မြန်မာပြည်သူတွေကို အကူအညီပိုပေးခွင့်ပြုဖို့ UNOCHA အကြီးအကဲ တောင်းဆို

RFA Burmese
2023.08.17
မြန်မာပြည်သူတွေကို အကူအညီပိုပေးခွင့်ပြုဖို့ UNOCHA အကြီးအကဲ တောင်းဆို တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် စစ်ကိုင်းတိုင်း၊ အင်းစရွာမှ စစ်ဘေးဒုက္ခသည်များအား၂၀၂၃ ခုနှစ် ဧပြီလ ၂၁ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

မြန်မာနိုင်ငံတစ်ဝန်းမှာ အကူအညီလိုအပ်နေတဲ့ ပြည်သူ ၁၈ သန်းကျော်အတွက် လိုအပ်နေတဲ့ ရန်ပုံငွေ တိုးမြှင့်ချထားပေးဖို့နဲ့ မြန်မာနိုင်ငံအတွင်းက ဒေသတွေကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် အကူအညီတွေ သွားရောက်ပေးအပ်ခွင့်ပြုဖို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး UNOCHA ရဲ့ အကြီးအကဲ မာတင် ဂရစ်ဖစ်က တောင်းဆိုလိုက်ပါတယ်။

UNOCHA ရဲ့ အကြီးအကဲ မာတင် ဂရစ်ဖစ်ဟာ မြန်မာနိုင်ငံကို သုံးရက်ကြာသွားရောက်ခဲ့တဲ့ ခရီးစဉ်အပြီး မနေ့က ကြေညာချက်ထုတ်ပြန်ပြီး ပြောဆိုလိုက်တာပါ။

လက်ရှိမြန်မာနိုင်ငံမှာ အကျပ်အတည်းတွေ တစ်ခုပြီးတစ်ခု ဖြစ်ပွားနေတာကြောင့် နိုင်ငံလူဦးရေရဲ့ သုံးပုံတစ်ပုံလောက်က လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေတယ်လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ နှစ်အနည်းငယ်အတွင်းမှာ လူသားချင်းစာနာမှု အကူအညီ လိုအပ်ချက် တဟုန်ထိုးမြင့်တက်လာတာဖြစ်ပြီး၊ ကုလသမဂ္ဂရဲ့ ာရင်းတွေအရ ၂၀၂၁ ခုနှစ်က အကူအညီ လိုအပ်သူ သုံးသိန်းရှစ်သောင်းကျော် ရှိရာက၊ ၂၀၂၁ ခုနှစ်မှာ ၁.၉ သန်း အထိ တိုးလာတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း UNOCHA မှ ကူညီထောက်ပံ့ပေးမှုများအား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့က တွေ့ရစဉ်။ ( Photo : UNOCHA Myanmar )
ရခိုင်ပြည်နယ်အတွင်း UNOCHA မှ ကူညီထောက်ပံ့ပေးမှုများအား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့က တွေ့ရစဉ်။ ( Photo : UNOCHA Myanmar )

UNOCHA အကြီးအကဲ မာတင် ဂရစ်ဖစ်ဟာ နေပြည်တော်မှာ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ရာမှာ စစ်ရေးပဋိပက္ခ ဖြစ်ပွားနေတဲ့ ဒေသတွေမှာ အရပ်သား ပြည်သူတွေရဲ့ အသက်အန္တရာယ်ထိခိုက်နိုင်တဲ့ အခြေအနေနဲ့ လူသားချင်းစာနာမှု အကူအညီတွေပေးအပ်ဖို့ အဟန့်အတားတွေ ကြုံနေရတဲ့ အခြေအနေတွေကို စိုးရိမ်ပူပန်ကြောင်း ပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံကို အကူအညီတွေ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် သွားရောက်ပေးအပ်ခွင့်ပေးဖို့ တောင်းဆိုခဲ့တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

UNOCHA အကြီးအကဲ မာတင် ဂရစ်ဖစ်ဟာ ရခိုင်ပြည်နယ်မှာ မိုခါ ဆိုင်ကလုန်း မုန်တိုင်းဒဏ်ခံရတဲ့ ရခိုင်နဲ့ ရိုဟင်ဂျာ မိသားစုတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ရခိုင်ပြည်နယ်က မိသားစုတွေဟာ ကိုဗစ် ၁၉ ကပ်ရောဂါ၊ စစ်ရေးပဋိပက္ခ နဲ့ မိုခါဆိုင်ကလုန်း စတဲ့ ဘေးဒဏ်တွေ တစ်ခုပြီးတစ်ခု ရင်ဆိုင်ခဲ့ရတဲ့အတွက် ရုန်းကန်နေရဆဲ ဖြစ်ကြောင်းနဲ့ ရခိုင်ပြည်နယ်မှာရော မြန်မာနိုင်ငံတစ်ဝန်းမှာပါ ပိုပြီးအကူအညီတွေပေးနိုင်ဖို့ ဆက်လုပ်သွားမယ်လို့ သူက ပြောပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံက အကူအညီလိုတဲ့ ဒေသတွေကို သွားရောက်ခွင့်ရော၊ ရန်ပုံငွေရရှိမှု အခြေအနေပါ တိုးတက်လာဖို့ အရေးတကြီး လိုအပ်နေပါတယ် လို့ မာတင် ဂရစ်ဖစ်က ပြောကြားခဲ့တဲ့အကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်မှုတိုးလာနေပေမဲ့ ရန်ပုံငွေရရှိမှု နည်းပါးနေတဲ့အကြောင်း၊ အခုနှစ်ရဲ့ နှစ်တစ်ဝက်ကျော်ကာလအတွင်းမှာ လိုအပ်တဲ့ ရန်ပုံငွေရဲ့  ၂၂ ရာခိုင်နှုန်းပဲ ရသေးတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။