“တရုတ်စီမံကိန်း၊ မြန်မာကို ကန် အကြံပေးခဲ့”
2019.04.12

မြန်မာအစိုးရက တရုတ်အစိုးရအကူအညီနဲ့ ဆောင်ရွက်မယ့် ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ စီးပွားရေးဇုန် စီမံကိန်းကို မူလက အမေရိကန် ဒေါ်လာ ၇.၃ ဘီလီယံ အကုန်အကျခံ ဆောင်ရွက်မယ်လို့ သဘောတူ ထားခဲ့ရာကနေ ကနဦးလုပ်ငန်းတွေကို ဒေါ်လာ သန်း တထောင့်သုံးရာနဲ့ပဲ စတင်ဖို့ ပြောင်းလဲဆုံးဖြတ်ခဲ့ပါတယ်။
အရင် အစိုးရလက်ထက်က တရုတ်အစိုးရနဲ့ သဘောတူခဲ့တဲ့ အဲဒီ စီမံကိန်းကို ဒီလောက်များပြားတဲ့ ငွေတွေအကြွေးယူ ဆောင်ရွက်ဖို့ မသင့်ဘူးဆိုပြီး လက်ရှိ NLD အစိုးရက သဘောတူညီချက် အသစ် ရရှိအောင် ညှိနှိုင်းနိုင်ခဲ့တဲ့ အဖြစ်အပျက်ရဲ့ နောက်ကွယ်မှာ အမေရိကန်အစိုးရရဲ့ ပါဝင်ကူညီမှုရှိနေခဲ့တယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာအစိုးရကို ကူညီဖို့အတွက် အမေရိကန်အစိုးရဟာ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ရှေ့နေတွေနဲ့ သံတမန်တွေပါဝင်တဲ့ အထူးအဖွဲ့တခုကို မြန်မာနိုင်ငံ စေလွှတ်ခဲ့ပါတယ်။ အဲဒီ အဖွဲ့မှာ ပါဝင်သူတွေက တရုတ် အဖွဲ့အစည်းတွေ ကုမ္ပဏီတွေနဲ့ သဘောတူညီချက်တွေ ရယူရာမှာ မိမိဖက်က အကျိုးရှိရေးအတွက် ကန်ထရိုက်စာချုပ်တွေကို အသေးစိပ်လေ့လာသုံးသပ်ပြီး နစ်နာနိုင်တဲ့အချက်တွေကို ဖေါ်ထုတ်ကာ မြန်မာ အာဏာပိုင်တွေကို အကြံဉာဏ်တွေပေးခဲ့တယ်လို့ ဆိုပါတယ်။
တရုတ်အစိုးရနဲ့ အခုသဘောတူညီချက်အသစ်အရဆိုရင် ဒေါ်လာ ၁.၃ ဘီလီယံနဲ့ ကနဦး ရင်းနှီးမြှုပ်နှံရာကနေ အကျိုးအမြတ်ရရှိလာမှသာ နောက်ထပ်မြှုပ်နှံမှုတွေကို ငါးကြင်းဆီနဲ့ ငါးကြင်းကြော်မှာ ဖြစ်ပါတယ်။ အဲဒီလို ထပ်မံတိုးချဲ့ုရေးအတွက်လည်း မြန်မာနိုင်ငံက ဆုံးဖြတ်ပိုင်ခွင့် ရှိပါတယ်။ ဒီညှိနှိုင်းမှုတွေနဲ့ ပတ်သက်ပြီး အတွင်းသိတဦးရဲ့ ပြောစကားအရ အဲဒီ သဘောတူစာချုပ်မှာ အလွယ်တကူ မမြင်နိုင်တဲ့ ထောက်ချောက်တွေ မပါရှိအောင် အကြံပေးဖို့ အမေရိကန်ပြည်ထောင်စုကို မြန်မာအစိုးရက အကူအညီ တောင်းခံခဲ့တာဖြစ်ပြီး ဗြိတိန်နဲ့ သြစတြေးလျနိုင်ငံတွေကလည်း အလားတူ ကူညီခဲ့ကြတယ်လို့ ဆိုပါတယ်။
ရန်ကုန်မြို့မှာ ထုတ်ဝေတဲ့ First Weekly News Journal အယ်ဒီတာချုပ် အောင်စိုးသူက ဒါဟာ မြန်မာအစိုးရရဲ့ နိုင်ငံတကာဆက်ဆံရေး ကျွမ်းကျင်မှုပဲလို့ ပြောပါတယ်။
“ကျနော်တို့ လူထု တင်မြှောက်ထားတဲ့ အစိုးရဟာ အရင်အစိုးရတွေက လုပ်ကိုင်ခဲ့တာတွေကို အမွေဆက်ခံရတာ ဖြစ်ပါတယ်။ အကြီးမားဆုံးကတော့ ငွေကြေးထောင်ချောက်တွေပါ။ ဒီ ထောင်ချောက်တွေကို ဖြေရှင်းရာမှာ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပနိုင်ငံတွေက အခုလို ကူညီကြတာဟာ အင်မတန်ဝမ်းသာစရာပါပဲ။ ကျနော်တို့ အစိုးရဟာ နိုင်ငံတကာ ဆက်ဆံရေးနဲ့ ပတ်သက်လို့ အထူးပါးနပ်စွာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းနေရတယ်လို့ ကျနော် မြင်ပါတယ်။”
တကယ်တော့ ဒါဟာ တရုတ်အစိုးရရဲ့ ကမ္ဘာတဝန်း အထူးသဖြင့် အာရှနဲ့ပစိဖိတ်ဒေသမှာ သံတမန်ရေး၊ စီးပွားရေးနဲ့ စစ်ရေးအရ သြဇာလွှမ်းမိုးမှုကို တန်ပြန်တဲ့ အမေရိကန်အစိုးရရဲ့ နည်းဗျူဟာတရပ် ဖြစ်ပါတယ်။
တရုတ်အစိုးရဟာ ပြီးခဲ့တဲ့ အနှစ် ၂ဝ အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို အလျှင်အမြန် တိုးမြှင့်ခဲ့ပါတယ်။ မြန်မာနိုင်ငံကိုလည်း အဲဒီ ကြွေးတင်ကျွန်ဖြစ်မယ့် လမ်းကြောင်းထဲ ဆွဲခေါ်ဖို့ကြိုးစားခဲ့ပုံပါပဲ။ ၂ဝ၁၇ ခုနှစ်မှာ သီရီလင်္ကာနိုင်ငံက ဆိပ်ကမ်းကို တရုတ်အစိုးရလက်ထဲ နှစ်ရှည်ငှားရမ်းတဲ့အနေနဲ့ ထိုးထည့်လိုက်ရတဲ့ အဖြစ်အပျက်ကြောင့် တရုတ်တွေရဲ့ ခေတ်သစ်ပိုးလမ်းမ စီမံကိန်းကို လူတွေက အကြီးအကျယ် ဝေဖန်ခဲ့ပါတယ်။
အမေရိကန် မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးဌာန အရာရှိတဦးဖြစ်တဲ့ Jonathan Hillman ဂျိုနသန် ဟီးလ်မင်န် ကတော့ အမေရိကန်အစိုးရအနေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ကူညီရာမှာ အကြံပေးယုံနဲ့ မလုံလောက်ပဲ ငွေကြေးအရ လက်တွေ့ ကူညီထောက်ပံ့မှုတွေပေးဖို့ အရေးကြီးတယ်လို့ ဝေဖန်ပါတယ်။ တရုတ်နိုင်ငံကလွဲပြီး တခြား ဘယ်နိုင်ငံထံကနေမှ ငွေကြေးအကူအညီမရတဲ့အခါ အဲဒီ နိုင်ငံတွေဟာ အဆိုးဝါးဆုံး အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရတော့တာပဲလို့ သူကပြောပါတယ်။
(ဒီဆောင်းပါးမှာ ပါဝင်တဲ့ အချက်တွေဟာ ဧပြီလ ၉ ရက်နေ့ထုတ် Wall Street Journal မှာ Ben Kesling နဲ့ Jon Emont တို့ရေးသားခဲ့တဲ့ “U.S. Goes on the Offensive Against China’s Empire-Building Megaplan - တရုတ်ပြည်ရဲ့ အင်ပါယာထူထောင်ရေး မဟာစီမံကိန်းကို အမေရိကန်ပြည်ထောင်စုက ထိုးနှက်ခြင်း” ဆောင်းပါးက ကောက်နုတ်ထားတာ ဖြစ်ပါတယ်။)