မြန်မာ့အရေး ကုလပါဝင်ဆောင်ရွက်ချက် မအောင်မြင်
2019.06.18
ရိုဟင်ဂျာဒုက္ခသည်အရေး ကုလသမဂ္ဂရဲ့ မအောင်မြင်တဲ့ဆောင်ရွက်ပုံစနစ်နဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေကို အရေးယူဖို့ Human Rights Watch နိုင်ငံတကာလူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့က တောင်းဆိုလိုက်ပါတယ်။ တချိန်တည်းမှာပဲ Amnesty International အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကလည်း မြန်မာစစ်တပ်ရဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ လူနည်းစု တိုင်းရင်းသား သက်ကြီးရွယ်အိုတွေနဲ့ ပတ်သက်ပြီး အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။
မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ ကိုင်တွယ်ဆောင်ရွက်ချက်တွေ မအောင်မမြင် ဖြစ်ခဲ့ရတယ်ဆိုတဲ့ ကုလသမဂ္ဂ အစီရင်ခံစာ တစ်စောင် ပြီးခဲ့တဲ့ရက်ပိုင်းက ထွက်ပေါ်လာခဲ့ပါတယ်။
မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်စလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ရဲ့ တာဝန်ပေးချက်အရ ကုလသမဂ္ဂဆိုင်ရာ ဂွာတီမာလာသံအမတ်ကြီးဟောင်း Gert Rosenthal က စုံစမ်းစစ်ဆေးပြီး အစီရင်ခံစာ ထုတ်ပြန်ခဲ့တာပါ။
အဲဒီအစီရင်ခံစာမှာ… မြန်မာနိုင်ငံမှာ ၂ဝ၁၇ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ စစ်တပ်ရဲ့လုံခြုံရေးရှင်းလင်းမှု ပေါ်ပေါက်လာနိုင်တဲ့အကြောင်း ကြိုတင်သတိပေးချက်တွေကို ကုလသမဂ္ဂက မျက်ကွယ်ပြုခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အစီရင်ခံစာထဲမှာ ကုလသမဂ္ဂလုပ်ငန်းတွေ မအောင်မမြင်ဖြစ်ခဲ့တဲ့အတွက် တာဝန်ရှိသူတွေအဖြစ် ဘယ်သူ့ကိုမှ ဖော်ပြထားတာ မရှိတဲ့အပေါ် စိတ်ပျက်မိကြောင်းနဲ့ ၊ ဒီလိုမအောင်မြင်မှုအတွက် မြန်မာပြည် ဌာနေကိုယ်စားလှယ်အပါအဝင် တာဝန်ရှိသူတွေကို အလုပ်ထုတ်သင့်တယ်လို့ Human Rights Watch ရဲ့ အမှုဆောင်ဒါရိုက်တာ Phil Robertson က ပြောပါတယ်။
“ဒီအစီရင်ခံစာအရ ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် ရာဇဝတ် ကျူးလွန်မှုတွေနဲ့ ပတ်သက်ပြီး အဓိက ကိုင်တွယ်ဆောင်ရွက်တဲ့သူတွေ၊ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအေဂျင်စီ UNDP မြန်မာနိုင်ငံ ဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စ ရေနာတာ လော့ခ်-ဒေဆာလီယင် Renata Lok-Dessallien ကအစ စုံစမ်းရေးအဖွဲ့မှာပါဝင်တဲ့ သူတွေကို အလုပ်ထုတ်သင့်တယ်၊ ကုလသမဂ္ဂဟာ ရိုဟင်ဂျာတွေကိစ္စရဲ့ ထိခိုက်မှုဆိုးဝါးပုံကို အသေအချာမပြောခဲ့ဘူး၊ အတွင်းရေးမှူးချုပ် Antonio Guterres ကလည်း မအောင်မြင်တာကိုမသိဘဲ အောင်မြင်သယောင် တင်ပြထားတာတွေကို မစစ်ဆေးဘဲ လက်မှတ်ထိုးနေတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ဖြေရှင်းချက်ကို မြန်မာပြည်သူတွေ သိရဖို့ လိုအပ်ပါတယ်”
ဒီအတောအတွင်းမှာပဲ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI က မြန်မာစစ်တပ်ရဲ့ ညှင်းပန်းနှိပ်စက်မှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ မြန်မာနိုင်ငံတွင်းက လူနည်းစုတိုင်းရင်းသား သက်ကြီးရွယ်အိုတွေ အခွင့်အရေး ဆုံးရှုံးနေရတာတွေနဲ့ပတ်သက်ပြီး ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
အတွင်းရေးမှူးချုပ် Antonio Guterres ကလည်း မအောင်မြင်တာကို မသိဘဲ အောင်မြင်သယောင် တင်ပြထားတာ တွေကို မစစ်ဆေးဘဲ လက်မှတ် ထိုးနေတယ်။
(Phil Robertson)
ဒီသက်ကြီးရွယ်အိုတွေဟာ ဒုက္ခသည်စခန်းတွေမှာ ဂုဏ်သိက္ခာရှိရှိ နေထိုင်ခွင့် မရကြဘူးလို့ဆိုပါတယ်။ AI အဖွဲ့ရဲ့ ပဋိပက္ခဆိုင်ရာအကြီးတန်းအကြံပေး Matthew Wells က…
“ ဒီအစီရင်ခံစာက ကချင်၊ ရှမ်းနဲ့ ရခိုင်အပြင် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွင်းက လူနည်းစုတိုင်းရင်းသား သက်ကြီးရွယ်အို ၁၄၆ ယောက် ကိုမေးမြန်းပြီး ပြုစုထားတာပါ။ မြန်မာနိုင်ငံတွင်းက လူနည်းစု တိုင်းရင်းသားတွေဟာ စစ်တပ်ရဲ့အကြမ်းဖက်မှုတွေကို နှစ်ပေါင်းများစွာ ခံခဲ့ကြရပါတယ်။ ဒီသက်ကြီးရွယ်အို အတော်များများဟာ မကြာသေးခင်က စစ်ဆင်ရေးတွေအတွင်း စစ်တပ်က ကျူးလွန်ခဲ့တဲ့ ရက်စက်မှုတွေလိုမျိုး သူတို့က ငယ်ရွယ်စဉ်ကတည်းက ခံစားခဲ့ရတာကို သိရပါတယ်။ ဒါဟာ ဒီလိုရက်စက်မှုတွေကို မြန်မာစစ်တပ်က ကာလရှည်ကြာ ကျင့်သုံးနေတာတွေကို ဖော်ပြနေပါတယ်။ ရက်စက်မှု ကျူးလွန်ခံသူတွေအတွက် တရားမျှတမှု လိုအပ်နေပါတယ်”
AI အဖွဲ့ရဲ့ ဒီထုတ်ပြန်ချက်အပေါ် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အခုလို တုံ့ပြန်ပါတယ်။
“အဲဒီအချိန်မှာဆိုရင် ကျနော်ထင်တာ ၁၉၇၅ - ၈ဝ လောက်အထိ သံလွင်မြစ်အရှေ့ဘက်ခြမ်းပေါ့၊ အများအားဖြင့် ရှမ်းပြည်နယ် ဘက်ကလူတွေက မြန်မာ့တပ်မတော်ဆိုတာ မြင်ဘူးမယ် မထင်ဘူး။ ဗကပ လွှမ်းမိုးတဲ့နယ်မြေ ဆိုတော့ ဗကပပဲ သူတို့မြင်ဘူးလိမ့်မယ်။ စစ်ဆင်ရေး လုပ်တဲ့အခါမှာတော့လည်း ရှိပါလိမ့်မယ်။ နယ်မြေခံပြည်သူ အများအားဖြင့် ထိခိုက်တာမျိုး ရှိကောင်းရှိလိမ့်မယ်။ ဘယ်လိုဘဲဖြစ်ဖြစ် သူတို့မမြင်ဖူးတဲ့ လက်နက်ကိုင်အဖွဲ့တွေ ဝင်လာတဲ့အခါ ကြောက်လန့်တာမျိုး ရှိကောင်းရှိမယ်၊ ဒါလည်း ဖြစ်နေကျပါပဲ။ အဲဒီတော့ ပထမဦးဆုံး ပြောချင်တာက ဒီအစီရင်ခံစာ ဘယ်လောက်ကစတင်ပြီး ဘယ်သူတွေကို စစ်တမ်းကောက်ပြီး ရေးထားမှန်း မသိတဲ့အတွက် ကျနော်တို့အနေနဲ့ တဖက်သက်မပြောချင်ဘူး၊ တဖက်သတ် ငြင်းစရာလည်း မရှိဘူး၊ ငြင်းချက်ထုတ်စရာလည်း အကြောင်းမရှိပါဘူး”
AI အဖွဲ့ရဲ့ အစီရင်ခံစာထဲမှာ ကာလရှည်ကြာ ဒုက္ခခံစားခဲ့ကြရတဲ့ သက်ကြီးရွယ်အိုတွေအတွက် လူသားချင်းစာနာမှု အကူအညီတွေ အလုံအလောက် မရတာတွေကိုလည်း ထောက်ပြထားပါတယ်။ သူတို့တွေအတွက် စိတ်ပိုင်းဆိုင်ရာ စောင့်ရှောက်မှုတွေနဲ့ အထောက်အပံ့တွေ ပေးဖို့အပြင် အကူအညီပေးရေး အဖွဲ့တွေကို ခွင့်ပြုဖို့လည်း AI အဖွဲ့က တောင်းဆိုထားပါတယ်။
(RFA ဝိုင်းတော်သူ မခင်ခင်အိ စုစည်းတင်ပြသည်)