ကုလအထူးကိုယ်စားလှယ်ရဲ့ မြန်မာနိုင်ငံခရီးစဉ်အပြီး ကြေညာချက်
2018.10.22
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ ဘာဂနာဟာ မြန်မာနိုင်ငံကို တတိယအကြိမ်မြောက်အဖြစ် အောက်တိုဘာလ ၁ဝ ရက်ကနေ ၂ဝ ရက်နေ့အထိ ၁ဝ ရက်ကြာ ရောက်ရှိခဲ့ပြီး ခရီးစဉ်အပြီးမှာတော့ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး RFA သတင်းထောက် ကိုကျော်သူ က စုစည်းတင်ပြထားပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကုလ အထူးကိုယ်စားလှယ် မစ္စ ဘာဂနာဟာ ခရီးစဉ်အတွင်း ရခိုင်နဲ့ ကချင်ပြည်နယ်တွေကို သွားရောက်ခဲ့ပြီး ရခိုင်ပြည်မြောက်ပိုင်းနဲ့ အလယ်ပိုင်းမှာ အပြည့်အ၀ ဝင်ရောက် လေ့လာအကဲဖြတ်ခွင့်ရရှိရေး အရေးပေါ် လိုအပ်နေကြောင်း ခရီးစဉ်အပြီး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြည်တွင်းက IDP ဒုက္ခသည်စခန်းတွေကို အစိုးရက ပိတ်သိမ်းနေပေမယ့်လည်း လုံလောက်မှုမရှိဘဲ ဒုက္ခသည်တွေ အတွက် လူ့အခွင့်အရေး အပြည့်အဝရဖို့၊ ပညာရေး ၊ ကျန်းမာရေး တန်းတူရဖို့၊ လွတ်လပ်စွာ သွားလာနေထိုင်ခွင့် ရဖို့နဲ့ လုံခြုံစိတ်ချစွာနေထိုင်နိုင်ဖို့ဟာ အရေးကြီးကြောင်း၊ ဒီလိုဆောင်ရွက် ချက်ဟာ ဘင်္ဂလားဒေ့ရှ်ရောက်နေတဲ့ ဒုက္ခသည်တွေပြန်လာစေဖို့အတွက် အကောင်းဆုံးဆွဲဆောင်မှု ဖြစ်ကြောင်းလည်း တိုက်တွန်းထားပါတယ်။
အဲဒီထုတ်ပြန်ကြေညာချက်ကို ကိုဖီအာနန်ကော်မရှင် အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့တဲ့ ဦးအေးလွင်က ထောက်ခံ ပြောကြားပါတယ်။
"အဲဒီပြောဆိုချက်တွေက ကျနော်တို့ အကြံပေးချက်တွေနဲ့ တော်တော်လေးနီးစပ်ပါတယ်၊ အကောင်းဆုံးကိစ္စသည် အဲဒီနေရာတွေကို လူတွေကို သွားလာခွင့်ပေးရင် အချက်အလက်တွေကို တော်တော်များများ ဆန်းစစ်လို့ရမယ်၊ ဝေဖန်ပိုင်းခြားလို့ရမယ်၊ လွတ်လွတ်လပ်လပ်သွားခွင့်ပေးဖို့ ကိစ္စက တစ်စိုက်မတ်မတ် ကျနော်တို့ရဲ့ အကြံပြုချက်ထဲမှာရော ခေါင်းဆောင်တွေနဲ့ တွေ့တဲ့အခါမှာ ဟို တပ်ချုပ်ကြီးနဲ့တွေ့ရာမှာ ကိုဖီအာနန်က အဲဒါပဲပြောခဲ့တယ်၊ အခြေအနေမှန်တွေကို သိနိုင်ဖို့အတွက်က အစွဲကင်းတယ် လွတ်လပ်တယ် သမာသမတ် ကျတဲ့ ပုဂ္ဂိုလ်တွေက အဲဒီနေရာတွေကို သွားရောက်လေ့လာပြီးတော့ တွေ့ရှိချက်တွေကို တင်ပြနိုင်မယ်ဆိုရင် အမှန်တရားနဲ့ နီးစပ်နိုင်ပါတယ်၊ ဒီပုဂ္ဂိုလ်ပြောသွားတဲ့ကိစ္စကို ကျနော်တို့ နဂိုကတည်းက ပြောခဲ့တဲ့ကိစ္စတစ်ရပ်လို့ ပြောချင်ပါတယ်"
မစ္စ ဘာဂနာဟာ ရခိုင်ပြည်နယ် စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော တို့ကို သွားရောက်ခဲ့ပြီး မတူညီတဲ့ လူ့အဖွဲ့အစည်းနှစ်ခုတို့ ပေါင်းစည်းနိုင်ရေး တိုက်တွန်းတာတွေ ရှိခဲ့ပါတယ်။
မစ္စ ဘာဂနာနဲ့ တွေ့ဆုံခဲ့သူတွေထဲက ဘူးသီးတောင်မြို့ခံ ဦးဇော်ဝင်းက နိုင်ငံတကာနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေက မွတ်စလင်တွေအရေး တစ်ဖက်သက်ဆန်တဲ့ ပြုမူချက်တွေကို လက်မခံနိုင်ဘူးလို့ ပြောပါတယ်။
"ဒီလိုပဲ သတင်းအချက်အလက်ရှာဖွေနေတဲ့ နိုင်ငံတကာက နိုင်ငံခြားသားတွေ လာရင်လည်းဘာမှထူးခြား မှုမရှိဘူးလေ၊ အခုလက်ရှိဖြစ်နေတဲ့အခြေအနေက နယ်မြေလိုချင်တဲ့သူနဲ့ ကျနော်တို့နိုင်ငံရဲ့ အချုပ် အခြာအာဏာ မဖြစ်ချင်တဲ့ပြဿနာ အဲဒီပဲသုံးသပ်တယ်၊ သူတို့နယ်မြေလိုချင်တယ် ကျနော်တို့ မပေးချင်ဘူး ဒီအပေါ်မှာ ဖြစ်သွားတဲ့ ပြဿနာဆိုတော့ သူတို့က ဘယ်လိုဖြေရှင်းနိုင်မလဲ၊ အခုက ကမ္ဘာ့စာမျက်နှာမှာ နိုင်ငံတကာက ဘင်္ဂလီတွေကို အင်မတန်သနားစရာကောင်းတဲ့ သူတွေလို့မြင်နေ ကြတယ် ဒါပေမဲ့ တိုင်းရင်းသားတွေရဲ့ခံစားမှု ကိုလည်း လျစ်လျူမရှုထားသင့်ဘူးပေါ့နော်၊ တစ်ဖက် စောင်းနင်း ဖြစ်နေတယ်၊ တစ်ဖက်က ဘာလဲဆိုတာကို သေသေချာချာမလေ့လာဘဲနဲ့ ကျနော်တို့ပဲ တစ်ကယ်ကို လူကြမ်းတွေဖြစ်နေရတယ် ကျနော်တို့နိုင်ငံက"
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ ္စဘာဂနာက တာဝန်ယူမှု တာဝန်ခံမှုရှိရေး အတွက် ယုံကြည်စိတ်ချရတဲ့ အချက်အလက်ရှာဖွေရေးလုပ်ငန်းဟာ ပထမဆုံး လုပ်ဆောင်ရမယ့် ကိစ္စဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောကြားထားပါတယ်။
ဒီအပေါ်မှာ ANP ပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးခိုင်ပြည်စိုးက သူ့အမြင်ကို အခုလိုပြောပါတယ်။
"နိုင်ငံတကာအဖွဲ့အစည်းတွေ ဒီဟာကို အရေးတကြီး စုံစမ်းစစ်ဆေးဖို့ လိုတဲ့ဟာထက် ဒီပြဿနာရဲ့ ဇစ်မြစ်ကို သိဖို့လိုတယ်၊ ဆိုလိုတာက သူတို့က နိုင်ငံတကာက စစ်ဆေးရမယ် နိုင်ငံတကာက လုပ်ရ မယ်ဆိုတာ ဖိအားပေးမှုဖြစ်တယ်၊ ဒါပေမဲ့ ဒီပြဿနာရဲ့ ဇစ်မြစ်ဟာ ဘာကြောင့်ဖြစ်ရတယ် ဆိုတဲ့ အဖြေက မေးခွန်းကို ဖြေရမယ်ဆိုတာ ပျောက်နေတာကို ကျနော်တွေ့ရတယ်လေ၊ ဒီဟာတွေက နိုင် ငံတကာ ဖိအားပေးတဲ့ပုံစံမျိုးလို့ပဲ ကျနော်အဲလိုသုံးသပ်ပါတယ်"
ဒါနဲ့ပတ်သက်ပြီး အစိုးရရဲ့ သဘောထားကို သိရှိဖို့ UEHRD ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာဝင်းမြတ်အေးကို RFA က ဆက်သွယ်ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။
မြန်မာအာဏာပိုင်တွေအနေနဲ့ သူမနဲ့ နီးနီးကပ်ကပ် ထိတွေ့ဆက်ဆံလိုတဲ့ ဆန္ဒရှိတဲ့အလျောက် မြန်မာနဲ့နိုင်ငံ တကာအသိုင်းဝိုင်းကြား ဆက်ဆံရေး ကောင်းမွန်လာအောင် ကြိုးပမ်းသွားမှာဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။
အခုလို နိုင်ငံတကာနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေက ရခိုင်ပြည်နယ်အရေးစောင့်ကြည့်နေကြပြီး အေးချမ်း တည်ငြိမ်ရေး အဖြေရှာနေကြတယ်လို့ ဆိုပေမယ့်လည်း လက်တွေ့အရ ဖြေရှင်းနိုင်မယ့်လမ်းစက ခက်ခဲနေဦးမှာ ဖြစ်တယ်လို့ ဝေဖန်သုံးသပ်ကြပါတယ်ခင်ဗျာ။