အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ မိန့်ခွန်းကောက်နုတ်ချက်
2022.03.21

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ဝါရှင်တန်ဒီစီမြို့ လူမျိုးတုံးသတ်ဖြတ်မှု မှတ်တမ်း ပြတိုက်မှာ ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်က ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံကနေ မောင်းထုတ်ဖို့ ကြိုးစားခဲ့တဲ့ ဖြစ်ရပ်တွေကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် အမေရိကန်အစိုးရက တရားဝင်သတ်မှတ်တဲ့အကြောင်း နာရီဝက်ကြာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။
အဲဒီ မိန့်ခွန်းထဲမှာ မစ္စတာဘလင်ကန်က အခုအချိန်မှာ ရုရှားနိုင်ငံရဲ့ ကျူးကျော်ခြင်းခံနေရတဲ့ ယူကရိန်းနိုင်ငံအတွက် ယူကရိန်းပြည်သူတွေနဲ့အတူ ရပ်တည်တယ်လို့ ပြောနေကြပေမယ့် တရုတ်နိုင်ငံက ဝှီဂါလူမျိုးတွေ၊ အီသီယိုးပီးယားပြည်သူတွေနဲ့ ဆူဒန်နိုင်ငံက ပြည်သူတွေဟာလည်း အလားတူ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ရင်ဆိုင်နေရတာကို မေ့မထားသင့်တဲ့အကြောင်း ပဏာမပြောလိုက်ပါတယ်။
အမေရိကန်နိုင်ငံဟာ ဒုတိယကမ္ဘာစစ် နောက်ပိုင်းမှာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ကြောင်း ကြေညာချက် ခုနစ်ကြိမ်တိတိ ထုတ်ပြန်ခဲ့ပြီး ဒီနေ့မှာတော့ ရှစ်ကြိမ်မြောက် လူမျိုးတုံးသတ်ဖြတ်မှု ကြေညာချက်ကို ထုတ်ပြန်လိုက်တာ ဖြစ်တယ်လို့ အန်တိုနီဘလင်ကန်က ပြောပါတယ်။
“ဒီနေ့မှာ၊ မြန်မာစစ်တပ်ရဲ့တပ်ဖွဲ့ဝင်တွေဟာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)နဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု (Crime Against Humanity) တွေ ကျူးလွန်ကြောင်း သတ်မှတ်လိုက်ပါတယ်။ ကျွန်တော်တို့ဟာ လူ့အခွင့်အရေးအဖွဲ့တွေဆီက လွတ်လပ်ပြီး ဘက်လိုက်မှုကင်းတဲ့ သတင်းအချက်အလက်တွေနဲ့ သတင်းရင်းမြစ်တွေနဲ့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ကိုယ်ပိုင်လေ့လာစုံစမ်းတွေ့ရှိချက်တွေကို အခြေခံပြီး ဒီဆုံးဖြတ်ချက်ကို စိစစ်သုံးသပ်ပြီးမှ ဒီဆုံးဖြတ်ချက်ကို ချမှတ်လိုက်တာ ဖြစ်ပါတယ်”
ဒီလိုဆုံးဖြတ်ရာမှာ အမေရိကန်နိုင်ငံခြားရေးဌာနဟာ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW ၊ Amnesty International၊ Fortify Rights တို့လို လူ့အခွင့်အရေး အဖွဲ့တွေနဲ့ လူမျိုးတုံးသတ်ဖြတ်မှု မှတ်တမ်းပြတိုက်ကနေ တည်ထောင်ထားတဲ့ ဆိုင်မွန်၊ စကာ့ဒ် စင်တာတို့ကနေ ထုတ်ပြန်တဲ့ အစီရင်ခံစာတွေကို အခြေခံထားတယ်လို့လည်း သူက ပြောပါတယ်။
၂၀၁၆ ခုနှစ်မှာ မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ရိုဟင်ဂျာတစ်သိန်းနီးပါး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရကြောင်း၊၂ဝ၁၇ ခုနှစ်မှာတော့ ရိုဟင်ဂျာ ၉ဝဝဝကျော် သတ်ဖြတ်ခံရပြီး၊ ခုနစ်သိန်းလေးသောင်းလောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို မောင်းထုတ်ခံခဲ့ရကြောင်း၊ သက်သေအထောက်အထားတွေအရ ဒီအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေရဲ့ နောက်မှာ ရိုဟင်ဂျာတွေကို လူမျိုးတစ်မျိုးလုံးကို ဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ ဖျက်ဆီးပစ်ဖို့ ရည်ရွယ်ချက်ရှိနေတာ ထင်ထင်ရှားရှား ပြသနေတဲ့အကြောင်း၊ အဲဒီစစ်ဆင်ရေးမှာ ပါဝင်ခဲ့ပြီးနောက်ပိုင်း တပ်ကနေ စွန့်ခွာထွက်ပြေးလာတဲ့ တပ်သားအချို့ရဲ့ ထွက်ဆိုချက်တွေကိုထောက်ပြပြီး မစ္စတာဘလင်ကန်က ပြောပါတယ်။
“ရိုဟင်ဂျာတွေကို တိုက်ခိုက်သတ်ဖြတ်ခံရတဲ့ ဖြစ်ရပ်တွေဟာ ကျယ်ပြန့်ပြီး စနစ်တကျနဲ့ ကျူးလွန်ခဲ့တာ တွေ့ရပါတယ်။ ဒါဟာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်ကြောင်း ဆုံးဖြတ်ဖို့ အလွန်အရေးကြီးတဲ့အချက် ဖြစ်ပါတယ်။ သက်သေအထောက်အထားတွေအရ ဒီအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေရဲ့ နောက်မှာ ရိုဟင်ဂျာတွေကို လူမျိုးတစ်မျိုးလုံးကို ဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကို ဖြစ်စေ ဖျက်ဆီးပစ်ဖို့ ရည်ရွယ်ချက်ရှိနေတာ ထင်ထင်ရှားရှား ပြသနေပါတယ်။ အဲဒီစစ်ဆင်ရေးမှာ ပါဝင်ခဲ့ပြီးနောက်ပိုင်း တပ်ကနေ စွန့်ခွာထွက်ပြေးလာတဲ့ တပ်သားအချို့က သူတို့ကို ရိုဟင်ဂျာတွေကို မြင်မြင်သမျှ တစ်ယောက်မှ မကျန်အောင် ပစ်သတ်ပစ်ဖို့ ကျေးရွာတွေကို မီးရှို့ဖို့ အမျိုးသမီးတွေကို မုဒိမ်းကျင့်သတ်ဖြတ်ဖို့ အထက်အရာရှိတွေက အမိန့်ပေးခဲ့တဲ့အကြောင်း ထွက်ဆိုချက်တွေကို ကြည့်ရင် ဒီလိုလူမျိုးတုံးအောင် လုပ်ဖို့ ရည်ရွယ်ချက်နဲ့ ကျူးလွန်ခဲ့တာကို တွေ့နိုင်ပါတယ်”
ဒါ့အပြင် သြဂုတ်လ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာ တာဝန်ကျနေတဲ့ တပ်မတော်အရာရှိအချို့ရဲ့ ဆိုရှယ်မီဒီယာတွေအပေါ်မှာ ပြောဆိုရေးသားချက်တွေနဲ့ အဲဒီ စစ်ဆင်ရေးတွေကို ကိုယ်တိုင်တာဝန်ယူခဲ့တဲ့ စစ်ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁ ရက်မှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းပါ ပြောကြားချက်တွေဟာလည်း မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်ဖို့ ရည်ရွယ်ချက်ရှိနေတာကို ပြသနေကြောင်းနဲ့ အဲဒီ စစ်ဦးစီးချုပ်ကပဲ ဒီမိုကရေစီ နည်းကျ ရွေးကောက်ခံထားတဲ့ အစိုးရကို ဖြုတ်ချအာဏာသိမ်းပြီး၊ လက်ရှိမှာ မြန်မာပြည်သူကို ဖိနှိပ်နေတဲ့ စစ်ကောင်စီကို ဦးဆောင်နေတာဖြစ်တဲ့အကြောင်း အန်တိုနီ ဘလင်ကန်က ပြောပါတယ်။

ဒီနေ့ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုဖြစ်ကြောင်း ဆုံးဖြတ်ချက်ဟာ ရိုဟင်ဂျာတွေအတွက် ဦးတည်ချမှတ်လိုက်တာ ဖြစ်ပေမယ့် မြန်မာစစ်တပ်ဟာ မြန်မာနိုင်ငံအနှံ့ အခြားဘာသာရေးနဲ့ လူမျိုးရေးအရ လူနည်းစုတွေအပေါ်မှာ သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တာ ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီဖြစ်တဲ့အကြောင်းနဲ့ လက်ရှိမှာလည်း မြန်မာစစ်တပ်ဟာ အာဏာသိမ်းဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူတွေ၊ ဆန္ဒပြကျောင်းသားတွေ၊ အစိုးရဝန်ထမ်းတွေ၊ ကျန်းမာရေးလုပ်သားတွေနဲ့ ဂျာနယ်လစ်တွေကို ရက်ရက်စက်စက် နှိပ်ကွပ်နေတာ တွေ့နိုင်တဲ့အကြောင်း ပြောလိုက်ပါတယ်။
အမေရိကန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ စစ်တပ်က ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် အထောက်အထားတွေ စုဆောင်းနေတဲ့ ကုလ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးယန္တရား IIMM နဲ့ ကုလအချက်အလက်ရှာဖွေရေးမစ်ရှင်အဖွဲ့တွေကို ပံ့ပိုးကူညီသွားမှာ ဖြစ်ပြီး၊ အမေရိကန်ဒေါ်လာတစ်သန်းနီးပါး ထည့်ဝင်သွားမယ်လို့လည်း အန်တိုနီ ဘလင်ကန်က ပြောပါတယ်။
အလားတူပဲ မြန်မာနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှု ကွန်ဗင်းရှင်း သဘောတူညီချက်တွေ ချိုးဖောက်မှုအတွက် ICJ တရားရုံးမှာ စွဲဆိုထားတဲ့ အမှုအတွက်လည်း ဂမ်ဘီယာနိုင်ငံကို အချက်လက်တွေ မျှဝေထားတဲ့အကြောင်း၊ အမေရိကန်နိုင်ငံဟာ ၂၀၁၇ ခုနှစ်ကတည်းက မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေအတွက် အမေရိကန်ဒေါ်လာ ၁.၆ ဘီလီယံလောက်အထိ အကူအညီပေးခဲ့ကြောင်းနဲ့ မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်းရောင်းချမှု ပိတ်ပင်ဖို့အတွက်လည်း ကုလသမဂ္ဂ၊ OIC၊ G7 စက်မှုထိပ်သီးနိုင်ငံတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တဲ့အကြောင်း သူက ပြောသွားပါတယ်။
အမေရိကန်နိုင်ငံဟာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု လမ်းကြောင်းကနေ လွတ်မြောက်အောင် ကူညီဖို့၊ အမှန်တရားနဲ့ ကျူးလွန်သူတွေကို အရေးယူနိုင်ဖို့နဲ့ ရိုဟင်ဂျာတွေဟာ အခြားမြန်မာနိုင်ငံက ပြည်သူတွေနဲ့အတူတူ လူ့အခွင့်အရေးနဲ့ ဂုဏ်သိက္ခာမဆုံးရှုံးဘဲ သူတို့ရဲ့အမိမြေမှာ ပြန်လည်နေထိုင်နိုင်ဖို့အတွက် သန္နိဌာန်ချမှတ်ထားကြောင်း ဒီနေ့ ကြေညာချက်က ပြသလိုက်တာ ဖြစ်တယ်လို့လည်း အန်တိုနီ ဘလင်ကန်က ပြောကြားပြီး မိန့်ခွန်းကို နိဂုံးချုပ်ခဲ့ပါတယ်။