ဒူတာတေးအဖမ်းခံရတာ မြန်မာစစ်ခေါင်းဆောင်ကို သတိပေးချက်ဖြစ်နိုင်ကြောင်းထောက်ပြ
2025.03.11

နိုင်ငံတကာရာဇဝတ်မှုတရားရုံး (ICC) က Crime Against Humanity ဆိုတဲ့ လူသားဖြစ်တည်မှုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုနဲ့အလိုရှိနေတဲ့ ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးကို မတ်လ ၁၁ ရက် အင်္ဂါနေ့က ဟောင်ကောင်ကနေအပြန် မနီလာမြို့လေဆိပ်မှာဖမ်းပြီး နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ကို ပို့လိုက်ပါတယ်။ ICC ထုတ်ထားတဲ့ ဖမ်းဝရမ်းကိုပေးအပ်ပြီး ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တာပါ။
နယူးယောက်တိုင်းမ်သတင်းဌာနက ဖတ်ရှုခွင့်ရခဲ့တဲ့ ICC ဖမ်းဝရမ်းထဲမှာ ၂၀၁၁ ကနေ ၂၀၁၉ ခုနှစ် သူ့သမ္မတသက်တမ်းမှာ မူးယစ်ဆေးနှိမ်နင်းရေးဆိုတဲ့ခေါင်းစဉ်နဲ့ တရားလက်လွတ်သတ်ဖြတ်မှုတွေ ဖြစ်ခဲ့တာတွေအပေါ် ဒူတာတေးမှာ တာဝန်ရှိတယ်လို့ ယုံကြည်ရတဲ့အတွက် ဖမ်းဆီးဖို့ ဝရမ်းထုတ်တာ ဖြစ်တဲ့အကြောင်း ရေးထားပါတယ်။
"ဒူတာတေး အဖမ်းခံရတာ မြန်မာစစ်ခေါင်းဆောင်ကို သတိပေးချက် ဖြစ်နိုင်တယ်လို့ ပြောချင်ပါတယ်"
သမ္မတဟောင်း ဒူတာတေးဟာ ဒါဗိုစ်မြို့တော်ဝန်အဖြစ် တာဝန်ယူခဲ့တဲ့အချိန်မှာရော သမ္မတအဖြစ် တာဝန်ယူနေတဲ့အချိန်မှာပါ မူးယစ်ဆေးနှိမ်နင်းရေး စီမံချက်တွေကို ဆောင်ရွက်ရာမှာ သံသယရှိသူတွေကို တရားစီရင်စစ်ဆေးမှုမရှိဘဲ သတ်ဖြတ်တာတွေ ပေါ်ပေါက်ခဲ့တဲ့အတွက် လူသားဖြစ်တည်မှုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုအဖြစ်၂၀၁၈ ခုနှစ်ကတည်းက ICC က စုံစမ်းစစ်ဆေးနေတာ ဖြစ်ပါတယ်။
တရားမစီရင်ဘဲ သတ်ဖြတ်မှုတွေကျူးလွန်ဖို့ အမိန့်ပေးခဲ့တာမရှိဘူးလို့ ဒူတာတေး ငြင်းဆိုတာတွေကိုလည်း နိုင်ငံတကာသတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။ ဒူတာတေးလိုပဲ အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုနဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ကိုလည်း လူသားဖြစ်တည်မှုကို ဆန့်ကျင်တဲ့ ရာဇဝတ်ကျူးလွန်မှုတွေနဲ့ ICC တရားရုံးက စွဲချက်တင်ထားပါတယ်။
ဒါကြောင့် ဒူတာတေး အဖမ်းခံရတာကိုကြည့်ရင် မြန်မာစစ်ခေါင်းဆောင်နဲ့ အပေါင်းအပါတွေအတွက် ပြေးမလွတ်ဘူးဆိုတာ ပြသနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံးပြောခွင့်ရသူ ဦးကျော်ဇော်က ပြောပါတယ်။
“ကျွန်တော်တို့ မြန်မာနိုင်ငံမှာရှိတဲ့ စစ်ခေါင်းဆောင်တွေကို ပြောချင်တာက၊ ICC ရှေ့နေချုပ်က ဖမ်းဝရမ်းထုတ်ဖို့ တရားရုံးကို ထောက်ခံထားတယ်။ ဖမ်းဝရမ်းထုတ်ပြီးရင် သူ့ရဲ့ လက်အောက်ခံ ရဲတပ်ဖွဲ့ကလည်း ဖမ်းဖို့ တာဝန်ရှိသွားတယ်။ အဲတော့ ဘာကို ပြနေသလဲဆိုတော့ တရားဥပဒေအရ အရေးယူတဲ့ဟာကို ရင်ဆိုင်ဖို့ ဘယ်လိုမှ ရှောင်ပြေးလို့မရဘူးဆိုတာ သူတို့ သတိမူဖို့ လိုလိမ့်မယ်။ အရင်တုန်းကလည်း ယူဂိုဆလားဗီးယား ခေါင်းဆောင်ဟောင်းတွေကို ICC တရားရုံးကနေ ဖမ်းဝရမ်းထုတ်တာ၊ ကိုဆိုဗို ကိစ္စတွေမှာ အချိန်အတိုင်းအတာ တစ်ခုမှာ သူတို့တွေ တရားရုံးမှာ ရင်ဆိုင်ရတဲ့ အနေအထားရောက်တယ်ဆိုတာ တွေ့ရှိနိုင်တယ်”
ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေချုပ် ကာရင် အာဆက် အာမက်ခန် (Karim AA Khan) က ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ICC တရားရုံးကို လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။
ဒူတာတေးကို ဖမ်းဆီးနိုင်ခဲ့တာဟာ ICC တရားရုံးမှာ ထိရောက်တဲ့ လုပ်ပိုင်ခွင့်တွေရှိနေတယ်ဆိုတာ ပြသနေတယ်လို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ မဝေဝေနုက ပြောပါတယ်။
“ဒီအာရှမှာ ဒီလိုမျိုး အာဏာရှင်တစ်ယောက်၊ နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တဲ့ သမ္မတဟောင်း တစ်ယောက်ကို ဖမ်းဆီးနိုင်ခဲ့တယ်ပေါ့နော်။ ဒီလိုမျိုး ဆိုးဝါးတဲ့ရာဇဝတ်မှုတွေ၊ နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်ထားပြီးပြီဆိုရင်တော့ တစ်ချိန်မဟုတ်တစ်ချိန် ဖမ်းဆီးခံရမှာပဲ။ အပြစ်ပေး အရေးယူခံရမှာပဲ။ အခုလည်း မြန်မာပြည်မှာ မင်းအောင်လှိုင်အပါအဝင် ကျွန်မတို့ပြည်သူတွေအပေါ်မှာ ဆိုးဝါးတဲ့ ရာဇဝတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်စုပေါ်မှာ ကျူးလွန်တဲ့ရာဇဝတ်မှုတွေ နောက် ဂျီနိုဆိုက်တွေ ကျူးလွန်နေတဲ့လူတွေကိုလည်း တစ်ချိန်မဟုတ်တစ်ချိန် ဖမ်းဆီးပြီး အရေးယူခံရမှာ ဖြစ်တယ်လို့ပဲ ကျွန်မမြင်တယ်။ ပြေးမလွတ်ပါဘူး”
ဒူတာတေးရဲ့ အဖြစ်ဟာ မြန်မာစစ်ခေါင်းဆောင်တွေကို သတိပေးချက်ဖြစ်တယ်လို့ မြန်မာစစ်ခေါင်းဆောင်တွေကို အာဂျင်တီးနားတရားရုံးမှာ တရားလိုအဖြစ် စွဲဆိုခဲ့တဲ့ မြန်မာရိုဟင်ဂျာအသင်း (ယူကေ) တည်ထောင်သူ ဦးထွန်းခင်က ပြောပါတယ်။
“ကျွန်တော်တို့အနေနဲ့ ဖိလစ်ပိုင် သမ္မတဟောင်းကို ICC တရားရုံးကနေ ဖမ်းဝရမ်းထုတ်ပြီး ဖမ်းဆီး နိုင်တယ်လို့ ကြားရတာ တော်တော်လေးဝမ်းသာပါတယ်။ ရာဇဝတ်မှုတွေ ဘယ်သူမဆို လုပ်လို့ရမယ်။ ဒါပေမဲ့ ပြေးလို့မလွတ်ဘူး။ တစ်ချိန်ချိန်မှာတော့ ခင်ဗျားတို့ ခံရမှာပဲ။ အခု စစ်ခေါင်းဆောင် မင်းအောင်လှိုင်အတွက်လည်း အာဂျင်တီးနားတရားရုံးကနေ ဖမ်းဝရမ်းထုတ်ထားတယ်။ ဒါကလဲ တစ်ချိန်ချိန်မှာ အင်တာပိုလ်ရဲတွေနဲ့ ပူးပေါင်းပြီး အဖမ်းခံရမှာပဲ။ ဒီနေ့မှာ သူက မဟုတ်မတရား အာဏာကို ချုပ်ကိုင်ထားပေမဲ့ တစ်ချိန်ချိန် သူအာဏာမရှိတဲ့အချိန်မှာ ဒါမှမဟုတ် သူ အာဏာရှိပေမဲ့ နိုင်ငံခြားထွက်တဲ့ အချိန်မှာ အဖမ်းခံရမှာ ကျိန်းသေတယ်။ ဒူတာတေး အဖမ်းခံရတာ မြန်မာစစ်ခေါင်းဆောင်ကို သတိပေးချက် ဖြစ်နိုင်တယ်လို့ ပြောချင်ပါတယ်”
ဆက်နွှယ်သောသတင်းများ
စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေချုပ် တောင်းဆို
မြန်မာစစ်ခေါင်းဆောင် အပါအဝင် ၂၅ ဦးကို အာဂျင်တီးနားတရားရုံး ဖမ်းဝရမ်းထုတ်
အာဂျင်တီးနားဖမ်းဝရမ်း အင်တာပို အကောင်အထည်ဖော်ဖို့ တိုက်တွန်း
ဖိလစ်ပိုင်နိုင်ငံဟာ ICC တရားရုံးအဖွဲ့ဝင်အဖြစ်က နုတ်ထွက်ခဲ့ပြီးဖြစ်တာကြောင့် အခုလို ဖမ်းဆီးမှုဟာ တရားမဝင်ဘူးလို့ ဒူတာတေးကို ထောက်ခံသူတွေက ပြောဆိုနေကြပါတယ်။ ဒါပေမဲ့ ICC ရဲ့ ဖမ်းဝရမ်းမှာတော့ ဖိလစ်ပိုင်နိုင်ငံ အဖွဲ့ဝင်ဖြစ်နေဆဲကာလမှာ ကျူးလွန်ခဲ့တဲ့ သတ်ဖြတ်မှုတွေအတွက် စွဲချက်တင်ထားတာဖြစ်တာကြောင့် ဖမ်းဆီးခွင့်ရှိတယ်လို့ ရေးသားထားတဲ့အကြောင်း နယူးယောက်တိုင်းမ်သတင်းမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံကတော့ ICC အဖွဲ့ဝင်နိုင်ငံ မဟုတ်ပါဘူး။ ဒါပေမဲ့ ရိုဟင်ဂျာတွေကိစ္စနဲ့ပတ်သက်ပြီး ICC အဖွဲ့ဝင်နိုင်ငံတွေမှာ အရေးယူနိုင်မလားဆိုတာ စုံစမ်းစစ်ဆေးပေးဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက တင်ပြထားတဲ့အတွက် ICC ရာဇဝတ်ခုံရုံးရဲ့ ရှေ့နေအဖွဲ့က ၂၀၁၉ ခုနှစ်ကစပြီး လေ့လာနေပါတယ်။
အဲဒီအပြင် ICJ ဆိုတဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးအဖွဲ့ဝင်ဖြစ်တဲ့အတွက် ရိုဟင်ဂျာတွေကို လူမျိုးတုံးသုတ်သင်ရှင်းလင်းမှုနဲ့ ဂမ်ဘီယာနိုင်ငံက တရားစွဲထားတာကို ရင်ဆိုင်နေရပါတယ်။