မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ပဏာမအစီရင်ခံစာ ထုတ်ပြန်
2019.07.18

မြန်မာနိုင်ငံကို ဝင်ခွင့်မရလို့ ထိုင်းနဲ့ မလေးရှားနိုင်ငံကနေ မြန်မာနိုင်ငံအခြေအနေများကို လေ့လာခဲ့သူ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဇူလိုင်လ ၁၈ ရက်နေ့က တွေ့ရှိချက် ပဏာမ အစီရင်ခံစာတစောင်ကို ထုတ်ပြန်လိုက်ပါတယ်။
မစ္စယန်ဟီးလီက သူ့အနေနဲ့ မြန်မာနိုင်ငံအတွင်း ဝင်ရောက်ခွင့် ငြင်းပယ်ခံရလို့ မြန်မာရဲ့အိမ်နီးချင်း ထိုင်းနဲ့မလေးရှားနိုင်ငံတွေကို သွားရောက်ပြီး တွေ့ဆုံသင့်သူတွေကို တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။ တွေ့ရှိချက်တွေအရ မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေတွေကြောင့် တောင်အာရှနဲ့ အရှေ့တောင်အာရှနိုင်ငံတွေကို ရိုက်ခတ်လျက်ရှိတယ်လို့ ရေးထားပါတယ်။
မြန်မာနိုင်ငံက ထွက်ပြေးခဲ့ကြတဲ့ ဒုက္ခသည်၁သန်းခွဲ နီးပါးဟာ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မလေးရှား၊ ထိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို ရောက်နေခဲ့ပြီး တချို့ဟာ လူကုန်ကူးခံခဲ့ရသလို တချို့ဟာ မှုးယစ် ဆေးဝါးကုန်ကူးမှုတွေနဲ့ပါ ဆက်စပ်လျက်ရှိတယ်လို့ ဆိုပါတယ်။
တဆက်တည်း စင်္ကာပူနိုင်ငံကနေ နင်ထုတ်ခံရတဲ့ AAတပ်ဖွဲ့ကို ပံ့ပိုးသူ ၆ ဦးဟာ မြန်မာနိုင်ငံမှာ အဖမ်းခံရပြီး ဘယ်ရောက်နေမှန်းမသိရတဲ့ အကြောင်းကို ရေးထားပါတယ်။ ဒီအတွက် နိုင်ငံက နင်ထုတ်သူတွေကို သူနေရင်းတိုင်းပြည်ကို ပြန်ခိုင်းတာမှာ အန္တရာယ်ရှိမယ်ဆိုရင် ပြန်မပို့ဖို့၊ အပြည်ပြည်ဆိုင်ရာ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ဖို့ စင်္ကာပူနိုင်ငံကို တောင်းဆိုတယ်လို့ ဖော်ပြထားပါတယ်။
ရခိုင်ဒေသက တိုက်ပွဲများဖြစ်လျက်ရှိတဲ့ မြို့နယ်တွေကို အင်တာနက်လိုင်းတွေ ပိတ်လိုက်ပြီးနောက် တပ်မတော်ဟာ နှစ်ပတ်အတွင်း ရွာသုံးရွာကို မီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာစစ်တပ်အနေနဲ့ အလားတူလုပ်နည်းလုပ်ဟန်တွေကို ၁၉၉ဝ ခုနှစ်များနဲ့ ၂ဝဝဝ ခုနှစ်အတွင်း ရှမ်းပြည်နဲ့ ကရင်ပြည်နယ်တွေမှာ ဆောင်ရွက်ခဲ့သလို ရခိုင်ဒေသမှာ ၂ဝ၁၆-၁၇ ခုနှစ် အချိန်တွေကလည်း ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် တပ်မတော်ထိပ်တန်းခေါင်းဆောင် လေးဦးကို ရခိုင်ပြည်နယ်မှာ တပ်မတော်က လူ့အခွင့်အရေးချိုးဖောက်ခဲ့မှုတွေအတွက် အရေးယူတဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စုက ဗုဒ္ဓဟူးနေ့မှာ ပြည်ဝင်ခွင့် ပိတ်ပင်ခဲ့တာဟာ လုံလောက်ခြင်း မရှိဘူးလို့ဆိုပါတယ်။
လက်ရှိမှာ AA တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ချင်းပြည်နယ်မှာ တပ်မတော်ရော AA ကပါ ဒေသခံတွေကို ပေါ်တာဆွဲတာတွေ ပြုလုပ်သလို တပ်မတော်ဟာ ဒေသခံတွေကို လမ်းပြအဖြစ်လိုက်ဘို့ စည်းရုံးတာတွေရှိတယ်လို့ဆိုပါတယ်။
တဆက်တည်း သူ့အနေနဲ့ မလေးရှားမှာ ရခိုင်၊ ချင်း၊ ကရင်၊ ရှမ်းနဲ့ ကချင်တိုင်းရင်းသားတွေနဲ့ တွေ့ဆုံခဲ့ပြီး သူတို့ကြုံတွေ့ခဲ့ရတာတွေကို မေးမြန်းခွင့်ရခဲ့တယ်လို့ ဆိုပါတယ်။ ချင်းပြည်နယ်က ထွက်ပြေးလာသူတဦးက သူထွက်လာရခြင်းဟာ AAအဖွဲ့က ဆက်ကြေးတောင်းတာခံခဲ့ရသလို ကျွဲနွားတွေ သိမ်းတာခံရလို့ဖြစ်တယ်လို့ ပြောပြခဲ့တယ်လို့ ဆိုပါတယ်။
ယန်ဟီးလီရဲ့ပဏာမ အစီရင်ခံစာမှာ မြန်မာနိုင်ငံတွင်းက မြေသိမ်းယာသိမ်းကိစ္စများ အထူးသဖြင့် ကုမ္ပဏီတွေကို ချထားပေးတယ်ဆိုတဲ့ မြေများနဲ့ပတ်သက်ပြီးလည်း ဖော်ပြထားပါတယ်။ ဒါ့အပြင် မြေယာအမှုများမှာ တရားရုံးက လယ်သမားတွေကို အမှုချိန်းအကြိမ်ကြိမ် ပေးနေတာဟာ ဝန်ထုတ် ဝန်ပိုးဖြစ်ရတယ်လို့လည်း ဖော်ပြထားပါတယ်။
ယန်ဟီးလီက လူ့အခွင့်အရေးကောင်စီကိုတင်ပြထားတဲ့ သူ့အစီရင်ခံစာကို စက်တင်ဘာလမှာ ဖြည့်စွက်ပြီး ထပ်မံတင်ပြမှာဖြစ်ပြီး လာမယ့် အောက်တိုဘာလမှာတော့ ကုလသမဂ္ဂအထွေထွေညီလာခံကို တင်ပြမှာဖြစ်ပါတယ်။
သူ့ ပဏာမအစီရင်ခံစာနိဂုံးမှာ မြန်မာနိုင်ငံကို လူ့အခွင့်အရေးကို အလေးထားဖို့၊ လူ့အခွင့်အရေးကို ကာကွယ်ဖို့ အာဆီယံနိုင်ငံတွေမှာပါ တာဝန်ရှိတယ်လို့ ခိုင်ခိုင်မာမာတောင်းဆိုထားပါတယ်။
(RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် စုစည်းတင်ပြသည်)