နိုင်ငံတကာအဖွဲ့အစည်းတွေကို ပိတ်ပင်မှု ဒုက္ခသည်ငါးသောင်းကျော်ကို အခက်အခဲဖြစ်စေ

2022.09.30
နိုင်ငံတကာအဖွဲ့အစည်းတွေကို ပိတ်ပင်မှု ဒုက္ခသည်ငါးသောင်းကျော်ကို အခက်အခဲဖြစ်စေ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ မြို့ဦးခေါင်း ဒုက္ခသည်စခန်းရှိ စစ်ဘေးဒုက္ခသည်များကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရခိုင်ပြည်နယ်က မြို့နယ်ခြောက်ခုမှာ အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့စည်း INGO နဲ့ ပြည်တွင်း NGO အဖွဲ့အစည်းတွေရဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးနဲ့ ဒေသတွင်း ခရီးသွားလာရေး ကိစ္စတွေကို စစ်ကောင်စီက ပိတ်ပင်တားမြစ်ထားတာကြောင့် စစ်ဘေး ဒုက္ခသည် ငါးသောင်းကျော် စားဝတ်နေရေး အခက်အခဲဖြစ်နေတယ်လို့ ဒုက္ခသည်တွေနဲ့ ကူညီပေးနေသူတွေက ပြောပါတယ်။

ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနက ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်း (ICRC) အပါအဝင် အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့စည်းအားလုံး ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြားနဲ့ မြေပုံမြို့နယ်တွေထံ သွားလာထောက်ပံ့ခွင့်ကို စက်တင်ဘာ ၁၅ ရက်နေ့ကစလို့ ပိတ်ပင်ထားတာလို့ အဲဒီအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

အဲဒီမြို့နယ်ခြောက်ခုမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား အရင်က ဖြစ်ခဲ့တဲ့ နှစ်နှစ်ကြာ တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် သုံးသောင်းလေးထောင်ကျော် ရှိပြီး စစ်တပ်အာဏာသိမ်းပြီး အခု ၂၀၂၂ ခုနှစ်မှာ ပြန်ဖြစ်လာတဲ့ တစ်ကျော့ပြန်တိုက်ပွဲတွေ ကြောင့် တိုးလာတဲ့ ဒုက္ခသည် တစ်သောင်းရှစ်ထောင်ကျော် ရှိပါတယ်။

ဒါ့ကြောင့် လက်ရှိ ရခိုင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည် စုစုပေါင်း ငါးသောင်းကျော် ရှိနေပါ တယ်။

ပုံမှန်ထောက်ပံ့ပေးနေတဲ့ (ICRC) အဖွဲ့ထံကနေ အခုနောက်ပိုင်း ရိက္ခာတွေ ရောက်မလာ တာကြောင့် အစားအသောက် ခက်ခဲပြီး အခု ဆန်ပြုတ်သောက်နေရတယ်လို့ မြောက်ဦးမြို့ မြို့ဦးခေါင်း ဒုက္ခသည်စခန်း တာဝန်ခံ ဦးဝင်းနိုင်က RFA ကို ပြောပါတယ်။

“အဲဒီနေ့ကတော့ ကျနော်တို့စခန်းမှာ ဆန်ပြုတ်နှစ်ရက် ကျိုလိုက်ရတယ်။ စားဝတ်နေ ရေး လုံးဝ အခက်အခဲ ဖြစ်သွားတဲ့အချိန်မှာ ကလေးတွေကလည်း ငိုနေတယ်။ ဒါကြောင့် ဆန်ပြုတ်ကျိုပြီး ကျွေးရတယ်။ အခုကတော့ ICRC ကလည်း မပေးတော့ဘူး။ ဌာန ဆိုင်ရာ အစိုးရက သွားလာခွင့်ပိတ်ထားတဲ့အတွက် ရိက္ခာအခက်အခဲ ဖြစ်သွားတာပေါ့။ ဘယ်လို ဆက်ပြီး ရပ်တည်ရမလဲဆိုတော့ အလှူရှင်တွေကိုပဲ အားကိုးရတော့မှာပေါ့။ ကိုယ့်အိမ်ကိုလည်း ပြန်လို့မရဆိုတော့ ငတ်ရင်လည်းငတ် ဖြစ်သလိုနေရတော့မှာပေါ့”

အဲဒီဒုက္ခသည်စခန်းမှာ အိမ်ထောင်စု ၁၉၀ ကျော်က ဒုက္ခသည် ၇၉၀ ကျော် ခိုလှုံနေတာပါ။ သူတို့ကို ICRC က တစ်လကို အိမ်ထောင်စုတစ်စုအတွက် ဆန် ကီလို ၅၀ တစ်အိတ်၊ ပဲ ကီလို ၂၀ တစ်အိတ်နဲ့ ဆီ၊ ငါးသေတ္တာ၊ ဆား၊ သကြား စတဲ့အခြေခံ စားသောက်ကုန်တွေကို ထောက်ပံ့ပေးခဲ့တာပါ။ အမျိုးသမီး လစဉ်သုံးပစ္စည်းနဲ့ ချက်ပြုတ်စားသောက်ဖို့ လောင်စာ ကအစ ပုံမှန် ထောက်ပံ့ပေးခဲ့တာပါ။

"အစိုးရကလည်း မထောက်ပံ့ဘူး၊ WFP ပိတ်ပင်ထားတယ်ဆိုတော့ ဒုက္ခသည်စခန်းတွေကတော့ အငတ်ဘေးနဲ့ ရင်ဆိုင်ရမှာ အသေအချာပါပဲ"

ပြီးခဲ့တဲ့ သြဂုတ်လအထိ ထောက်ပံ့မှုရခဲ့ပေမယ့် အခု စက်တင်ဘာလအတွက် ဘာတစ်ခုမှ မရသေးဘူးလို့ ဒုက္ခသည်တွေက ပြောပါတယ်။

လောလောဆယ် အရပ်ဘက်အဖွဲ့အစည်းတချို့နဲ့ ဒေသတွင်း အလှူရှင်တချို့ရဲ့ ထောက်ပံ့ လှူဒါန်းမှုကြောင့် တစ်ပတ်စာလောက် စားစရာကျန်နေပေးပေမယ့် ရှေ့တစ်ပတ်ကစလို့ ဆက်လက်ရပ်တည်ဖို့ မဖြစ်နိုင်တော့ဘူးလို့ စခန်းတာဝန်ခံ ဦးဝင်းနိုင်က ပြောပါတယ်။

ဒုက္ခသည် သုံးထောင်ကျော်ခိုလှုံနေတဲ့ ကျောက်တော်မြို့နယ် ညောင်ချောင်း စစ်ဘေး ဒုက္ခသည် စခန်းမှာလည်း စစ်ကောင်စီက ထောက်ပံ့တဲ့ ရိက္ခာမရောက်တာ ခြောက်လ လောက်ရှိနေပြီး WFP ရဲ့ အထောက်အပံ့ကိုပါ ထပ်ပြီး ပိတ်ပင်ထားမယ်ဆိုရင် အငတ်ဘေး နဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ စခန်းတာဝန်ခံ ဦးဦးသန်းအေးက RFA ကို ပြောပါတယ်။

“ကျနော်တို့စခန်းကို အစိုးရက ရိက္ခာမထောက်ပံ့တာ ခြောက်လလောက်ရှိပြီ။ WFP ကိုပဲ အားကိုးနေရတာပေါ့။ UNHCR တို့ကျတော့ နေအိမ်အဆောက်အအုံနဲ့ တခြားဟာတွေကို ထောက်ပံ့တယ်။ အစိုးရကလည်း မထောက်ပံ့ဘူး WFP ပိတ်ပင်ထားတယ်ဆိုတော့ ဒုက္ခ သည်စခန်းတွေကတော့ အငတ်ဘေးနဲ့ ရင်ဆိုင်ရမှာ အသေအချာပါပဲ။ စစ်ကောင်စီအနေ နဲ့ အခုလို ပိတ်ပင်ထားတာတို့ ဒုက္ခသည်တွေကို ကူညီမပေးတာတို့ မလုပ်သင့်ဘူးလို့ မြင်တယ်”

အဲဒီဒုက္ခသည်စခန်းမှာ အိမ်ထောင်စု ခုနစ်ရာကျော်နဲ့ လူဦးရေ သုံးထောင့်သုံးရာကျော် ခိုလှုံ နေတာပါ။

သူတို့ကိုလည်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က လူတစ်ယောက် တစ်လကို တစ်သောင်းရှစ်ထောင် ကျပ်နှုန်းနဲ့ ထောက်ပံ့ပေးခဲ့ပြီး မိသားစုအားလုံး အဲဒီထောက်ပံ့ငွေပေါ်  မှီခိုရပ်တည်နေရတာလို့ စခန်းတာဝန်ခံ ဦးဦးသန်းအေးက ဆိုပါတယ်။

သြဂုတ်လကတည်းက အခု စက်တင်ဘာလအတွက်ပါ နှစ်လစာ ကြိုထောက်ပံ့ပေးထား ပေမယ့် အလုပ်အကိုင်လည်း မရှိတာကြောင့် နောက်လာမယ့်လတွေမှာ အထောက်အပံ့ တွေ ဆက်မရရင် ပိုပြီး ခက်ခဲလာနိုင်တယ်လို့ ဆိုပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက တော့ စစ်ကောင်စီဟာ အဲဒီမြို့နယ် ခြောက်မြို့နယ်မှာ စားနပ်ရိက္ခာအပါအဝင် အခြား ထောက်ပံ့မှု အားလုံးကို ပိတ်ပင်ကန့်သတ် ထားတာလို့ RFA ကို ပြောပါတယ်။

ဒုက္ခသည်တွေကို ပြန်လည်ထောက်ပံ့ခွင့် ရရှိရေးနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီကို အကြိမ်ကြိမ် အကြောင်းကြားထားပေမယ့် အခုအချိန်အထိ ခွင့်မပြု သေးဘူးလို့လည်း အဲဒီနိုင်ငံတကာအဖွဲ့အစည်း အရာရှိက ဆိုပါတယ်။ 

သူရဲ့အမည်နဲ့ အဖွဲ့အစည်းကိုဖော်ပြရင် ပိုပြီးတင်းကျပ် ကန့်သတ်ခံရမှာ၊ အာဏာပိုင်တွေရဲ့ စစ်ဆေးမေးမြန်း ခံရမှာကို စိုးရိမ်တဲ့အတွက် RFA က သူ့ရဲ့အမည်ကို ဖော်ပြနိုင်ခြင်း မရှိ ပါဘူး။

ရခိုင်ပြည်နယ်က မြို့နယ်ခြောက်မြို့နယ်အတွင်း အကူအညီပေးရေးလုပ်ငန်းတွေကို ရပ်ဆိုင်းထားဖို့ ရခိုင်ပြည်နယ် စစ်ကောင်စီက စက်တင်ဘာ ၁၅ ရက်နေ့မှာ ညွှန်ကြားလာ ကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) က လည်း စက်တင်ဘာ ၂၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ဒုက္ခသည်တွေကို ကူညီဆောင်ရွက်ပေးနေတဲ့ အမည်မဖော်လိုတဲ့ ဒေသတွင်းအဖွဲ့ အစည်းတစ်ခုရဲ့ တာဝန်ရှိသူ တစ်ဦးကတော့ စစ်ကောင်စီအနေနဲ့ နိုင်ငံတကာအဖွဲ့ အစည်းတွေရဲ့ အကူအညီကို ပိတ်ပင်ထားတာဟာ ပြည်သူထုကို တာဝန်ယူတဲ့ အစိုးရ မဟုတ်ဘူးဆိုတာကို ဖော်ပြနေတာလို့ ပြောပါတယ်။

“ပြည်သူလူထုကို တာဝန်ယူတဲ့ အစိုးရတစ်ရပ် မဟုတ်တော့ဘူး ဆိုတာကို ပြလိုက်တာ ပဲလေနော်။ သူ့မှာက လုပ်နိုင် ကိုင်နိုင်စွမ်းကလည်း မရှိတော့ဘူး။ လုပ်ချင်ကိုင်ချင်စိတ် ကလည်း မရှိတော့ဘူးပေါ့နော်။ တကယ်တမ်းသာ လုပ်ချင်ကိုင်ချင်စိတ်ရှိမယ်ဆိုလို့ ရှိရင်တော့ သူတို့အနေနဲ့ လုပ်နိုင်ကိုင်နိုင်စွမ်း မရှိရင်တောင်မှ နိုင်ငံတကာ ကူညီ ထောက်ပံ့တဲ့ အသိုင်းအဝိုင်းတွေနဲ့ ဒေသခံထောက်ပံ့တဲ့သူတွေနဲ့ ပူးပေါင်းပြီးတော့ ဖြေရှင်းလို့ရတဲ့ အနေအထားတွေ အများကြီးရှိပါသေးတယ်”

ရခိုင်စစ်ဘေးဒုက္ခသည်တွေအတွက် နိပွန်ဖောင်ဒေးရှင်းက စစ်ဘေးဒုက္ခသည်တစ်ဦးကို ဆန်တစ်အိတ်နှုန်းနဲ့ ဆန်အိတ်ပေါင်း ငါးသောင်းငါးထောင်ကျော် လှူဒါန်းထားတာကိုလည်း စစ်ကောင်စီက အခုအချိန်ထိ ဖြန့်ဝေခွင့် ပိတ်ပင်ထားဆဲလို့ သူက ဆိုပါတယ်။

rakhine refugee.png
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ မြို့ဦးခေါင်း ဒုက္ခသည်စခန်းရှိ စစ်ဘေးဒုက္ခသည်တစ်ဦးကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့က တွေ့ ရစဉ်။ (Photo: RFA)

အဲဒီဆန်အိတ်တွေကို ဂျပန်အစိုးရရဲ့ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် လည်းဖြစ်၊ နိပွန်ဖောင်ဒေးရှင်းရဲ့ ဥက္ကဋ္ဌလည်းဖြစ်သူ မစ္စတာ ဆာဆာကာဝါက ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ်မှာ လှူဒါန်းခဲ့ တာပါ။

ဒီကိစ္စတွေနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။

ရခိုင်အမျိုးသားပါတီ (ANP) ကတော့ လူသားချင်းစာနာမှု အကူအညီတွေပေးနေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ အပေါ် ပိတ်ပင်ထားမှုကို ပြန်ဖွင့်ပေးဖို့ စက်တင်ဘာ ၂၉ ရက် မနေ့က ကြေညာချက် ထုတ်ပြန် တောင်းဆို ထားပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၉ နဲ့ ၂၀၂၀ ခုနှစ်တွေအတွင်း စစ်ကောင်စီတပ်နဲ့ ရက္ခိုင့် တပ်တော် (AA) တို့ အကြား တိုက်ပွဲတွေကြောင့် ဒေသခံ နှစ်သိန်းကျော်အထိ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေရပြီး အခုအချိန်ထိ ဒုက္ခသည်စခန်း ၁၄၃ ခုမှာ ဒုက္ခသည်ပေါင်း သုံးသောင်းကျော် ခိုလှုံနေရဆဲဖြစ်ပါတယ်။

အခု ဇူလိုင်လကစလို့ တစ်ကျော့ပြန် တိုက်ပွဲတွေကြောင့်လည်း ရသေ့တောင်၊ မြောက်ဦး၊ မောင်တော စတဲ့ မြို့နယ်တွေမှာ ထပ်မံထွက်ပြေးနေကြရတဲ့ ဒုက္ခသည် တစ်သောင်း ရှစ်ထောင်ကျော်အထိ ရှိနေပြီလို့ ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။