မြန်မာအတွက် အရေးပေါ်အကူအညီလိုအပ်နေကြောင်း ကုလအထူးကိုယ်စားလှယ်ပြော
2021.09.24

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ် အာဏာသိမ်းပြီးကတည်းက အခြေအနေတွေ ပိုမိုဆိုးရွားလာပြီး လူ့အခွင့်အရေး ဖောက်ဖျက် ကျူးလွန်မှုတွေနဲ့ သေဆုံးမှုတွေ တိုးပွားများပြား လာနေကြောင်း၊ ပြည်သူသုံးသန်းဝန်းကျင် အကူအညီတွေ အသည်းအသန် လိုအပ်နေကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ အခြေအနေတွေ ဆုတ်ယုတ်ကျဆင်းနေတဲ့ လက်ရှိအနေအထားကို ရပ်တန့်ဖို့ နိုင်ငံတကာ အသိုင်းအဝန်းရဲ့ ကြိုးပမ်းအားထုတ်မှုတွေ မအောင်မမြင် ဖြစ်နေတဲ့အတွက် လမ်းကြောင်းပြောင်းဖို့ လိုအပ်နေပြီ ဖြစ်ကြောင်းလည်း ပြောပါတယ်။
အာဏာသိမ်း စစ်ကောင်စီနဲ့တပ်ဖွဲ့တွေရဲ့ အကြမ်းဖက်မှုကြောင့် ပြည်သူတစ်ထောင့်တစ်ရာကျော် သေဆုံးခဲ့ရ၊ ရှစ်ထောင်ကျော် ထင်သလို ဖမ်းဆီးထိန်းသိမ်းခံခဲ့ရ၊ ကလေးသူငယ်တွေ အပါအဝင် အရပ်ဘက်ပြည်သူ နှစ်သိန်းခွဲနီးပါး အဓမ္မနေရာပြောင်းရွှေ့ခံခဲ့ကြရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း စစ်တပ်ရဲ့ အကြမ်းဖက်မှုကြောင့် ကလေးငယ်အနည်းဆုံး ၇၅ ဦး သေဆုံးခဲ့ရကြောင်းလည်း ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။
အခုအခါ မြန်မာ စစ်ကောင်စီဟာ သူတို့ ဖမ်းဝရမ်းထုတ်ထားသူတွေကို ရှာမတွေ့၊ မဖမ်းဆီးနိုင်ရင် မိသားစုဝင်တွေကို ပြန်ပေးဆွဲသလို ဖမ်းဆီး ခေါ်ဆောင်နေကြကြောင်း၊ အဲဒီလို ဖမ်းဆီးခံရသူပေါင်း အခုထိ အနည်းဆုံး ၁၇၇ ဦး ရှိပြီဖြစ်ပြီး၊ လသားအရွယ်ကလေးငယ်တွေပါ ပါဝင်နေကြောင်းလည်း Tom Andrews က ပြောပါတယ်။ ဒါ့ပြင် မြန်မာနိုင်ငံမှာ ပြည်သူ့ အခွင့်အရေး၊ နိုင်ငံရေး အခွင့်အရေးတွေကို စစ်ကောင်စီ က ဖိနှိပ် ထိန်းချုပ်ထားပြီး၊ လွတ်လပ်စွာဖော်ပြခွင့်၊ စုရုံးခွင့်၊ တရားမျှတမှု ရရှိခွင့်၊ သတင်းလွတ်လပ်ခွင့်တွေ ပိတ်ပင်ခံထားရ၊ ကျန်းမာရေးစောင့်ရှောက်မှု စနစ်နဲ့ ကျန်းမာရေးဝန်ထမ်းတွေ တိုက်ခိုက်ခံနေရကြောင်းလည်း ဖော်ပြပါတယ်။
ဆရာဝန်တွေ နဲ့ တိုက်ရိုက် ထိတွေ့ပြောဆိုခဲ့ရာမှာ စစ်တပ်ဟာ နိုင်ငံ့ရဲ့ နဂိုကမှ ချိနဲ့နေတဲ့ ကျန်းမာရေးဌာနကြီးတခုလုံးကို အကြမ်းဖက်အင်အားသုံးပြီး၊ ဆေးဝါးနဲ့ ကုသရေးဆိုင်ရာ ပစ္စည်းကိရိယာတွေကို ဖျက်ဆီး၊ ကျန်းမာရေး ဝန်ထမ်းတွေကို ထင်သလို ရိုက်နှက်၊ ထိန်းသိမ်း၊ ပြန်ပေးဆွဲတာတွေ လုပ်ခဲ့ကြောင်း၊ အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်ကနေ သြဂုတ်လ ၂၅ ရက်နေ့အထိ အကြမ်းဖက်မှု အကြမ်းဖက်လုပ်ရပ်ပေါင်း အနည်းဆုံး ၂၆၀ ဝန်းကျင်ရှိကြောင်းလည်း Tom Andrews က ပြောပါတယ်။
ဒါ့ပြင် ကမ္ဘာ့အစိုးရတွေအနေနဲ့ မြန်မာ စစ်ကောင်စီအပေါ် ပြည်သူတွေရဲ့ဆန့်ကျင်မှုကို ထောက်ခံပြီး စီးပွားရေး ဖိအားနဲ့ လက်နက်ပိတ်ဆို့မှုတွေ ချမှတ်ဖို့ မြန်မာပြည်သူတွေအနေနဲ့လည်း စစ်တပ်ပိုင် လုပ်ငန်းကုမ္ပဏီတွေက ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေကို မဝယ်ယူမသုံးစွဲဘဲ သပိတ်မှောက်ဖို့၊ လျှပ်စစ် မီတာခ အပါအဝင် အခွန်အခတွေ မပေးဆောင်ဖို့ လိုကြောင်း၊ ပြည်သူတွေရဲ့ အဲဒီ အခွန်အခတွေဟာ အမေရိကန်ဒေါ်လာ တစ်ဘီလျံ ဝန်းကျင် ရှိကြောင်းလည်း ပြောဆိုပါတယ်။ အလားတူ မြန်မာနိုင်ငံတွင်း တချို့နေရာတွေမှာ ဖွဲ့စည်းပေါ်ပေါက်လာနေတဲ့ PDF ခေါ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပတ်သက်ပြီးတော့လည်း အမျိုးသား ညီညွတ်ရေး အစိုးရ NUG က ခုခံရေးစစ်အဖြစ် ကြေညာခဲ့သလို၊ Tom Andrews ကလည်း ကြီးမားတဲ့ စစ်တပ်တခုကို ဆန့်ကျင်ကာကွယ်ရေးနဲ့ ခြုံခို တိုက်ခိုက်ရေး ဆောင်ရွက်နေတဲ့အဖွဲ့တွေအဖြစ် ပြောဆိုပါတယ်။ မြန်မာ စစ်ကောင်စီတပ်ကိုတော့ ကမ္ဘာပေါ်မှာ ကိုယ့်ပြည်တွင်းက ရွာတွေ မြို့တွေကို ပြန်ပြီး တိုက်ခိုက်နေတဲ့ လက်နက်ကိုင် အကြမ်းဖက်အဖွဲ့အဖြစ် ပြောဆိုလိုက်ပါတယ်။

ဒါ့ပြင် အကူအညီတွေ အသည်းအသန် လိုအပ်နေတဲ့ မြန်မာပြည်သူ သုံးသန်းကျော်အတွက် လူသားချင်း စာနာကူညီရေးတွေ ပိုမိုဆောင်ရွက်ဖို့၊ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ အကူအညီ အသည်းအသန် လိုအပ်နေသူထံ ကူညီကယ်ဆယ်မှုတွေရောက်ရှိဖို့၊ ကူညီကယ်ဆယ်နေသူတွေကို အထောက် အကူပေးကြဖို့၊ ၂၀၂၁ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံလူသားချင်းစာနာကူညီမှုဆိုင်ရာ အစီအစဉ်က တိုက်တွန်းလိုက်ပါတယ်။ အခုထိတော့ အဲဒီအစီအစဉ်အတွက် တောင်းခံထားတဲ့ ရန်ပုံငွေရဲ့ ၄၆ ရာခိုင်နှုန်းသာ ရရှိသေးကြောင်းလည်း သိရပါတယ်။
ဒီအတွင်း ၇၆ ကြိမ်မြောက် ကုလသမဂ္ဂ အဆင့်မြင့်အထွေထွေညီလာခံ ဆွေးနွေးမှုတစ်ရပ်အတွင်း ရိုဟင်ဂျာ ဒုက္ခသည်တွေ သူတို့ကို လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာပြည်သူတွေ အတွက် လူသားချင်း စာနာကူညီမှုအနေနဲ့ အမေရိကန် ဒေါ်လာ သန်း ၁၈၉ နီးပါး ထောက်ပံ့ကူညီမယ်လို့ အမေရိကန်ပြည်ထောင်စု က ထုတ်ပြန်လိုက်ပါတယ်။