မြန်မာစစ်တပ်ကို လေယာဉ်ဆီတင်သွင်းမှု အရေးယူဖို့ ဗြိတိန်နည်းလမ်းရှာ
2022.04.29

ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်နေ့က ပြုလုပ်တဲ့ ဗြိတိန်ပါလီမန်အစည်းအဝေးမှာ အောက်လွှတ်တော်အမတ် ရူရှနာရာ အလီက မြန်မာစစ်တပ်ကို လေယာဉ်ဆီတင်သွင်းနေတာ ပစ်မှတ်ထား ပိတ်ဆို့အရေးယူမယ့် အစီအစဉ်နဲ့ပတ်သက်ပြီး အတည်ပြုပေးဖို့ မေးမြန်းခဲ့ပါတယ်။
“မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးကတည်းက မြန်မာစစ်တပ်က အာဏာသိမ်းတာ ဆန့်ကျင်သူတွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်နှိမ်နင်းနေတဲ့အတွက် အရပ်သားပြည်သူ တစ်သန်းခွဲလောက်အထိ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပါတယ်။ ဒီအထဲမှာ စစ်တပ်ရဲ့ လေကြောင်းက တိုက်ခိုက်မှုတွေကြောင့် ဒါမှမဟုတ် လေကြောင်း တိုက်ခိုက်မှုတွေ လုပ်မှာကို ကြောက်ရွံ့ကြတာကြောင့် နေအိမ်စွန့်ခွာ ထွက်ပြေးကြသူတွေ အများဆုံး ပါဝင်နေပါတယ်။ ဒါကြောင့်မို့ ဗြိတိသျှအစိုးရအနေနဲ့ မြန်မာစစ်တပ်အတွက် လေယာဉ်ဆီတင်သွင်းပေးနေတဲ့ မြန်မာကုမ္ပဏီတွေနဲ့ တစ်နည်းနည်းနဲ့ ပါဝင်ပတ်သက်နေတဲ့ ဗြိတိသျှကုမ္ပဏီတွေကို ပိတ်ဆို့အရေးယူမှုတွေ စတင်တော့မယ့်အကြောင်း ဝန်ကြီးချုပ်မှ အတည်ပြုပေးစေချင်ပါတယ်။”
ဒီအောက်လွှတ်တော်အမတ် ရူရှနာရာ အလီရဲ့ မေးခွန်းနဲ့ပတ်သက်ပြီး ဗြိတိန်အစိုးရအနေနဲ့ မြန်မာစစ်တပ်ကို လေယာဉ်ဆီတင်သွင်းတာ ပစ်မှတ်ထားအရေးယူဖို့ မိတ်ဖက်နိုင်ငံတွေနဲ့ တိုင်ပင်ဆွေးနွေးနေပြီး မြန်မာစစ်တပ်ကို အကူအညီပေးနေတဲ့ အဖွဲ့အစည်းသုံးခုကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ဖို့ မိတ်ဖက်နိုင်ငံတွေနဲ့ ဆွေးနွေးနေပါတယ်လို့ ပြန်လည်ဖြေကြားသွားပါတယ်။
အခုအချိန်မှာ ဗြိတိန်အစိုးရဟာ မြန်မာစစ်တပ်ကို လေယာဉ်ဆီတင်သွင်းနေတာတွေကို ပိတ်ဆို့အရေးယူဖို့ နည်းလမ်းတွေ ရှာဖွေနေပြီး ပါလီမန်အတွင်းမှာလည်း ဒီကိစ္စကို မေးမြန်းစုံစမ်းနေတဲ့အတွက် လေယာဉ်ဆီတင်သွင်းမှုကို ပစ်မှတ်ထားပြီး ပိတ်ဆို့အရေးယူမယ့် အစီအစဉ် အမြန်ဆုံးအကောင်အထည်ပေါ်လာမယ်လို့ မျှော်လင့်တဲ့အကြောင်း ဗြိတိန်အခြေစိုက် Burma Campaign UK အဖွဲ့ရဲ့ ညွှန်ကြားရေးမှုး Mark Farmaner က ပြောပါတယ်။
“မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးကတည်းက လူပေါင်း တစ်သန်းခွဲလောက် နေအိမ်စွန့်ခွာ ထွက်ပြေးနေရတာ စစ်တပ်က လေကြောင်းတိုက်ခိုက်တဲ့အတွက်ပါ။ ဒါကြောင့်လည်း ဗြိတိန်ပါလီမန်အမတ် ရူရှနာရာ အလီက စစ်ကောင်စီကို လေယာဉ်ဆီတင်သွင်းမှု ပိတ်ပင်ဖို့ ဗြိတိသျှအစိုးရအနေနဲ့ ဘာဆက်လုပ်နေသလဲဆိုတာကို ပါလီမန် အစည်းအဝေးမှာ မေးခွန်းမေးခဲ့တာပါ။ ပိတ်ဆို့ အရေးယူတဲ့ နေရာမှာ မြန်မာစစ်တပ်ကို လေယာဉ်ဆီ မရောင်းချဖို့ ဗြိတိန် ကုမ္ပဏီတွေကို တားမြစ်တာအပြင် ဗြိတိန် ကုမ္ပဏီတွေပိုင်တဲ့ သင်္ဘောလိုင်းတွေအနေနဲ့ မြန်မာအစိုးရက တင်သွင်းတဲ့ လေယာဉ်ဆီကို မပို့ဆောင်ဖို့နဲ့ ဗြိတိန်အာမခံကုမ္ပဏီတွေအနေနဲ့ တင်ပို့ပေးတဲ့ သင်္ဘောလိုင်းတွေအတွက် အာမခံဝန်ဆောင်မှု မပေးအောင် တားမြစ်ဖို့လည်း စီစဉ်နေပါတယ်။ ဒါ့အပြင် မြန်မာစစ်တပ်အတွက် လေယာဉ်ဆီတင်သွင်းရာမှာ ဝန်ဆောင်မှုပေးနေတဲ့ မြန်မာကုမ္ပဏီတွေ လုပ်ငန်းရှင်တွေကိုလည်း ပိတ်ဆို့အရေးယူဖို့လည်း ပါဝင်ပါတယ်။”
ဗြိတိန်အစိုးရရဲ့ ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုဟာ ဗြိတိန်အခြေစိုက် ကုမ္ပဏီတွေကို အများဆုံး သက်ရောက်မှုရှိမှာ ဖြစ်ပေမယ့် မိတ်ဖက်နိုင်ငံတွေကလည်း အလားတူ ပိတ်ဆို့အရေးယူမှုတွေ ချမှတ်လာရင် အပြောင်းအလဲဖြစ်လာမယ်လို့ သုံးသပ်ပါတယ်။
"မြန်မာစစ်တပ်အတွက် လေယာဉ်ဆီတင်သွင်းတဲ့နေရာမှာ Petro China နဲ့ ချက်ဗရွန်ကုမ္ပဏီတွေ ပတ်သက်နေတာ တွေ့ရပါတယ်။ မြန်မာစစ်တပ်အတွက် လေယာဉ်ဆီ ပို့ဆောင်ပေးနေတဲ့ သင်္ဘောလိုင်းတွေကိုလည်း သိထားပါတယ်။ အခုထိတော့ ဗြိတိသျှကုမ္ပဏီတွေ တိုက်ရိုက်ပါဝင်နေတာ မတွေ့ရသေးပါဘူး။ ဒါပေမဲ့ အမေရိကန်နဲ့ ဥရောပကုမ္ပဏီတွေ ပါဝင်နေတာ တွေ့ရပါတယ်။ ဗြိတိန်အစိုးရက ပိတ်ဆို့အရေးယူမှု ချမှတ်တဲ့အခါမှာ အမေရိကန်၊ ဥရောပသမဂ္ဂ (အီးယူ) နဲ့ ကနေဒါနိုင်ငံတွေကိုပါ သတင်းအချက်အလက်တွေမျှဝေပြီး အလားတူ လိုက်လုပ်ဖို့ တိုက်တွန်းမှာ ဖြစ်ပါတယ်။ ဒီနိုင်ငံတွေဘက်ကလည်း အလားတူ ပိတ်ဆို့မှုတွေ ချမှတ်လာတဲ့အခါ ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်လာမှာပါ။"
မြန်မာနိုင်ငံနဲ့ ဆက်စပ်ပြီး စီးပွားရေးလုပ်ကိုင်နေတဲ့ ကုမ္ပဏီအများစုဟာ ထိုင်း၊ စင်ကာပူ၊ တရုတ် စတဲ့ အာရှ နိုင်ငံတွေဖြစ်ပေမယ့် အနောက်နိုင်ငံတွေနဲ့ ဆက်စပ်ပြီး စီးပွားရေးလုပ်ကိုင်နေတာကြောင့် ပိတ်ဆို့အရေးယူမှုတွေ စတင်တဲ့အခါ မြန်မာစစ်တပ်နဲ့ အဆက်အသွယ်ဖြတ်တောက်ဖို့ ဖိအားရှိလာမှာဖြစ်တဲ့အကြောင်း Mark Farmaner က သုံးသပ်ပါတယ်။

ဒါ့အပြင် အခုလို မြန်မာစစ်တပ်အတွက် လေယာဉ်ဆီတင်သွင်းမှုကို ပစ်မှတ်ထားအရေးယူရာမှာ မြန်မာစစ်တပ်အတွက်တင်မကဘဲ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပိတ်ဆို့အရေးယူဖို့ လိုအပ်မှာ ဖြစ်တဲ့အတွက် ပြည်တွင်း လေကြောင်းလိုင်းတွေအပေါ်မှာလည်း သက်ရောက်မှုရှိနိုင်တယ်လို့ Mark Farmaner က သုံးသပ်ပါတယ်။
“ပြဿနာတစ်ခုက မြန်မာစစ်တပ်မှာ ရှိတဲ့ ရုရှားတိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ ဒရုန်းယာဉ်တွေဟာ သာမန်လေယာဉ်ဆီနဲ့ပဲ မောင်းနှင်လို့ ရပါတယ်။ စစ်တပ်သုံး Military grade အဆင့် လေယာဉ်ဆီ ဖြစ်ဖို့မလိုပါဘူး။ မြန်မာစစ်တပ်က အရပ်ဘက်သုံးလေကြောင်းလိုင်းတွေအတွက် တင်သွင်းတဲ့ လေယာဉ်ဆီတွေကို ယူသုံးနေလို့ ရပါတယ်။ ဒါကြောင့်မို့ ပိတ်ဆို့အရေးယူမှု ချမှတ်တဲ့အခါ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးကို လေယာဉ်ဆီတင်သွင်းမှု အားလုံးကို ပိတ်ပင်ဖို့လိုမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လေယာဉ်ဆီဖြည့်တင်းရတာ စရိတ်စက ကြီးမြင့်တဲ့အတွက် နိုင်ငံတကာ လေကြောင်းလိုင်းတွေက မြန်မာနိုင်ငံမှာ လေယာဉ်ဆီဖြည့်လေ့ မရှိပါဘူး။ ဒါကြောင့် နိုင်ငံတကာ လေကြောင်းလိုင်းတွေကို ထိခိုက်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ပိတ်ဆို့အရေးယူမှုတွေ ဖြစ်လာရင် ပြည်တွင်း လေကြောင်းလိုင်းတွေနဲ့ လေယာဉ်ခရီးစဉ်တွေကို သက်ရောက်မှု ရှိနိုင်ပါတယ်။”
မြန်မာနိုင်ငံဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်နေပေမယ့် လေယာဉ်ဆီအဖြစ် သန့်စင်ပြီး အသုံးပြုနိုင်ဖို့ အဆင့်မြင့် ရေနံချက်စက်ရုံတွေ မရှိတဲ့အတွက် စစ်တပ်နဲ့ အရပ်ဘက်လေယာဉ်အားလုံးဟာ ပြည်ပက တင်သွင်းတဲ့ လေယာဉ်ဆီကို မှီခိုနေရတယ်လို့ အေပီသတင်းမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာမသိမ်းခင်အထိ စင်ကာပူအခြေစိုက် Puma Energy နဲ့ နိုင်ငံပိုင် မြန်မာ့ရေနံနဲ့ ဓာတုလုပ်ငန်းတို့ ပူးပေါင်းပြီး ပြည်တွင်းသုံး လေယာဉ်ဆီအများစုကို တင်သွင်းဖြန့်ဖြူးနေခဲ့တာပါ။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်မှာတော့ Puma Energy ဟာ မြန်မာနိုင်ငံက လုပ်ငန်းတွေကို ရပ်နားခဲ့ပါတယ်။