အတိုက်အခံတွေကို သေဒဏ်ပေးရင် နိုင်ငံတကာရာဇဝတ်မှု ဖြစ်နိုင်ကြောင်း ကုလထိပ်တန်းအရာရှိတွေပြော

စစ်ကောင်စီရဲ့ သေဒဏ်အမိန့်ချမှတ်ခံထားရသူတွေထဲက ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးကျော်မင်းယု ခေါ် ဦးဂျင်မီ၊ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်နဲ့ ဦးအောင်သူရဇော် တို့ လေးဦးကို အမှန်တကယ်ကွက်မျက်မယ်လို့ ဆုံးဖြတ်တာကို ကုလသမဂ္ဂ ထိပ်တန်းခေါင်းဆောင်အားလုံးနီးပါးက ပြင်းပြင်းထန်ထန် ဆန့်ကျင် ကန့်ကွက်ကြောင်း ကြေညာထားပြီး တရားမျှတတဲ့ စစ်ဆေးမှုမရှိဘဲ သေဒဏ်ချမှတ်မှုနဲ့ အမှန်တကယ်စီရင်ဖို့ ကြိုးပမ်းမှုတွေဟာ ကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှုဖြစ်ကြောင်း ပြောဆိုလိုက်ကြပါတယ်။
သူတို့ကို တကယ်ကွပ်မျက်မယ့် အကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇွန်လ ၇ ရက်နေ့က RFA ကို အတည်ပြု ပြောဆို ထားပါတယ်။
"ဒီလိုလုပ်ရပ်ဟာ အခြေခံလူ့အခွင့်အရေးတစ်ရပ် ဖြစ်တဲ့ အသက်ရှင်သန်ခွင့်ကို ချိုးဖောက်ရုံတင်မကဘဲ နိုင်ငံရေးအရ ပြန်လည်ရင်ကြားစေ့ရေး ကြိုးပမ်းမှုတွေကိုပါ ထိခိုက်စေပါတယ်"
သေဒဏ်ချမှတ်လိုက်တာဟာ လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်နိုင်တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးယန္တရား IIMM ရဲ့ အကြီးအကဲ နီကိုလပ် ကုမ်ဂျန်က ဇွန်လ ၂၀ ရက်က ကြေညာချက်ထုတ်ပြန် ပြောဆိုပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးယန္တရား IIMM ဟာ မြန်မာ စစ်ကောင်စီ လျှို့ဝှက်စစ်ဆေးတဲ့ စစ်ခုံရုံးကနေ သေဒဏ်ချမှတ်ထားတဲ့သူ လေးဦးကို အမှန်တကယ် ကွပ်မျက်မယ့် အကြောင်း ကြေညာချက်နဲ့ နောက်ဆက်တွဲဖြစ်ရပ်တွေကို အနီးကပ် စောင့်ကြည့်နေပါတယ်။ မျှတတဲ့ တရားစီရင်မှုရဲ့ အခြေခံလိုအပ်ချက်တွေနဲ့မကိုက်ညီတဲ့ သေဒဏ်ပေးတာမျိုး မဆိုထားနဲ့၊ ကာလတစ်ခု ကြာရှည်ချုပ်နှောင်တာမျိုး လုပ်ရင်တောင် လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု၊ ဒါမှမဟုတ် စစ်ရာဇဝတ်မှု မြောက်နိုင်ပါတယ်။ အခုကိစ္စမှာ စစ်ကောင်စီရဲ့ စစ်ခုံရုံးကနေ သေဒဏ်ချမှတ်ထားတဲ့ သူလေးဦးကို ကွပ်မျက်သွားမှာ ဖြစ်တဲ့အကြောင်း ၂၀၂၂ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့ က မြန်မာစစ်တပ်က ကြေညာခဲ့ပါတယ်။ နိုင်ငံတကာ ဥပဒေတွေအရဆိုရင် ဒီစီရင်ချက်ဟာ ပြစ်ဒဏ်ချမှတ်ခံထားရသူတွေရဲ့ အခြေခံအခွင့်အရေးတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကြောင်းတွေ့ရပါတယ် လို့ IIMM အကြီးအကဲ Nicholas Koumjian က ပြောထားပါတယ်။
နိုင်ငံတော်လုံခြုံရေး ဒါမှမဟုတ် အခြားအကြောင်းတွေကြောင့် လျှို့ဝှက်စီရင်မယ်ဆိုရင်လည်း အကြောင်းပြချက် ခိုင်လုံဖို့ လိုပါလိမ့်မယ်။ အခု သေဒဏ်ချမှတ်လိုက်တဲ့အမှုကတော့ အများရှေ့ မှောက်မှာ စီရင်တာမဟုတ်တဲ့အတွက် လွတ်လပ်မျှတတဲ့ တရားစီရင်မှုဖြစ်ဖို့ အခြေခံအကျဆုံး လိုအပ်ချက်ကို ချိုးဖောက်တာ ဖြစ်ပါတယ်။ အလားတူ ချမှတ်ထားတဲ့ စီရင်ချက်တွေကလည်း သမာသမတ်ကျမှု၊ အမှီအခိုကင်းမှုတွေမရှိခဲ့ကြောင်း သံသယဖြစ်စရာ ရှိနေပါတယ် လို့ IIMM ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အလားတူ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ အန်တိုနီယို ဂူတားရက်စ်ကလည်း သေဒဏ်အပြစ်ပေးတာဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းပါ ပြဋ္ဌာန်းချက်တွေကို ချိုးဖောက်ရာရောက်တဲ့အတွက် ဒီမိုကရေစီအရေး လှုပ်ရှားသူနှစ်ဦးကို သေဒဏ်ချထားတာ ချက်ချင်းပယ်ဖျက်ပြီး ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုကြောင်း အတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရ မစ္စတာ Stephanie Dujarric က ပြောပါတယ်။
“မြန်မာစစ်တပ်ဟာ သေဒဏ်ချမှတ်ခံထားရတဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူနှစ်ဦးကို အမှန်တကယ် ကွပ်မျက်ဖို့ ဆုံးဖြတ်လိုက်တာနဲ့ ပတ်သက်ပြီး၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က အလွန်ပဲ စိုးရိမ်ပူပန်မိပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းရဲ့ အပိုဒ် ၃ မှာ ပြဋ္ဌာန်းထားတဲ့ လူသားတစ်ယောက်အနေနဲ့ လုံခြုံရေး၊ လွတ်လပ်ခွင့်နဲ့ အသက်ရှင်သန်ခွင့် ဆိုတဲ့ အခွင့်အရေးအားလုံးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာပဲ ဖြစ်ပါတယ်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အနေနဲ့ လူတိုင်းရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို လေးစားလိုက်နာဖို့၊ အခြေခံလူ့အခွင့်အရေး ရပိုင်ခွင့်တွေကို ကျင့်သုံးတဲ့အတွက် ဖမ်းဆီးခံထားရသူ အားလုံးကို စွဲချက်တွေ ပယ်ဖျက်ပေးဖို့နဲ့ မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့ ထပ်လောင်းပြီး တောင်းဆိုပါတယ်"
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး မီရှဲလ် ဘက်ချလက်က ဒီမိုကရေစီအရေးလှုပ်ရှားသူ နှစ်ဦးအပါအဝင် လူပုဂ္ဂိုလ်လေးဦးကို သေဒဏ်စီရင်ဖို့ ကြိုးစားနေတာကို ချက်ချင်း ရပ်ဖို့ ပြောပါတယ်။
“မကြာခင်က ဒီမိုကရေစီရေးလှုပ်ရှားသူ နှစ်ဦးအပါအဝင် လူလေးဦးကို သေဒဏ်စီရင်ဖို့ လုပ်နေတဲ့အကြောင်း စစ်ကောင်စီ ပြောခွင့်ရသူက ကြေညာခဲ့ပါတယ်။ ဒီလုပ်ရပ်ကို ရပ်တန့်ဖို့ စစ်ကောင်စီ အာဏာပိုင်တွေကို ကျွန်မတောင်းဆိုပါတယ်။ ဒီလိုလုပ်ရပ်ဟာ အခြေခံလူ့အခွင့်အရေးတစ်ရပ် ဖြစ်တဲ့ အသက်ရှင်သန်ခွင့်ကို ချိုးဖောက်ရုံတင်မကဘဲ နိုင်ငံရေးအရ ပြန်လည်ရင်ကြားစေ့ရေး ကြိုးပမ်းမှုတွေကိုပါ ထိခိုက်စေပါတယ်"
မြန်မာနိုင်ငံမှာ ၂၀၂၁ခုနှစ် စစ်တပ်က အာဏာသိမ်းလိုက်ကတည်းက သေဒဏ်ချမှတ်ခံထားရတဲ့ အမှု ၁၁၄ မှုအထိ ရှိနေပြီလို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းအရ သိရပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားသူတွေ၊ သတင်းသမားတွေနဲ့ အရပ်သားပြည်သူတွေကို ခြိမ်းခြောက်ဖို့အတွက် သေဒဏ်ကို လက်နက်တစ်ခုလို အသုံးပြုနေတယ်လို့ AI ခေါ် အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ကြေညာချက်ထုတ်ပြန်ထားပါတယ်။