လုံခြုံရေးကောင်စီမှာ မြန်မာဘက်ကရပ်ခဲ့တဲ့ တရုတ်နဲ့ဗီယက်နမ်


2020.02.05
un-622.jpg ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေး။
Photo: AFP

မြန်မာနိုင်ငံအပေါ် ICJ အပြည်ပြည်ဆိုင်ရာတရားရုံးက ချမှတ်ခဲ့တဲ့ ကြားဖြတ်အစီအမံတွေ ဆောင်ရွက်ဖို့အမိန့်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မနေ့က ဆွေးနွေးခဲ့ကြပေမယ့် သဘောတူညီချက် မရခဲ့ပါဘူး။

အဲဒီအစည်းအဝေးမှာ ရိုဟင်ဂျာတွေအပေါ်လူမျိုးတုန်းသတ်ဖြတ်ရာ ရောက်စေနိုင်မဲ့လုပ်ရပ်တွေကို ဟန့်တားနိုင်အောင် မြန်မာအစိုးရကို တိုက်တွန်းဖို့ ကြေညာချက်ထုတ်ရေးအတွက် ဆွေးနွေးကြရာမှာ မြန်မာနဲ့အဓိက မဟာမိတ်ဖြစ်တဲ့ တရုတ်နဲ့ လုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌ ဗီယက်နမ်နိုင်ငံတွေက ကန့်ကွက်ခဲ့ကြပါတယ်။

ICJ ဆုံးဖြတ်ချက် မြန်မာလိုက်နာရေး လုံခြုံရေးကောင်စီမှာ သဘောတူညီချက်မရတဲ့အပေါ် HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့  အာရှပစိဖိတ်ဒေသဆိုင်ရာ လက်ထောက်ညွန်ကြားရေးမှုး Phil Robertson က...

“ ဒါကမြန်မာအတွက် ICJ ဆုံးဖြတ်ချက်အပေါ် ဘာမှ သက်ရောက်မှုမရှိပါဘူး။ မြန်မာအနေနဲ့ ICJ က ဆုံးဖြတ်ချက်တွေကို လိုက်နာပြီး လုပ်ဆောင်ရမယ့်ကိစ္စ အပြောင်းအလဲ မရှိနိုင်ပါဘူး။  တရုတ်က မြန်မာဘက်က ရပ်တည်လို့ မြန်မာအစိုးရအနိုင်ရပြီလို့လည်း ထင်လို့မရပါဘူး" လို့ပြောပါတယ်။

ကိုဖီအာနန်ကော်မရှင်အဖွဲ့ဝင်ဟောင်း ဦးအေးလွင်ကလည်း မနေ့က လုံခြုံရေးကောင်စီအစည်းအဝေးမှာ မြန်မာ့အရေး သဘောတူညီချက်မရခဲ့တာနဲ့ ပတ်သက်ပြီး ....

“  ICJ ရဲ့ Provisional Measures ဆိုတဲ့ ဆောင်ရွက်ချက်တွေဟာ အကောင်းဘက်ကနေ ရှုမြင်ရင် တိုင်းပြည်ရဲ့ပုံရိပ်ကိုအဖတ်ဆည်ဖို့အတွက် အခွင့်အရေးတခုလေ။ ပြည်တွင်းမှာ မှားယွင်းနေတဲ့ ကိစ္စတခုကို ပြန်လည်ပြီးတည့်မတ်အောင် မှန်ကန်အောင်လုပ်နိုင်တဲ့အခွင့်အရေးတခုလေ၊ ကုလသမဂ္ဂမှာ ထောက်ခံတာကန့်ကွက်တာတွေကတော့ သံခင်းတမန်ခင်းအရ တရုတ်တို့ ရုရှားတို့က အမြဲတမ်း အနောက်တိုင်းနိုင်ငံတွေနဲ့ ဆန့်ကျင်တဲ့သဘောရှိတယ်လေ။ မြန်မာနဲ့ မဟာမိတ်ကိုလည်း ပြချင်တဲ့သဘောရှိတာပေါ့”
လို့ရှုမြင်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ပြောခွင့်ရသူ ဒေါက်တာမျိုးညွန့်ကတော့ ....

“ ကုလသမဂ္ဂတရားရုံးက ဆုံးဖြတ်ထားတဲ့ ကြားဖြတ်ဆောင်ရွက်ချက်တွေဟာ ကျနော်တို့ နဂိုထဲက ဆောင်ရွက်ပြီးသားဖြစ်တယ်။ အဲဒီတော့ ကျနော်တို့ အထူးတလည်ဆောင်ရွက်ရမှာမဟုတ်ပါဘူး။ ကျနော်တို့ ဒီဟာကို လေးလ တခါ ခြောက်လ နေတခါ အစီရင်ခံရမှာပဲ ထူးခြားတာရှိပါတယ်။ အခုလို မိတ်ဆွေနိုင်ငံတွေက ကုလသမဂ္ဂအနေနဲ့ သူ့ရဲ့လုပ်ပိုင်ခွင့်သုံး ဆောင်ရွက်မှာကို ကန့်ကွက်ပေးတဲ့အတွက် မြန်မာနိုင်ငံအဖို့ ပြည်တွင်းမှာ အခြေအနေတွေကောင်းလာအောင် ကျနော်တို့ ပြင်ဆင်ဖို့ အချိန် ပိုရှိပါတယ်။ ကျနော်တို့ ကြိုဆိုပါတယ်”
လို့ RFA ကို ပြောပါတယ်။

တပ်တော်အငြိမ်းစားအရာရှိ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက ...

“ တပ်မတော်က ဒါနဲ့ပတ်သက်ပြီး အရေးယူမယ်ပြောပြီးပြီ။ အရင်ကလဲ ကျူးလွန်တဲ့သူတွေ၊ ကျူးလွန်တယ်လို့ သိတဲ့သူတွေကို အရေးယူခဲ့တယ် ။ ခုလည်း လုပ်နေတယ်။ ဒါကြောင့် ဒီ ICJ ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ ဒီ့ထက်ပိုအရေးယူစရာမရှိပါဘူး”
လို့ပြောပါတယ်။

ICJ က မြန်မာအပေါ် ချမှတ်ထားတဲ့ ကြားဖြတ်စီမံချက်ကို မြန်မာအစိုးရဆောင်ရွက်ဖို့ တိုက်တွန်းရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီက မနေ့ကဆွေးနွေးပွဲမှာ သဘောတူညီမှုတွေ မရခဲ့တာနဲ့ ပတ်သက်ပြီး အမြင်သဘောထားတွေ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။