မြန်မာနိုင်ငံကို ပြစ်တင်ရှုတ်ချကြောင်း ကုလသမဂ္ဂ ဆုံးဖြတ်
2019.12.28
မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာ မွတ်စလင်တွေနဲ့ အခြား လူနည်းစုတိုင်းရင်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်တာ၊ ဖမ်းဆီးတာ၊ နှိပ်စက်တာ၊ အဓမ္မပြုကျင့်တာ၊ ဖမ်းဆီးထိန်းသိမ်းထားစဉ် သေဆုံးခဲ့တာတွေအပေါ် ပြစ်တင်ရှုတ်ချကြောင်း ကုလသမဂ္ဂအထွေထွေညီလာခံက မနေ့က ဆုံးဖြတ်လိုက်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာဆိုရင် လက်ရှိ တိုက်ပွဲဒေသတွေအတွင်း ဒေသခံတွေ မတရား ဖမ်းဆီးခံရပြီး မတရားအသင်းဆက်သွယ်မှုနဲ့ အရေးယူခံရတာ၊ အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေ ရှိနေဆဲပဲလို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း TWO က လွေးချီဆငါး ကပြောပါတယ်။
မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုအခြေအနေတွေကို နိုင်ငံတကာက မပြောတာထက်စာရင် အခုလိုပြောတာဟာ ကောင်းမွန်တယ်လို့ ယူဆပေမယ့် ထူးခြားတဲ့ ပြောင်းလဲမှု ရှိနိုင်မယ်လို့ မထင်ဘူးလို့ သူက ဆက်ပြောပါတယ်။
“မပြောတာထက်စာရင်တော့ ဒီလိုပြောခြင်းအားဖြင့် ဒီလိုရှုတ်ချခြင်းအားဖြင့် တစ်ဘက်တစ်လမ်း နည်းနည်းပါးပါး အထောက်အကူ ဖြစ်ကောင်းဖြစ်လိမ့်မှာပေါ့နော်။ ဒါပေမဲ့ တစ်ဘက်က ပြန်သုံးသပ်ကြည့်မယ်ဆိုရင် ဟိုးအရင်ကတည်းကလည်း ကုလသမဂ္ဂပဲဖြစ်ဖြစ် မြန်မာပြည်မှာရှိနေတဲ့ အဖွဲ့အစည်းတွေက ဖြစ်ဖြစ် တစ်ခုခုဖြစ်တိုင်း ကန့်ကွက်တယ် ရှုတ်ချတယ်လို့သာ ပြောခဲ့တယ်၊ ဒါပေမဲ့ အခုအချိန်ထိလည်း ဆက်ဖြစ်နေတယ်။ ထိရောက်မှုမရှိတဲ့ အနေအထားတွေလည်း တွေ့ရတယ်။”
မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာတွေအပါအဝင် ရခိုင်၊ ကချင် နဲ့ ရှမ်းပြည်နယ်က လူနည်းစုတွေအပေါ် မုန်းတီးမှုတွေကို တိုက်ဖျက်ဖို့ အရေးပေါ်ဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့လိုတယ်လို့လည်း ညီလာခံ က တိုက်တွန်းလိုက်ပါတယ်။
အထွေထွေညီလာခံရဲ့ ဒီဆုံးဖြတ်ချက်အတွက် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ၁၉၃ နိုင်ငံထဲက ၁၃၄ နိုင်ငံက ထောက်ခံခဲ့ပြီး ကန့်ကွက်မဲ ၉ မဲ၊ ကြားနေမဲ ၂၈ မဲ ရခဲ့ပါတယ်။
အဲဒီဆုံးဖြတ်ချက်တွေဟာ ဥပဒေအကြောင်းအရ အရေးယူနိုင်ဖွယ်မရှိပေမယ့်လည်း နိုင်ငံတကာ ဆက်ဆံရေးမှာ မြန်မာနိုင်ငံအပေါ် အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။
လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ နိုင်ငံတကာ စံချိန်စံညွန်းတွေကို မလိုက်နာနိုင်ဘူးဆိုရင် တစ်ကမ္ဘာလုံးနဲ့ တစ်ယောက်ဖြစ်ပြီး စီးပွားရေးပိတ်ဆို့မှုတွေသာ ရှိလာနိုင်တယ်လို့ နိုင်ငံရေးလေ့လာသူ ဦးမြအေး ကပြောပါတယ်။
“အဓိကကတော့ နိုင်ငံရဲ့ image က ပျက်သွားပြီ။ နိုင်ငံရဲ့ image ကို ပြန်အဖက်ဆယ်ဖို့ပဲ ကြိုးစားရမယ်။ ဒီမိုကရက်တစ်နိုင်ငံတစ်ခုကို တည်ဆောက်မယ်ဆိုရင် ဒီမိုကရက်တစ်တန်ဖိုးတွေ လူ့အခွင့်အရေး တန်ဖိုးတွေနဲ့ ကျနော်တို့ သွားရမယ်။ ကျင့်ဝတ်ပိုင်းကို ပြန်တည့်သင့်တယ်လို့မြင်တယ်။ အဲ့လိုမှာမဟုတ်ရင် နိုင်ငံရဲ့ အလားအလာက တစ်ကမ္ဘာလုံးမှာ တစ်ရွာလုံးနဲ့ တစ်ယောက်ဖြစ်သွားမယ်။ စီးပွားရေးပိတ်ဆို့မှုတွေနဲ့ ကြုံတွေ့ရရင် ပြည်သူလူထု ဘဝက ပိုမွန်းကြပ်သွားမှာလေ။”
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး ဟောက်ဒိုစွမ်းကတော့ ဒီဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံအပေါ် မလိုလားအပ်တဲ့ နိုင်ငံရေးဖိအားပေးဖို့ ဆောင်ရွက်တာသာဖြစ်တယ်လို့ ပြောခဲ့ကြောင်း The Guardian သတင်းဌာန က ရေးသားပါတယ်။
ဒီဆုံးဖြတ်ချက်ဟာ ရခိုင်ပြည်နယ်က ရှုပ်ထွေးတဲ့ အခြေအနေတွေကို အဖြေရှာဖို့ ကြိုးပမ်းရာမရောက်ဘဲ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ အားထုတ်ကြိုးပမ်းနေတဲ့ မြန်မာအစိုးရရဲ့ ဆောင်ရွက်ချက်တွေကို အသိအမှတ်မပြုတဲ့ သဘောဖြစ်တယ်လို့လည်း သံအမတ်ကြီးက ပြောကြားခဲ့တယ်လို့ The Guardian က ရေးသားထားပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာနက ညွန်ကြားရေးမှူးချုပ် ဦးချမ်းအေးကို RFA က ဒီနေ့ ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။
ကုလသမဂ္ဂအဖွဲ့ရဲ့ လာမယ့် ၂၀၂၀ ပြည့်နှစ် အသုံးစာရိတ် လျာထားမှုမှာလည်း မြန်မာနိုင်ငံနဲ့ ဆီးရီးယားနိုင်ငံတွေအပါအဝင် စစ်ရာဇဝတ်မှုကျူးလွန်တဲ့ ကိစ္စတွေကို စုံစမ်းစစ်ဆေးဖို့အတွက်ပါ ထည့်သွင်းရေးဆွဲထားပြီး အမေရိကန်ဒေါ်လာ ၃.၇ ဘီလီယံအထိ လျာထားကြောင်း ကုလသမဂ္ဂက မနေ့က ထုတ်ပြန်ပါတယ်။
ဒါဟာ မြန်မာနိုင်ငံရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွဲချက်တွေကို စုံစမ်းစစ်ဆေးဖို့ ပထမဆုံးအကြိမ် အသုံးစားရိတ် ထည့်သွင်းရေးဆွဲထားတာဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ဖို့ ကုလသမဂ္ဂက ငွေကြေးသုံးစွဲမယ်ဆိုရင်တောင် မြန်မာအစိုးရက ပူးပေါင်းပါဝင်မှ မှန်ကန်တဲ့ အထောက်အထားတွေ ရရှိနိုင်မှာ ဖြစ်တယ်လို့ ကချင်ငြိမ်းချမ်းရေး ကွန်ယက်က ဒေါ်ခွန်ဂျာက ပြောပါတယ်။
“သုံးစွဲလို့ရှိရင်တောင် မြန်မာနိုင်ငံက လက်ခံပြီး ပူးပေါင်းပါဝင်မှသာလျှင် ကျမတို့က မှန်မှန်ကန်ကန်နဲ့ အထောက်အထားတွေ ရယူနိုင်လိမ့်မယ်လို့ ယူဆတယ်။ လွတ်လပ်တဲ့အချက်အလက်ရှာဖွေရေး မစ်ရှင်ကိုတောင် ဝင်ခွင့်မပေးဘူးဆိုတော့ ရံပုံငွေ များများထည့်ပေးတယ်ဆိုပေမယ့် ဘယ်လမ်းကြောင်း ကဆက်သွားမလဲ။ ဥပမာ ကုလသမဂ္ဂတစ်ခုတည်း ဆက်သွားမယ်ဆိုရင် နည်းနည်းအခက်အခဲရှိတယ်။”
ကုလသမဂ္ဂရဲ့ ၂၀၁၉ ခုနှစ်အတွက် လျာထားချက်ဟာ ၂.၉ ဘီလီယံသာရှိခဲ့ပါတယ်။
ကုလသမဂ္ဂရဲ့ စုံစမ်းစစ်ဆေးမှုတွေကို ပြည်တွင်းမှာ ဆောင်ရွက်နိုင်ဖို့ လိုလားတယ်လို့ လူ့အခွင့်အရေး ဆောင်ရွက်နေသူတွေက ပြောကြပါတယ်။