ရခိုင်စစ်ဘေးဒုက္ခသည် ငါးသိန်းခန့် စားဝတ်နေရေး ခက်ခဲနေ
2025.01.24
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တိုရဲ့ တိုက်ပွဲတွေကြောင့် လူဦးရေ ငါးသိန်းခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရဆဲဖြစ်ပြီး အချိန်ကြာလာတာနဲ့အမျှ စားဝတ်နေရေး ခက်ခဲလာတယ်လို ဒုက္ခသည်တွေနဲ့ အကူအညီပေးနေသူတွေက RFA ကို ဇန်နဝါရီ ၂၄ ရက်နေ့မှာ ပြောပါတယ်။
ရခိုင်ပြည်နယ် ၁၇ မြို့နယ်ထဲက ၁၄ မြို့နယ်ကို AA က သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပေမဲ့ လေကြောင်းရန် စိုးရိမ်ရတာ၊ မြေမြုပ်မိုင်းအန္တရာယ်ရှိတာနဲ့ တိုက်ပွဲတွေကြား နေအိမ်တွေ ပျက်စီးသွားတာကြောင့် တစ်နှစ်ကျော်တဲ့အထိ နေရပ်မပြန်နိုင်ကြသေးတာပါ။
စစ်ဘေးဒုက္ခသည်တွေထဲမှာ အမ်းမြို့နယ်က ဒုက္ခသည်တွေက အခက်အခဲဆုံးဖြစ်ပြီး ပုဏ္ဏားကျွန်းနဲ့ ပေါက်တောမြို့နယ်က ဒုက္ခသည်တွေက စားဝတ်နေရးအတွက် ဒုတိယအခက်ခဲဆုံးပဲလို့ အကူအညီပေးနေသူတွေက ပြောပါတယ်။
“စစ်ဘေးဒုက္ခသည်စခန်းမှာ ခိုလှုံနေရသူ သုံးသောင်းခန့်ရှိပြီး ဆန်နဲ့ စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေပါတယ်”
AA ရဲ့ လူသားချင်း စာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) ရဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့အထိ စာရင်းတွေအရ ပေါက်တောမြို့နယ်မှာ လူဦးရေ တစ်သိန်းကျော်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ လူဦးရေ သုံးသောင်းကျော်နဲ့ အမ်းမြို့နယ်မှာ တစ်သောင်းခွဲခန့် စစ်ဘေးတိမ်းရှောင်နေရပါတယ်။
သံတွဲနဲ့ ဂွမြို့နယ်တွေမှာဆိုရင်လည်း စစ်ဘေးဒုက္ခသည်စခန်းမှာ ခိုလှုံနေရသူ သုံးသောင်းခန့်ရှိပြီး ဆန်နဲ့ စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေတယ်လို့ ကူညီပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။
“ဆန်နဲ့ စားနပ်ရိက္ခာက အဓိက လိုအပ်နေတယ်။ ဘာလို့လဲဆိုတော့ တချို့စစ်ဘေးဒုက္ခသည်တွေက နေရပ် ပြန်လို့မရသေးဘူး။ အဓိကတော့ လေကြောင်းအန္တရယ်ကြောင့်ပေါ့။ စစ်ဘေးဒုက္ခသည်စခန်းမှာဆိုတော့ အဆင်မပြေဘူးပေါ့။ စားနပ်ရိက္ခာ ခက်ခဲနေတယ်။ ဒုက္ခသည်အရေအတွက်တော့ သံတွဲနဲ့ဂွပေါင်းရင် သုံးသောင်းလောက် ရှိတယ်”
အလားတူပဲ AA သိမ်းပိုက်ထားတဲ့ တောင်ကုတ်၊ ရမ်းဗြဲ၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ရသေ့တောင်နဲ့ ဘူးသီးတောင်၊ မောင်တောတို့မှာလည်း စစ်ဘေးဒုက္ခသည်အများစု နေရပ်မပြန်နိုင်ကြသေးဘူးလို့ ဆိုပါတယ်။
အဲဒီဒေသတွေမှာ နိုင်ငံတကာအဖွဲ့တွေရဲ့ အကူအညီတွေလည်း လုံးဝမရတော့သလို တိုက်ပွဲကြောင့် နေအိမ်အဆောက်အအုံတွေလည်း ပျက်စီးသွားလို့ ပြန်လည်ထူထောင်ရေး ခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်မှာတော့ AA က သိမ်းပိုက်ထားပေမဲ့ မွတ်စလင်လက်နက်ကိုင်တွေရဲ့အန္တရာယ်ကို စိုးရိမ်နေရဆဲမို့ သွားလာရေးအတွက်ပါ ခက်ခဲနေတယ်လို့ မောင်တောဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
“ဟိုဘက်လည်း မသွားရဘူး။ ဒီဘက်လည်း မသွားရဘူး။ အဓိကတော့ ရွာသားတွေက အပြင်မထွက်ရတဲ့အခါကျတော့ စားဝတ်နေရေးလည်း အခက်အခဲဖြစ်တယ်။ ပြီးတော့ ဆေးဝါးပြတ်လပ်တာလည်း ရှိတယ်။ ဆေးဝါးတွေက မလုံလောက်ဘူးလေ”
မွတ်စလင် လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA)၊ ရိုဟင်ဂျာ ညီညွတ်ရေးအဖွဲ့ (RSO)၊ အာရကန်ရိုဟင်ဂျာတပ်ဖွဲ့ (ARA) စတဲ့အဖွဲ့တွေဟာ ဘူးသီးတောင်၊ မောင်တောက မေယုတောင်တန်းတစ်လျှောက်နဲ့ မောင်တောမြောက်ပိုင်းဒေသတွေမှာ အဓိက ခြေကုပ်ယူထားပြီး အရပ်သားတွေ သွားလာတာတွေ့ရင် ဖမ်းဆီး ဒါမှမဟုတ် ခြုံခိုတိုက်ခိုက်လေ့ရှိတယ်လို့ သူက ပြောပါတယ်။
“ဒုက္ခသည်တွေကို အမှန်တကယ် အကူအညီပေးနိုင်ဖို့ လုပ်ဆောင်သင့်ပါတယ်”
ဒါတွေနဲ့ပတ်သက်လို့ ARSA၊ RSO၊ ARA အဖွဲ့တွေဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုလာတာ မတွေ့ရသေးပါဘူး။
လက်ရှိမှာ ရာသီဥတုက အေးနေတဲ့အတွက် ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာအပြင် ဆေးဝါးနဲ့ အနွေးထည်တွေပါ လိုအပ်တယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးနေသူ ကိုဝေဟင်အောင်က RFA ကို ပြောပါတယ်။
“စစ်ဘေးဒုက္ခသည်တွေထဲမှာတော့ ခက်ခက်ခဲခဲက တော်တော်ရှိတယ်။ မနေ့ကဆိုရင် မြေပြင်ကို ဆင်းသွားတဲ့အချိန်မှာ ဘာတွေ တွေ့ရလဲဆိုရင် သူတို့ စားရေး၊ သောက်ရေးအပြင် ရေရှားပါးမှုဒဏ်ကို တွေ့ရတယ်။ ပြီးရင် ဆေးဝါးပြတ်လပ်မှု ဒဏ်တွေပေါ့။ ဆောင်းတွင်းဆိုတော့ အမိုးအကာအပြင် အအေးဒဏ်ကို ခံဖို့အတွက် သူတို့မှာ အနွေးထည်တွေ၊ စောင်တွေ ရဖို့ဆိုတာကလည်း အတော်လေးကို ခက်ခက်ခဲခဲ ဖြစ်သွားတယ်ဗျာ”
လူသားချင်း စာနာမှုအကူအညီတွေပေးနေတဲ့ နိုင်ငံတကာ အဖွဲ့တွေအနေနဲ့လည်း ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်၊ အိန္ဒိယ-မြန်မာနယ်စပ်တွေကနေ လမ်းကြောင်းတွေရှာပြီး ဒုက္ခသည်တွေကို အမှန်တကယ် အကူအညီပေးနိုင်ဖို့ လုပ်ဆောင်သင့်တယ်လို့ သူက ပြောပါတယ်။
အာရက္ခတပ်တော် (AA) အနေနဲ့ သူတို့သိမ်းပိုက်ထားတဲ့မြို့နယ်တွေမှာ ဒုက္ခသည်တွေအရေး ကူညီတာအပါအဝင် ပြန်လည်ထူထောင်ရေးကဏ္ဍတွေကို လုပ်ဆောင်နေပေမဲ့ တိမ်းရှောင်နေရတဲ့လူဦးရေက များလွန်းတာကြောင့် ထိထိရောက်ရောက် ကူညီနိုင်တာ မတွေ့ရသေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ကုန်သွယ်ရေးလမ်းကြောင်းတွေ ဖြတ်တောက် ပိတ်ဆို့ခံထားရတာလည်း တစ်နှစ်ကျော်လာတဲ့အတွက် စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ စစ်တွေမြို့ပေါ်မှာတောင် စားနပ်ရိက္ခာ ရှားပါးပြတ်လပ်နေပြီး ကုန်းဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတယ်လို့ ဒေသခံတွေက ပြေပါတယ်။
ဆက်နွှယ်သောသတင်းများ
ရခိုင်စစ်ဘေးဒုက္ခသည်တွေ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေရှိနေကြောင်း AA ထုတ်ပြန်
ရခိုင်ပြည်နယ်မှာ လူတစ်သန်းခန့် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ
အိမ်ပြန်ခရီးဝေးနေတဲ့ ရခိုင်စစ်ဘေးဒုက္ခသည်များ
ဒါတွေနဲ့ပတ်သက်လို့ အာရက္ခတပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခနဲ့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းတို့ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဥ် (UNDP) ကတော့ တိုက်ပွဲတွေ ပြင်းထန်နေတာနဲ့ ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့မှုတွေကြောင့် ၂၀၂၅ ခုနှစ် နှစ်လယ်မှာ ရခိုင်ပြည်နယ်က လူဦးရေ နှစ်သန်းကျော်ရဲ့ ဆင်းရဲငတ်မွတ်မှုအခြေအနေက ပိုဆိုးလာနိုင်တယ်လို့ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၇ ရက်နေ့မှာ ထုတ်ပြန်ပြောဆိုထားပါတယ်။