မြန်မာပြည်သူ သုံးသန်း လူသားချင်းစာနာမှုအကူအညီလိုအပ်

2021.09.29
မြန်မာပြည်သူ သုံးသန်း လူသားချင်းစာနာမှုအကူအညီလိုအပ် ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ပထမဆုံးအကြိမ်အဖြစ် လိုရင်ယူ၊ ပိုရင်ယူ လှုပ်ရှားမှုကို မော်ဝမ်းရပ်ကွက်စျေးမှာ ၂၀၂၁၊ ဧပြီ ၁ ရက်နေ့က ပြုလုပ်စဉ်။
Photo: RFA

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီးတဲ့နောက် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဥပဒေအထက်မှာ ဘယ်သူမှ မရှိဘူး။ နိုင်ငံတော် တည်ဆောက်ရေး State Building နဲ့ အမျိုးသားလက္ခဏာတည်ဆောက်ရေး Nation Building တို့ရဲ့ အထက်မှာလည်း ဘာမှမရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာစစ်တပ်နဲ့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ဟာ ဥပဒေရဲ့အထက်မှာ ရောက်ရှိနေခဲ့တာ မျိုးဆက် တစ်ဆက်ကြာ ရှိခဲ့ပါပြီ။ အဲဒီလို စစ်တပ်အတွင်း နက်နက်ရှိုင်းရှိုင်းစွဲဝင်အမြစ်တွယ်နေတဲ့ အခွင့်ထူးခံ အနေအထားကို မြန်မာ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက ဖန်တီးထားပေမဲ့ အခုအခါ အခြေခံဥပဒေမှာ အက်ကြောင်းတွေ ထင်စပြုလာနေပြီး ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ဘယ်သူပြောမှာလဲ၊ အာဏာသိမ်း စစ်ကောင်စီ ကိုယ်စားလှယ်လား၊ ပြည်ပရောက် ရွေးကောက်ခံကိုယ်စားလှယ်လား စတဲ့ ပြဿနာတွေလည်း ဆင့်ကဲ ဆင့်ကဲ ပေါ်ပေါက်လာခဲ့တာပါ။ နောက်ဆုံး မြန်မာနဲ့ ပတ်သက်ပြီး ဘယ်သူ့ကိုမှ ကိုယ်စားပြု ပြောဆိုခွင့်မရတော့ဘဲ ဖြစ်သွားခဲ့ရကြောင်း နိုင်ငံတကာ ဥပဒေရေးရာ စာစောင် Opinion Juris က ဖော်ပြပါတယ်။

အထူးသဖြင့် မြန်မာစစ်တပ်ရဲ့ အပြစ်လွတ်နေတဲ့ အနေအထားမှာ အက်ကြောင်းတွေပေါ်လာစေတာက မြန်မာ့အမျိုးသား‌ညီညွတ်ရေး အစိုးရ NUG နဲ့ စစ်တပ်ရဲ့ ရာဇဝတ်မှုတွေကို ဖေါ်ထုတ်ပေးတဲ့ နိုင်ငံတကာ အသိုင်းအဝန်းပဲဖြစ်ပါတယ်။ ဒီအတွက် နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICCနဲ့ နိုင်ငံတကာတရားရုံး ICJ တို့က မြန်မာအတွက် အရေးကြီးလာနေတာပါ။ ကုလသမဂ္ဂရဲ့ ရည်မှန်းချက်တွေထဲမှာလည်း တရားမျှတရေးနဲ့ နိုင်ငံတကာဥပဒေဆိုင်ရာ အခြေခံမူတွေကို လိုက်နာဖို့၊ လူ့အခွင့်အရေးတွေကို လေးစားဖို့ ဖော်ပြထားတာပါ။

မြန်မာမှာ ဖေဖော်ဝါရီလ ၁ ရက် စစ်ကောင်စီက အာဏာသိမ်းလိုက်တဲ့အခါ အရပ်ဘက် ပြည်သူတွေအပေါ် စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက်ခဲ့ကြောင်း၊ စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေအပေါ် လူသတ်မှု၊ အင်အားအလွန်အကျွံသုံးမှု ထင်သလို ဖမ်းဆီးထိန်းသိမ်းမှု၊ လွတ်လပ်စွာ ဖော်ပြခွင့်ကို ကန့်သတ်ပိတ်ပင်မှု၊ လွတ်လပ်စွာ စုရုံးမှုနဲ့ လူသားအဖြစ် ကိုဆန့်ကျင်တဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန် ခဲ့ကြောင်း၊ ခြိမ်းခြောက်မှု၊ အကြမ်းဖက်မှု၊ အရပ်ဘက် ပြည်သူတွေကို ပြစ်ဒဏ်ပေးမှုတွေအပြင်၊ တိုင်းရင်းသား ဒေသတွေမှာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုတွေကို လက်နက်သဖွယ် ကျူးလွန်အသုံးပြုခဲ့ကြောင်းလည်း ဖော်ပြပါတယ်။

အရင်က ဖြစ်ရပ်တွေကို ကြည့်ရင် အစိုးရတရပ်ရဲ့ တရားဝင်မှု ပြဿနာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအထွေထွေ ညီလာခံနဲ့ စိစစ်လက်ခံရေးကော်မတီ တို့အနေနဲ့ စစ်အာဏာသိမ်း အစိုးရတွေကို လက်ခံဖို့ ငြင်းပယ်လေ့ရှိပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံရတဲ့ အစိုးရကိုသာ လက်ခံလေ့ရှိ တာပါ။

ဟေတီနိုင်ငံမှာ ၁၉၉၁ ခုနှစ်က ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံရတဲ့ အစိုးရကို ဟေတီစစ်တပ်က အာဏာသိမ်းခဲ့ပြီး၊ နိုင်ငံကို ထိန်းချုပ်ထားနိုင်ခဲ့ပေမဲ့၊ ကုလသမဂ္ဂက မူလ ဟေတီအစိုးရကိုသာ အသိအမှတ်ပြုခဲ့ပါတယ်။ အလားတူ ၂၀၀၉ ခုနှစ်ကလည်း ဂီနိ နိုင်ငံမှာ စစ်အာဏာ သိမ်း အစိုးရက ခန့်တဲ့ ကိုယ်စားလှယ်တွေကို ကုလသမဂ္ဂ အထွေထွေ ညီလာခံက ငြင်းပယ်ခဲ့ပြီး၊ အရင် ရွေးကောက်ခံ အစိုးရ ကိုယ်စားလှယ်တွေကိုသာ အသိအမှတ်ပြုခဲ့ပါတယ်။ Sierra Leone မှာလည်း ၁၉၉၇ ခုနှစ်က အလားတူပဲဖြစ်ခဲ့တာပါ။ အခု မြန်မာနိုင်ငံအရေးမှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကိုယ်စားပြုမှုကိုသာ အလေးအနက်ထောက်ခံကြဖို့ နိုင်ငံတကာ ဥပဒေရေးရာစာစောင် Opinion Juris က တိုက်တွန်းလိုက်ပါတယ်။

165092169_10160964620758128_3151099734262899359_n.jpg
ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ပထမဆုံးအကြိမ်အဖြစ် လိုရင်ယူ၊ ပိုရင်ယူ လှုပ်ရှားမှုကို မော်ဝမ်းရပ်ကွက်စျေးမှာ ၂၀၂၁၊ ဧပြီ ၁ ရက်နေ့က ပြုလုပ်စဉ်။

ဒီအတွင်း မြန်မာနိုင်ငံမှာ လူသားချင်း စာနာမှု အကူအညီတွေ လိုအပ်နေတဲ့ ပြည်သူသုံးသန်းဝန်းကျင် ရှိနေကြောင်း ကုလသမဂ္ဂက ပြောပါတယ်။ မြန်မာ နိုင်ငံမှာ Covid-19 ကပ်ရောဂါ ကူးစက်မှုနဲ့ စစ်တပ်အာဏာသိမ်းမှုကြောင့် လူသားချင်းစာနာကူညီရေးတွေ အသည်းအသန်လိုအပ်နေကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာကူညီမှု ညှိနှိုင်းရေးရုံး UNOCHA က ပြောဆိုလိုက်တာပါ။

နိုင်ငံတွင်း လုံခြုံရေးအခြေအနေ၊ ဗျူရိုကရေစီ လုပ်နည်းလုပ်ဟန်တွေ၊ ဘဏ်စနစ် အားနည်းညံ့ဖျင်းမှုတွေကြောင့် လူထုတွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရကြောင်း၊ နိုင်ငံရဲ့ ၂၀၂၁ ခုနှစ် လူသားချင်း စာနာကူညီရေး အစီအစဉ်မှာ ပြည်သူသုံးသန်းကျော်အတွက် အမေရိကန်ဒေါ်လာ ၂၇၆ သန်းကျော် လိုအပ်နေကြောင်းလည်းပြောပါတယ်။

စစ်တပ် အာဏာသိမ်းအပြီး မြန်မာနိုင်ငံမှာ လူဦးရေသုံးသန်းခွဲနီးပါးအတွက် လာမယ့် ၆ လအတွင်း ရိက္ခာမလုံလောက်မှုနဲ့ ရင်ဆိုင်ရဖွယ်ရှိပြီး၊ အခု လတ်တလော သုံးသန်းနီးပါး ရိက္ခာ ပြတ်လပ်နေကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က ပြောပါတယ်။ ဖေဖော်ဝါရီလဆန်းက စတင်ခဲ့တဲ့ စစ်ရေးပဋိပက္ခတွေကြောင့်လည်း ပြည်တွင်း နေရာရွှေ့ပြောင်းရသူ နှစ်သိန်းနှစ်သောင်းကျော် ရှိနေပါတယ်။ ဒီအတွင်း နိုင်ငံတဝှမ်း ကိုဗစ်ကူးစက်ခံရသူ အရေအတွက် လေးသိန်းခြောက်သောင်းနီးပါး၊ သေဆုံးသူ တစ်သောင်းခုနစ်ထောင်ကျော် ရှိကြောင်း စစ်ကောင်စီကျန်းမာရေးဝန်‌ကြီးဌာနက ထုတ်ပြန်ပါတယ်။ အမှန်တကယ် ကူးစက်ခံရသူနဲ့ သေဆုံးသူအရေအတွက်က ဒီထက်များပြားနိုင်ကြောင်းလည်း ကုလသမဂ္ဂက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။