အိမ်ပြန်ခရီးဝေးနေတဲ့ ရခိုင်စစ်ဘေးဒုက္ခသည်များ

RFA Burmese
2023.02.13
အိမ်ပြန်ခရီးဝေးနေတဲ့ ရခိုင်စစ်ဘေးဒုက္ခသည်များ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဂဏန်းတောင် စစ်ဘေးဒုက္ခသည်စခန်းမှာ လာရောက်ခိုလှုံနေသူတချို့အား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ကျောက်တော်မြို့နယ် ချောင်းတူရွာက ဦးခင်မောင်တို့ မိသားစုဟာ ပုဏ္ဏားကျွန်းမြို့နယ် ဂဏန်းတောင် စစ်ဘေးဒုက္ခသည်စခန်းမှာ ထွက်ပြေးခိုလှုံနေတာ အခုဆို လေးလကျော် ရှိလာပါပြီ။ စစ်ကောင်စီတပ်နဲ့ အေအေ တပ်ဖွဲ့တို့ ပြီးခဲ့တဲ့နှစ်က နောက်ဆုံးဖြစ်ခဲ့တဲ့ တစ်ကျော့ပြန်တိုက်ပွဲကြောင့် အခြားကျေးရွာသားတွေနဲ့အတူ ထွက်ပြေးခိုလှုံနေကြရတာပါ။

ရခိုင်ပြည်နယ်မှာ လွန်ခဲ့တဲ့ နှစ်လကျော်က နှစ်ဖက် အပစ်အခတ်တွေ ရပ်စဲထားပါတယ်။ ဒါပေမဲ့ သူတို့ရွာအနီးက တောင်ပေါ်မှာ စစ်ကောင်စီတပ်က တပ်စွဲထားတာ၊ ရွာထဲမှာလည်း လက်နက်ကြီးပစ်ခတ်ခံရလို့ အရပ်သားသုံးဦး သေဆုံးသွားတာတွေကြောင့် ဦးခင်မောင်တို့ မိသားစု နေရပ်ပြန်ဖို့ ကြောက်လန့်နေပါတယ်။

"နေရပ်ပြန်ဖို့ကိစ္စက ဒီအတိုင်းဆိုရင် အခုချက်ချင်း မပြန်ရဲသေးဘူး။ ကျနော်တို့ရွာမှာက တစ်နေရာတည်းမှာ လူသုံးယောက် ပွဲချင်းပြီးသေသွားတာ။ ကျနော်တို့တွေက တော်တော်လေးကို ကြောက်လန့်နေပါတယ်။ အဲဒါကြောင့် ဒီနေရာကိုပြန်သွားရင် အန္တရာယ်ဖြစ်တော့မလားဆိုပြီး သောကမီးတွေ ဖြစ်နေတာရှိပါတယ်"

ဦးခင်မောင်မှာ သားသမီး သုံးဦးနဲ့ မိဘနှစ်ဦးရှိပြီး ရွာမှာရှိစဉ်တုန်းက တောတောင်ကိုမှီခိုပြီး စိုက်ပျိုးရေးအလုပ်တွေနဲ့ ရပ်တည်ခဲ့ကြတာပါ။

ပြီးခဲ့တဲ့နှစ်က ဖြစ်ပွားခဲ့တဲ့ တစ်ကျော့ပြန်တိုက်ပွဲကာလအတွင်း သူတို့ရွာအနီးမှာ တိုက်ပွဲဖြစ်တာ၊ ရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံရတာတွေ ကြုံခဲ့ကြရပါတယ်။

အခုလည်း နေရပ်ကိုပြန်သွားချင်ပေမယ့် မဖြစ်နိုင်သေးတာကြောင့် ဒုက္ခသည်စခန်းမှာပဲ ဖြစ်သလို နေထိုင်နေကြရတာလို့ ဦးခင်မောင်ရဲ့ ဇနီး ဒေါ်ငယ်သိန်းက ပြောပါတယ်။

"ဒီနေရာမှာ နေရတာလည်းအဆင်မပြေ၊ စားရတာလည်းအဆင်မပြေဘူး။ လေတဟူးဟူးနဲ့ အခုဆောင်းရာသီဆိုတော့ ချမ်းတယ်။ အခုမိုးရာသီရောက်လာရင် ဒီအိမ်လက်ဝါးလောက်မှာ ဘယ်လိုနေရမလဲ။ မိသားစုကများတယ်။ အဝတ်တွေကို လှန်းမယ့်နေရာမရှိ၊ ထားမယ့်နေရာမရှိ၊ ဒီထက်အိမ်ကြီးတာကိုလည်း မဆောက်နိုင်ဘူး။ ရွာကိုတော့ ပြန်ချင်တယ်။ ပြန်ချင်ပေမယ့် မပြန်ရဲဘူး။ အဲဒီ စစ်သားတွေရှိလို့ကို မပြန်ရဲတာ။ တောတောင်ကိုလည်း မှီစားလို့မရတော့ဘူး။ မိုင်းနင်းမှာ၊ မိုင်းပေါက်မှာ ကို ကြောက်နေရတယ်"

သူတို့ မိသားစုလိုပဲ ဒီဒုက္ခသည်စခန်းမှာ ပုဏ္ဏားကျွန်းမြို့နယ် ဗုဒ္ဓေါ၊ ကျောက်တော်မြို့နယ် ချောင်းတူ၊ ကွမ်းအုံစု၊ ရွက်ညိုးတောင်၊ ဒေးဝန်းစတဲ့ ရွာတွေကနေ ထွက်ပြေးခိုလှုံနေကြ ရတဲ့ ဒုက္ခသည် တစ်ထောင်ကျော်ရှိပါတယ်။

"ရွာကိုတော့ ပြန်ချင်တယ်။ ပြန်ချင်ပေမယ့် မပြန်ရဲဘူး။ အဲဒီ စစ်သားတွေရှိလို့ကို မပြန်ရဲတာ။ တောတောင်ကိုလည်း မှီစားလို့မရတော့ဘူး။ မိုင်းနင်းမှာ၊ မိုင်းပေါက်မှာကို ကြောက်နေရတယ်"

စစ်ကောင်စီရဲ့ ပုံမှန်အထောက်အပံ့တွေလည်း မရကြတာကြောင့် ဒေသတွင်းအလှူရှင်တွေ ရဲ့ အကူအညီတွေနဲ့ပဲ ဖြစ်သလိုစားသောက်နေကြရတယ်လို့ ဒုက္ခသည်တွေက ပြောကြပါတယ်။

ဒုက္ခသည်တွေ နေရပ်ပြန်ရေးကလည်း မရေရာသေးတာကြောင့် အကူအညီတွေက လိုအပ်နေဆဲပဲလို့ စခန်း တာဝန်ခံ ဦးဘိုဟန်သာက ပြောပါတယ်။

"ကျနော်တို့ စခန်းမှာ အခက်ခဲဆုံးအရာက စားနပ်ရိက္ခာ၊ ရေ အဲဒါတွေအဓိက လိုအပ်တယ်။ ကျန်းမာရေးနဲ့ ပတ်သက်လာရင်လည်း ဒီမှာက ဆရာဝန်တွေမရှိဘူး။ ယိုးတရုပ်ရွာကို သွားပြီးဆေးကုနေရတယ်။ ငွေရေး ကြေးရေးလည်း အဆင်မပြေဘူး။ အဲဒီလို အခက်အခဲတွေအများကြီး ကြုံရတယ်။ အခုနွေရာသီရောက်လာရင် ရေ၊ အိမ်အမိုးအကာတွေ၊ ငွေကြေးတွေ လိုအပ်နေပါတယ်။ အများကြီးလည်း ပံ့ပိုးပေးစေချင်ပါတယ်"

စစ်ကောင်စီ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ဖေဖော်ဝါရီလ ၉ ရက်နေ့က ကျောက်တော်မြို့နယ်မှာ စစ်ဘေး ဒုက္ခသည်တွေနဲ့ တွေ့ဆုံစဉ် ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ တိုက်တွန်းကြောင်းနဲ့ နေရပ် ပြန်နိုင်ဖို့ လိုအပ်ချက်တွေကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးနေကြောင်း ပြောဆိုခဲ့ပါတယ်။

refugeecamp-ponnagyun.jpg
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဂဏန်းတောင် စစ်ဘေးဒုက္ခသည်စခန်းကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ရခိုင်မှာ ဒုက္ခသည်အရေးကူညီဆောင်ရွက်ပေးနေတဲ့ ဝံလက် ဒေသဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းရဲ့ ဒါရိုက်တာ ဦးခိုင်ကောင်းစံကတော့ ဒုက္ခသည်တွေ နေရပ်ပြန်ဖို့အတွက် လုံခြုံစိတ်ချရတဲ့ အခြေအနေမျိုးဖြစ်ဖို့လိုတယ်လို့ ထောက်ပြပါတယ်။

"နေရပ်ပြန်ဖို့ဆိုတာက တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေး၊ စနစ်တကျနဲ့ လက်မှတ် ထိုးထားနိုင်တဲ့ အခြေအနေမျိုး၊ နောက်ပြီးတော့ တိုက်ပွဲဖြစ်ခဲ့တဲ့ ဧရိယာတွေမှာ မိုင်းတွေ စစ်ကျန်လက်နက်တွေကို ရှင်းပြီးတဲ့အခါမျိုးမှာသာ သူတို့နေရပ်ပြန်ဖို့ အဆင်ပြေမယ်လို့မြင်တယ်”

လက်ရှိမှာ နှစ်ဘက်လက်နက်ကိုင်အဖွဲ့တွေအကြား ယာယီအပစ်ရပ်ထားတာဖြစ်လို့ စိတ်ချရတဲ့အခြေအနေ မဟုတ်သေးသလို မြေမြှုပ်မိုင်းရှင်းလင်းရေးတွေလည်း လုပ်တာမတွေ့ရသေးဘူးလို့ သူကပြောပါတယ်။

စစ်ကောင်စီရဲ့ စာရင်းအရ ရခိုင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည် ခြောက်သောင်း ခုနစ်ထောင်နီးပါးဟာ ဒုက္ခသည် စခန်းအသီးသီးမှာ ထွက်ပြေးခိုလှုံနေရဆဲဖြစ်ပါတယ်။

ဒုက္ခသည်တွေဟာ နေရပ်ကို အမြန်ဆုံးပြန်ချင်နေကြပေမယ့် လုံခြုံမှု အာမခံချက် မရှိသေးတဲ့ အခြေအနေတွေကြောင့် သူတို့ရဲ့အိမ်ပြန်ခရီးကလည်း အလှမ်းဝေးနေကြဆဲ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။