်သတ်နေတာတွေ အပါအဝင် ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စစ်ကောင်စီက ဆက်လက်ကျူးလွန်နေပြီး၊ ဒါတွေကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ရှုတ်ချပါတယ်"

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြန်မာစစ်တပ်အပေါ် လေယာဉ်ဆီဖြတ်တောက်ဖို့လည်း ထပ်မံတောင်းဆိုတယ်လို့ သူကပြောခဲ့ပါတယ်။

ဒီဆွေးနွေးပွဲကို ဦးဆောင်ကျင်းပတဲ့ ဗြိတိန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး ဂျိမ်းစ် ကာရီယူရီ (James Kariuki) ကတော့ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် အရပ်သားပြည်သူတွေ ဖိနှိပ်ခံနေရကြောင်း၊ အထူးသဖြင့် ကလေးတွေနဲ့လူငယ်တွေဟာ အဲဒီဖိနှိပ်တဲ့ဒဏ်တွေကို ပိုခံစားနေရတယ်လို့ ပြောပါတယ်။

"စာသင်ကျောင်းတွေ၊ ကျန်းမာရေးအဆောက်အဦတွေ အပါအဝင် အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာ ချက်ချင်းရပ်ဖို့ မြန်မာစစ်တပ်ကို ကျွန်တော်တို့ တိုက်တွန်းပါတယ်"

ဒီ ၂ဝ၂၄ ခုနှစ်ထဲမှာတင် ကလေးအယောက် ၁၅ဝ လောက် သတ်ဖြတ်ခံခဲ့ရပြီး၊ မြန်မာနိုင်ငံမှာရှိတဲ့ ကလေးငယ် ထက်ဝက်ကျော်ဟာ ပညာသင်ကြားခွင့်မရကြဘူးလို့လည်း ပြောပါတယ်။

စစ်ကောင်စီနဲ့ ဆက်ဆံရေးကောင်းမွန်တဲ့ ရုရှားနိုင်ငံဆိုင်ရာ ကုလကိုယ်စားလှယ်ကတော့ စစ်ကောင်စီဘက်ကနေ ကာကွယ်ပြောဆိုခဲ့ပါတယ်။

"မြန်မာစစ်ကောင်စီနဲ့ ဆွေးနွေးရမဲ့အစား ဒဏ်ခတ်ပိတ်ဆို့နေတာ၊ ခြိမ်းခြောက်ပြောဆိုနေတာတွေဟာ မြန်မာ့အရေးဖြေရှင်းဖို့ ကောင်းတဲ့ချဉ်းကပ်နည်းတွေ မဟုတ်ပါဘူး။ ဒီဒဏ်ခတ်ပိတ်ဆို့မှုတွေက မြန်မာပြည်သူတွေကိုပဲ အထိနာစေတာပါ"

တရုတ်နိုင်ငံဆိုင်ရာ ကုလကိုယ်စားလှယ်ကလည်း မြန်မာ့အရေး ဒေသတွင်းနိုင်ငံတွေက ဖြေရှင်းနေတာတွေကို စိတ်ရှည်ရှည်နဲ့ အရင်စောင့်ကြည့်ကြဖို့ ပြောခဲ့ပါတယ်။

ဗြိတိန်နဲ့ အမေရိကန် အပါအဝင် တခြားကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေကတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ချမှတ်ထားတဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်ပါ အချက်တွေကို လိုက်နာဖို့ စစ်ကောင်စီကို ထပ်မံတိုက်တွန်းလိုက်ကြပါတယ်။

"မြန်မာပြည်အရေး ကူညီချင်တယ်ဆိုရင် တကယ့်အခြေအနေအမှန်ကို နားလည်ပြီး စိတ်ရှည်ဖို့လိုပါတယ်။ အိမ်နီးချင်းတိုင်းပြည်တွေရဲ့ အသံတွေကို နားထောင်ဖို့လိုပါတယ်။ အခြေအနေပိုဆိုးအောင်မလုပ်ဘဲ အိမ်နီးချင်းတွေရဲ့ လုပ်ဆောင်ချက်တွေကို အထောက်အပံ့ပေးဖို့လိုပါတယ်"

မြန်မာနိုင်ငံဟာ တရုတ်ရဲ့အိမ်နီးချင်းအာဆီယံအဖွဲ့ဝင် တစ်နိုင်ငံဖြစ်ပြီး၊ မြန်မာ့အရေးအတွက် တရုတ်နဲ့ အာဆီယံက လတ်တလောကြားဝင်ဆောင်ရွက်နေတာ ရလဒ်ကောင်းတွေရှိနေပြီလို့လည်း သူကပြောခဲ့ပါတယ်။

အမေရိကန်၊ ဗြိတိန်တဲ့ တခြားကုလအဖွဲ့ဝင်နိုင်ငံတွေကတော့ စစ်ကောင်စီအနေနဲ့ ကုလလုံခြုံရေးကောင်စီက ချမှတ်ထားတဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်တွေကို လိုက်နာဖို့ ထပ်မံတိုက်တွန်းလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။