စစ်ကောင်စီ ငြိမ်းချမ်းရေးကမ်းလှမ်းချက် လက်တွေ့အဖြေမရနိုင်

2022.02.08
စစ်ကောင်စီ ငြိမ်းချမ်းရေးကမ်းလှမ်းချက် လက်တွေ့အဖြေမရနိုင် စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ NSPC နဲ့ DKBA တို့ ၂၀၂၁၊ ဧပြီ ၂၆ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံစဉ်
Photo: KIC

လာမယ့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ပြုလုပ်မယ့် စစ်ကောင်စီရဲ့ စိန်ရတု ပြည်ထောင်စု နေ့ အခမ်းအနားနဲ့ အကြိုငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို NCA ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ထဲက KNU နဲ့ CNF ကလွဲရင် ကျန်လက်နက်ကိုင်အဖွဲ့ အများစု တက်ရောက်ဖို့ ပြင်ဆင်နေတယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST က အမည်မဖော်လိုတဲ့ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တချို့က ပြောပါတယ်။

NCA လက်မှတ်ထိုးထားတဲ့ ၁၀ ဖွဲ့ထဲက လက်ရှိ စစ်ကောင်စီနဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ချင်းအမျိုးသားတပ်ဦး CNF နှစ်ဖွဲ့သာ မတက်ရောက်ဖို့ သေချာနေပြီး၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA-PC၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် DKBA၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO နဲ့ မွန်ပြည်သစ်ပါတီ NMSP တို့ တက်ရောက်ဖို့ ပြင်ဆင်နေတယ်လို့ အဲဒီတိုင်းရင်းသား ခေါင်းဆောင်တွေက ပြောပါတယ်။

ကျန် နှစ်ဖွဲ့ဖြစ်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့ရဲ့ သဘောထားကို သိနိုင်ဖို့ RFA က ဒီကနေ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရပါဘူး။

KNU ဟာ စစ်တပ်က အာဏာသိမ်းပြီးကတည်းက ဆွေးနွေးစရာ လုံးဝအကြောင်း မရှိတော့ဘူးလို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုနိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီး က RFA ကို ပြောပါတယ်။

"ကျနော်တို့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်ပြီး တောက်လျှောက်လုပ်လာတာမှာ ဘာယုံကြည်မှုမှ တည်ဆောက်လို့မရဘူး။ နောက်ဆုံး ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခုလုံး ပျက်စီးရာပျက်စီးကြောင်း စစ်တပ်က အာဏာသိမ်းလိုက်တယ်။ အာဏာသိမ်းပြီး ကတည်းကိုက သူတို့နဲ့ ဘာမှစကားပြောစရာ အကြောင်းမရှိတော့ဘူး။ ဒီကနေ့မှာ လူထုရဲ့ပြင်းပြတဲ့ တောင်းဆိုချက်ဖြစ်တဲ့ စစ်တပ်ဟာ နိုင်ငံရေးကနေ စွန့်ခွာပြီး စစ်တန်းလျား ပြန်ဖို့ပဲ။ ဒုတိယတစ်ချက်က ဖက်ဒရယ်ဒီမိုကရေစီကို တည်ဆောက်ဖို့ပဲ။ အဲဒီနှစ်ချက်ကို ကျွန်တော်တို့ အကောင်အထည်ဖော်တဲ့နေရာမှာ စစ်တပ်က အဟန့်အတား အဖြစ်ဆုံးပဲ။ ဒီစစ်တပ် မရှိမှပဲ ငြိမ်းချမ်းရေး တည်ဆောက်လို့ရမှာ"

စစ်တပ်ဟာ အာဏာသိမ်းပြီး တိုင်းပြည်ကို မထိန်းချုပ်နိုင်တဲ့အပြင်၊ ကဏ္ဍပေါင်းစုံ ချွတ်ခြုံ ကျနေတဲ့အခြေအနေမှာ နိုင်ငံတကာကို လှည့်စားဖို့ ဒီဆွေးနွေးပွဲကို လုပ်ဆောင်တာ လို့လည်း ပဒိုစောတောနီး က ပြောပါတယ်။

စစ်ကောင်စီက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေတက်ဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံးကို ဖိတ်ခေါ်ထားပေမယ့် လက်ရှိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေဖြေရှင်းရာမှာ အဓိကကျတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကိုတော့ မဖိတ်ခေါ်ဘဲ ချန်လှပ်ထားပါတယ်။

ဒီလိုချန်လှပ်ထားတာနဲ့ပတ်သက်ပြီး အမြင်သဘောထားသိနိုင်ဖို့ NUG နဲ့ CRPH တာဝန်ရှိသူတွေကို RFA က ဒီကနေ့ အကြိမ်ကြိမ် ဖုန်းခေါ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

နိုင်ငံရေးပြဿနာကို ဆွေးနွေးအဖြေရှာရာမှာ အဓိကကျတဲ့ NUG နဲ့ PDF တွေကို ချန်ထားတဲ့အတွက် ဒီဆွေးနွေးပွဲက မအောင်မြင်နိုင်ဘူးလို့ ကယားပြည်နယ်အတွင်း စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တွဲဖက် အထွေထွေအတွင်းရေးမှူး ခူးဒယ်နီယာ က ပြောပါတယ်။ သူတို့အဖွဲ့လည်း ဒီဆွေးနွေးပွဲကို မတက်ဘူးလို့ ခူးဒယ်နီယာ က RFA ကို ပြောပါတယ်။

"တက်ဖို့ဖိတ်စာလည်း တရားဝင်ရတာ မဟုတ်ဘူး။ တက်လည်း တက်မှာမဟုတ်ဘူး။ ဒီဆွေးနွေးပွဲက လွတ်လွတ်လပ်လပ် ဆွေးနွေးကြမယ်ဆိုရင် ဘယ်အဖွဲ့အစည်းကိုမှ ကန့်သတ်ထားလို့ မရဘူး။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ ပါရမယ်။ အခု စစ်တပ်ကို တော်လှန်နေတဲ့ NUG တို့ PDF တို့ ပါရမယ်။ သူ့ကိုတော်လှန်တဲ့သူတွေ အားလုံးပါမှ ဒီဆွေးနွေးပွဲက အောင်မြင်မှာပေါ့"

ရှမ်းလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ ရှမ်ပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းခမ်းစံ ကလည်း စစ်ကောင်စီရဲ့ဖိတ်ခေါ်ချက်မှာ NUG နဲ့ CRPH တို့ကို ချန်လှပ်ထားတဲ့အပေါ် ထောက်ပြဝေဖန်ပါတယ်။

"ကျနော်တို့ RCSS ရပ်တည်ချက်ကလည်း အားလုံး ပါဝင်ရေးမူပဲ။ တွေ့ဆုံဆွေးနွေးရေး ဆိုတာ တစ်ဖွဲ့မပါရင်တောင် မပြီးနိုင်ဘူး။ အားလုံး စုံစုံညီညီ ပါနိုင်မှ ဖြစ်နိုင်မှာ။ အခု ဟာက တိုက်ပွဲတွေလည်း ဖြစ်နေတယ်၊ အာဏာကလည်း သိမ်းထားတယ်ဆိုတော့ ပြည်တွင်းထဲမှာ ဆွေးနွေးဖို့ ခက်လိမ့်မယ်။ တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ဖို့ နိုင်ငံတကာ ပံ့ပိုးမှုလည်း လိုမှာပဲ"

ဒီဆွေးနွေးပွဲကို RCSS တက်၊ မတက် ဆိုတာ အခုအချိန်မှာ ထုတ်မပြောနိုင်သေးဘူး လို့လည်း ဗိုလ်မှူး စိုင်းခမ်းစံက ဆိုပါတယ်။

အာဏာသိမ်းပြီးကတည်းက ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းက နေရာတချို့မှာ စစ်ကောင်စီ တပ်နဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အဖွဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ ကတော့ ဒီဖိတ်ခေါ်ချက်ဟာ စစ်ကောင်စီ ဘက်က နိုင်ငံရေးထွက်ပေါက်ရှာရုံ သက်သက်လို့ မှတ်ချက်ပေးပါတယ်။

"လောလောဆယ်ကတော့ ထွက်ပေါက်ရှာတဲ့ ဗျူဟာလို့ ထင်တယ်။ ငြိမ်းချမ်းရေး၊ နိုင်ငံရေးဆွေးနွေးတာကို ဘယ်လောက်အထိ သူက လုပ်ဆောင်နိုင်မလားဆိုတာ စောင့်ကြည်ရမှာ ဖြစ်ပါတယ်။ ကျနော်တို့ KIO ထုတ်ပြန်ကြေညာချက်မှာ ပါထားတာက အားလုံးပါဝင်ရေး ဖြစ်ပါတယ်။ သူက အခု တချို့ကို မပါဝင်တာကတော့ နိုင်ငံရေး ပြဿနာကို ဖြေရှင်းတဲ့နည်းမှာ အောင်မြင်မယ်လို့ မထင်တာပါ"

KIO အနေနဲ့ ဒီဆွေးနွေးပွဲကို တက်၊ မတက် ဗဟိုကော်မတီရဲ့ဆုံးဖြတ်ချက်ကို အတိအကျ မသိရသေးဘူးလို့ သူက ဆိုပါတယ်။

ဒီရက်ပိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်တပ်နဲ့ တိုက်ပွဲပြန်ဖြစ်နေတဲ့ ရက္ခိုင့်တပ်တော် AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ ကလည်း သူတို့အနေနဲ့ လောလောဆယ် ဆွေးနွေးပွဲတက်ဖို့ ဆုံးဖြတ်ချက် မရှိသေးဘူးလို့ RFA ကို ပြောပါတယ်။

"ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ဆီကို တရားဝင်ဆက်သွယ်လာတာ မရှိသေး ဘူးဗျ။ နောက်တစ်ချက်က ကျွန်တော်တို့ မြောက်ပိုင်းမဟာမိတ်ညီနောင် အဖွဲ့အစည်း တွေ ကြားမှာ တိုင်ပင်ဆွေးနွေးတာ မလုပ်ရသေးဘူး။ ဒါကြောင့် လောလောဆယ် ဘာမှ မှတ်ချက်ပေးစရာ မရှိသေးဘူးဗျ"

ppst-meeting.jpg
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးကို ၂၀၂၀၊ ဇူလိုင်လမှာ ကျင်းပစဉ် (Photo: RFA)

တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တချို့ကတော့ KIO အပါအဝင် မြောက်ပိုင်း မဟာမိတ်တွေ ဖြစ်တဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA ၊ ကိုးကန့်အဖွဲ့ MNDAA နဲ့ ရက္ခိုင့်တပ်တော် AA တို့ဟာ စစ်ကောင်စီရဲ့ စိန်ရတု ပြည်ထောင်စု အခမ်းအနားနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို တက်ဖို့ မရှိဘူးလို့ RFA ကို ပြောပါတယ်။

ဝ ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP ၊ မိုးလားအဖွဲ့ NDAA နဲ့ ရှမ်းပြည်တိုးတက်ရေး ပါတီ SSPP လည်း စစ်ကောင်စီဆွေးနွေးပွဲကို တက်ရောက်ရင်တောင် အဆင့်နိမ့် ခေါင်းဆောင် တချို့ကိုသာ စေလွှတ်ဖို့ရှိတယ်လို့ သူတို့က ဆိုပါတယ်။

ဝ ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP ရဲ့ ပြင်ပဆက်ဆံရေးဋ္ဌာန ပြောခွင့်ရသူ ဦးညီရမ်း ကတော့ ဗဟိုထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်ကို အတိအကျ မသိရသေးဘူးလို့ RFA ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားနဲ့ ငြိမ်းချမ်းရေး ကမ်းလှမ်းချက် အပေါ် တိုင်းရင်းသားလက်နက်ကိုင်အများစု စိတ်ဝင်စားမှု ရှိ၊ မရှိ၊ ဆက်သွယ်လာမှု ရှိ၊ မရှိ အသေးစိတ် သိရှိနိုင်ဖို့အတွက် စစ်ကောင်စီပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က ဒီကနေ့ ဖုန်းခေါ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့နဲ့ စုဖွဲ့ထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အဖွဲ့က ခေါင်းဆောင် သုံးဦးနဲ့ အကြံပေး တစ်ဦး စစ်ကောင်စီရဲ့ စိန်ရတု ပြည်ထောင်စုနေ့ ဖိတ်ခေါ်ချက်နဲ့ပတ်သက်လို့ မနေ့က အစည်းအဝေး တစ်ရပ် ကျင်းပခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲကနေ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ စစ်ကောင်စီရဲ့ကမ်းလှမ်းချက်ကို တစ်ဖွဲ့ချင်းစီရဲ့ဆုံးဖြတ်ချက်နဲ့ လွတ်လပ်စွာ လက်ခံခွင့် ရှိတယ်လို့ ဆုံးဖြတ်ခဲ့ကြောင်း PPST ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက RFA ကိုပြောပါတယ်။

"မနေ့က ၃ + ၁ အစည်းအဝေးမှာ ဆုံးဖြတ်ချက်တစ်ခုတော့ ကျပါတယ်။ အဲဒါကတော့ ဖိတ်ကြားမှုအပေါ်မှာ PPST အဖွဲ့ဝင် အဖွဲ့အစည်းတစ်ဖွဲ့ချင်းကပဲ ကိုယ်ပိုင် ဆုံးဖြတ်ချက် နဲ့ ဆက်လက် ဆောင်ရွက်ပါ။ တချို့က သွားဖြစ်မယ်ပြောတဲ့ အဖွဲ့ရှိသလို စဉ်းစားနေတဲ့အဖွဲ့လည်း ရှိတာပေါ့ဗျာ"

NCA လက်မှတ်ထိုးထားတဲ့ PPST အဖွဲ့ဝင်အများစု စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကို တက်ရောက်ဖို့ရှိပေမယ့် ဒါဟာ စစ်တပ်နဲ့နိုင်ငံရေး မဆွေးနွေးဘူးဆိုတဲ့ PPST ရဲ့ ဘုံရပ်တည်ချက်ကို မထိခိုက်ဘူးလို့ ဗိုလ်မှူးကြီးခွန် ဥက္ကာက ပြောသွားပါတယ်။

စစ်ကောင်စီကတော့ ဒီဆွေးနွေးပွဲကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း စုံစုံလင်လင် နဲ့ ခြိမ့်ခြိမ့်သဲသဲ ကျင်းပဖို့ မျှော်လင့်ထားတာပါ။ စစ်ကောင်စီ ထုတ်ပြန်ချက်မှာလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပမယ့် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားကို တက်ရောက် ဖို့နဲ့ အဲဒီကာလအတွင်း ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို အကြိုဆွေးနွေးမယ်လို့ ဖော်ပြထားပါတယ်။

"လုပ်ပြချင်တာရဲ့ အဓိက ရည်ရွယ်ချက်က နိုင်ငံတကာကို လိမ်လည်ဖို့၊ လှည့်စားဖို့ပါ"

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် ကတော့ ဒါဟာ နိုင်ငံတကာကို လှည့်စားဖို့ ရည်ရွယ်တာဖြစ်သလို ဒီအခမ်းအနားကို လက်နက်ကိုင်အဖွဲ့အစည်းငယ်တွေတက်ရုံနဲ့ ရေရှည်ငြိမ်းချမ်းရေးကို ပုံဖော်နိုင်မှာ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။

"စိန်ရတုမှာ ကြီးကျယ်ခမ်းနားတဲ့ ငြိမ်းချမ်းရေးပွဲတော်ကြီးတစ်ခု ကျင်းပဖို့ စီစဉ်နေတာပေါ့။ ဒါပေမဲ့ ဒီအခြေအနေက ဘယ်လိုမှ ဒီလိုအခမ်းအနားမျိုး ကျင်းပ နိုင်မယ့် အခြေအနေ မဟုတ်ဘူး။ လုပ်ပြချင်တာရဲ့ အဓိက ရည်ရွယ်ချက်က နိုင်ငံတကာ ကို လိမ်လည်ဖို့ လှည့်စားဖို့ပါ။ ငြိမ်းချမ်းရေးအတွက် တပ်မတော်က ဘယ်လောက် လုပ်နေတယ်ဆိုတာကို ဘယ်လောက် သဘောထားကြီးတယ်ဆိုတာကို လှည့်စားဖို့ ကြိုးစားနေတာ။ တစ်ပြည်လုံး နိုင်ငံရေး အင်အားစုတွေအနေနဲ့က သူ့အစီအစဉ်ထဲမှာ ပါဝင်ဖို့ သဘောထားမရှိဘူး။ အဖွဲ့လေးတွေလောက်သာ ဖိတ်တယ်ဆိုရင် တက်ချင် တက်ကြပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီလိုအဖွဲ့အစည်းလေးတွေ တက်ရုံနဲ့လည်း အဓွန့်ရှည် တည်တံ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ရပ်ကို ပုံဖော်နိုင်မယ့်အခြေအနေလည်း လုံးဝမရှိပါဘူး"

၂၀၁၀ ကနေ ဒီနေ့အချိန်အထိ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပါဝင်ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၈ ဖွဲ့ရှိပါတယ်။ အဲဒီထဲက KNU၊ RCSS၊ DKBA ၊ KNLA-PC၊ PNLO၊ ABSDF၊ ALP၊ CNF၊ NMSP နဲ့ LDU တို့ဟာ NCA လက်မှတ်ထိုးထားပါတယ်။ ကျန်အဖွဲ့တွေဖြစ်တဲ့ KNPP၊ KIA၊ UWSA၊ MNDAA၊ NDAA၊ AA၊ TNLA နဲ့ SSPP တို့ကတော့ NCA လက်မှတ် မထိုးရသေးပါဘူး။

စစ်ကောင်စီက အခုလို ငြိမ်းချမ်းရေးကမ်းလှမ်းတဲ့ တစ်ချိန်တည်းမှာပဲ ချင်း၊ ကချင်၊ ကရင်၊ ကယား၊ ရခိုင်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်း နဲ့ မကွေးတိုင်း တို့မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရှုံး (UN OCHA) ရဲ့ စာရင်းတွေအရ အရပ်သား ၄၂၅, ၀၀၀ ကျော် တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။