အာဂျင်တီးနားဖမ်းဝရမ်း အင်တာပို အကောင်အထည်ဖော်ဖို့ တိုက်တွန်း

RFA Burmese
2025.03.10
အာဂျင်တီးနားဖမ်းဝရမ်း အင်တာပို အကောင်အထည်ဖော်ဖို့ တိုက်တွန်း ရခိုင်ပြည်နယ်တွင် စစ်တပ်၏ နယ်မြေရှင်းလင်းမှုအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာကြသော ရိုဟင်ဂျာဒုက္ခသည်များကို ၂ဝ၁၇ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့က တွေ့ရစဉ်။
AFP

ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်လို့ အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်းထုတ်ထားမှုကို နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ ရဲအဖွဲ့ (interpol) ကတစ်ဆင့် ဖမ်းဆီးမိန့်တွေ ထုတ်ပြန်ရေး တောင်းဆိုပေးဖို့ အာဂျင်တီးနားအစိုးရကို တိုက်တွန်းကြောင်း သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့ (Blood Money Campaign - BMC) က မတ်လ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေဟာ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၂ ခုနှစ်မှာ ဖြစ်ပွားခဲ့သလို အရပ်သားအစိုးရတက်လာပြီးနောက် ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေမှာလည်း လူမျိုးတုံးသတ်ဖြတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ဒီအပေါ် အရပ်သားအစိုးရကလည်း ပြည်သူလူထုကို အကာအကွယ်မပေးနိုင်ခဲ့ဘူးလို့ သွေးစွန်းငွေ ဖြတ်တောက်ရေးအဖွဲ့က ပြောပါတယ်။ ဒါကြောင့် အာဂျင်တီးနားတရားရုံးဟာ လွတ်လပ်ပြီး ဘက်လိုက်မှုမရှိတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ခဲ့တာလို့ ယုံကြည်ကြောင်း ဖော်ပြထားပါတယ်။

အာဂျင်တီးနားရဲ့ ဖမ်း၀ရမ်းမှာ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေအပြင် သမ္မတဟောင်း ဦးထင်ကျော်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကိုပါ ထည့်သွင်းထားတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ သူတို့နှစ်ဦးကို စစ်ခေါင်းဆောင်တွေနည်းတူ လူမျိုးတုံးသတ်ဖြတ်မှု တရားခံစာရင်းမှာ ထည့်သွင်းပြီး ဖမ်းဝရမ်းထုတ်ဖို့ ကြိုးပမ်းနေတာဟာ မှားယွင်းတဲ့ စွပ်စွဲဆောင်ရွက်ချက်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေနဲ့ပတ်သက်ပြီး အရေးယူပေးဖို့ ဗြိတိန်နိုင်ငံအခြေစိုက် BROUK အဖွဲ့က ၂၀၁၉ ခုနှစ်က အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ် တရားရုံးကို တိုင်ကြားခဲ့တာပါ။

ဒီတိုင်ကြားခဲ့တဲ့အပေါ် အာဂျင်တီးနားနိုင်ငံ တရားရုံးက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် စစ်တပ်တာဝန်ရှိသူတွေနဲ့ အဲဒီကာလက အစိုးရကိုယ်စား တာဝန်ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ဦးထင်ကျော်တို့ကိုပါ ဖမ်းဆီးဖို့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ဝရမ်းထုတ်ပြန်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။