နေအိမ် သုံးသောင်းနီးပါး မီးရှို့ခံရမှု စစ်ရာဇဝတ်မှုမြောက်ကြောင်း လေ့လာသူတွေပြော

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ဩဂုတ်လ ၂၅ ရက်နေ့အထိ အာဏာသိမ်း ၁၈ လကျော်အတွင်း နိုင်ငံတစ်ဝန်းမှာ နေအိမ်အလုံးပေါင်း ၂၈,၄၃၄ လုံး မီးရှို့ဖျက်ဆီး ခံရကြောင်း ဒီဖြစ်စဉ်တွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ Data For Myanmar အဖွဲ့က ဩဂုတ်လ ၂၈ ရက်နေ့က ထုတ်ပြန်ပါတယ်။
အဲဒီအထဲမှာ စစ်ကိုင်းတိုင်းက နေအိမ်အလုံးပေါင်း ၂၀,၁၅၃ လုံးနဲ့ အများဆုံး၊ မကွေးတိုင်းက ၅၄၁၈ လုံးနဲ့ ဒုတိယ အများဆုံး၊ ချင်းပြည်နယ်က ၁၄၇၄ လုံးနဲ့ တတိယအများဆုံး မီးရှို့ ဖျက်ဆီးခံခဲ့ရတာပါ။
အဲဒီဒေသ သုံးခုအပြင် ကချင်၊ ကရင်၊ ကယား၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ မွန် စတဲ့ ပြည်နယ်တွေနဲ့ ပဲခူး၊ တနင်္သာရီ၊ မန္တလေးတိုင်း တွေမှာပါ ပြည်သူတွေရဲ့ အိုးအိမ် ပိုင်ဆိုင်မှုတွေ မီးရှို့ဖျက်ဆီး ခံခဲ့ရပါတယ်။
မကွေးတိုင်း ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသမှာရှိတဲ့ ငတရော်ရွာကို ပြီးခဲ့တဲ့ ဩဂုတ်လ ၁၃ ရက်နေ့ကစလို့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့က မီးရှို့ခဲ့ကြတာကြောင့် အခုချိန်မှာ နေစရာ အိမ်မရှိတော့ဘဲ ဘုန်းကြီးကျောင်းမှာပဲ မှီခိုနေထိုင်ရတယ်လို့ ငတရော်ရွာဒေသခံ ဦးအေးက RFA ကို ပြောပါတယ်။
“အကူအညီကတော့ ပရဟိတ အဖွဲ့တွေ ရှိမယ်။ ကျနော်တို့ကတော့ ဘုန်းကြီးကျောင်း မှာပဲ နေကြတယ်။ အရှေ့ပိုင်းကလည်း အရှေ့ပိုင်း ဘုန်းကြီးကျောင်းနေကြတယ်။ အနောက်ပိုင်းကလည်း အနောက်ပိုင်း ဘုန်းကြီးကျောင်း နေကြတယ်။ ပရဟိတ အဖွဲ့တွေက လာလှူဒါန်းတာလေးတွေကိုပဲ ကျောင်းမှာ ချက်ပြုတ်စားနေရတယ်ပေါ့။ ကိုယ်တွေဘဝက စားစရာလည်း မကျန်တော့ဘူး။ နေစရာလည်း မရှိတော့ဘူး။ အဲဒီလို ဖြစ်ကုန်ကြတာ။ တိရစ္ဆာန်မွေးထားတယ်။ နွားကျွေးစရာ အစာလည်း မရှိတော့ဘူး။ အဲဒီလိုတွေ ဖြစ်နေကြတာ”
ငတရော်ရွာဟာ နှစ်ရက်ဆက်တိုက် မီးရှို့မှုကြောင့် နေအိမ် ၈၃၀ ခန့် မီးလောင် ဆုံးရှုံးပြီးတဲ့နောက် တစ်ရွာလုံးမှာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဆေးပေးခန်းတို့ပဲ ကျန်တော့တယ်လို့ ဦးအေးက ပြောပါတယ်။
သူ့အိမ်ကတော့ တိုက်တစ်လုံး၊ လယ်ထွန်စက်၊ ထော်လာဂျီ၊ နွားစာတဲနဲ့ မီးဖိုချောင်ပါ မကျန် မီးရှို့ခံရလို့ ကျပ် သိန်းတစ်ထောင်ကျော်ဖိုးလောက် ဆုံးရှုံးသွားတယ်လို့ ဆိုပါတယ်။
"ကိုယ်တွေဘဝက စားစရာလည်း မကျန်တော့ဘူး။ နေစရာလည်း မရှိတော့ဘူး။"
ဩဂုတ်လ ၁၃ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ ငတရော်ရွာ အပြင်ဘက်မှာ တိုက်ပွဲဖြစ်ပြီးတဲ့နောက် တစ်ရွာလုံးနီးပါး မီးရှို့ခံခဲ့ရတာပါ။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က ပန်းရွာဟာလည်း စစ်အာဏာသိမ်း တစ်နှစ်ပြည့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် နေ့မှာ တိုက်ပွဲတစ်စုံတစ်ရာ မဖြစ်ဘဲ မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အရင်က အိမ်ကြီးအိမ်ကောင်းတွေ ရှိခဲ့တဲ့ နေရာမှာ အခုတော့ တဲအိမ်လေးတွေ ပြန်ဆောက်ပြီး နေထိုင်ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပန်းရွာသူ အမျိုးသမီး တစ်ဦးက ပြောပါတယ်။
“အခုကတော့ ထန်းခလက်မိုးလေးတွေနဲ့ တစ်ရွာလုံး ပြန်ဆောက်ပြီးပြီပဲ ပြောပါတော့။ တစ်ရွာလုံး လိုလိုပေါ့နော်။ သူတို့တွေ စစ်တပ်တွေ ထွက်သွားပြီဆိုတော့ ရွာထဲကို ပြန်နေကြ ရတာပေါ့နော်။ ကျမအမျိုးသားရော၊ အိမ်နီးနားချင်းတွေရော သွားကြည့် တော့ တချို့ မူးလဲတာတွေ၊ ငိုကြတာပေါ့။ ခြေတွေ ဆင်းပြီးတော့။ ကိုယ့်အိမ်လေးတွေ ဆိုတော့ နှမြောကြတာပေါ့။ အခုလောလောဆယ်ကတော့ ငြိမ်နေတယ်။ ၇ လပိုင်း ကတော့ တစ်လလုံးလိုလို ကျမတို့ ရွာက ပြေးနေရတာ။ ကျမတို့ ပန်းရွာဆိုတာက မြိုင်နယ်အစပ်၊ ပုလဲအစပ်ပေါ့နော်။ အစပ်ဆိုတော့ မြိုင်ဘက်က စစ်ကြောင်းလာလည်း ပြေးရတာပဲ”
ရွာထဲကို မဝင်ခင်ကတည်းက လက်နက်ကြီးတွေ ပစ်တာကြောင့် ရွာလုံးကျွတ် ထွက်ပြေး ကြရပြီး အိမ်ခြေ ၁၅၆ လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သူက ဆိုပါတယ်။
စစ်ကိုင်းတိုင်းထဲမှာ မီးဘေးနဲ့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူ ဦးဇော်ဇော် ကတော့ မီးရှို့ခံရတဲ့ အိမ်ပိုင်ရှင်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကနေ တတ်နိုင်သလောက် ကူညီပေးနေပေမယ့် လုံလောက်မှု မရှိဘူးလို့ RFA ကို ပြောပါတယ်။
“မီးလောင်ခံရတဲ့ ပြည်သူတွေအတွက် အစ်ကိုတို့ ပုလဲနယ်ဆိုရင် အရေးပေါ် သစ်၊ ဝါးပေါ့။ တစ်ဖက်က ပုံတောင် (သစ်တောကြီး) ရှိတော့။ သစ်၊ ဝါးတွေကို နယ်မြေ အရောက် ကူညီပေးနိုင်ခဲ့တဲ့ အနေအထားတွေ ရှိတယ်။ ဒါပေမဲ့ ပြည့်ပြည့်စုံစုံတော့ မဟုတ်ဘူးပေါ့နော်။ ဒေသခံတွေနဲ့ ပေါင်းစပ်ပြီးတော့ ကူညီပေးခဲ့တယ်။ နောက်ပြီးတော့ NUG မှာ မြို့နယ် လူသားချင်းစာနာမှု တာဝန်ခံကနေပြီးတော့ NUG ရဲ့ လူသားချင်း စာနာထောက်ထားရေး ဝန်ကြီးဌာနကို စာရင်းတွေ ပို့ပေးရတယ်။ လူသားချင်းစာနာမှု ဝန်ကြီးဌာနကနေပြီးတော့ သူဟာနဲ့သူ အထိုက်အလျောက်တော့ မများပါဘူး။ ပြည်သူလှူတဲ့ငွေနဲ့ အရေးပေါ် ကုစားငွေ၊ အိုးအိမ်မီးရှို့ခံရတာတွေကို ပြန်ပြီး ထောက်ပံ့ကူညီတာတွေ အကုန်လုံးမှတ်တမ်းနဲ့ ရှိပါတယ်”
စစ်ကိုင်းတိုင်း တချို့နေရာတွေမှာဆိုရင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက အိမ်မီးလောင် ဆုံးရှုံးခဲ့သူတွေ အခုချိန်ထိ အိမ်မပြန်နိုင်သေးဘဲ တောထဲမှာပဲ မှီခိုနေထိုင်ရတယ်လို့လည်း ဦးဇော်ဇော်က ဆိုပါတယ်။
စစ်ကောင်စီဟာ လက်နက်ကိုင် ခုခံမှုကို နှိမ်နင်းချင်တယ်ဆိုရင်တောင် ကျေးလက်နေ ပြည်သူလူထု ထိခိုက်နစ်နာမှု အနည်းဆုံးဖြစ်အောင် ကြိုးစားရမှာဖြစ်ပြီး အခုလို ရွာလုံးကျွတ် မီးရှို့နေတာက စစ်ရာဇဝတ်မှုမြောက်တယ်လို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ ဥပဒေရေးရာ ကျွမ်းကျင်သူတစ်ဦးက ထောက်ပြဝေဖန်ပါတယ်။
“မီးရှို့တဲ့နည်းလမ်းကလွဲရင် ခုနက ရွာကို ဝိုင်းပတ်ပိတ်ဆို့ပြီးတော့မှ အပိုင်းတွေ ပိုင်းပိုင်းပြီး ရပ်ကွက်တစ်ခုချင်း ဖြစ်စေ၊ အိမ်ခြေ ၅၀ ဆို ၅၀ ဖြစ်စေ ဝိုင်းပတ်ပြီး ပိတ်ဆို့ပြီးတော့မှ ရှင်းလင်းတဲ့ နည်းလမ်းနဲ့ ဖြေရှင်းလို့ ရတာပဲ။ လူသေစရာအကြောင်း မရှိဘူး၊ သေနတ်ပစ်စရာ အကြောင်း မရှိဘူး။ နိုင်ငံသားတွေရဲ့ အိုးအိမ်စည်းစိမ်ကို ဘာမှ ဖျက်ဆီးစရာ အကြောင်းမရှိဘူး။ အဲဒီလို ရွေးချယ်စရာနည်းလမ်းတွေ ရှိနေပါလျက်နဲ့ အခုလိုမျိုး သေသေချာချာလည်း တိတိကျကျလည်း သိတာမဟုတ်ဘဲနဲ့ သံသယနဲ့၊ အထင်နဲ့ ဒီလိုလုပ်လိုက်တာသည် ကျနော်တို့ စစ်ရာဇဝတ်မှုတစ်ခုကို ကျူးလွန် လိုက်တယ်လို့ ဒီလို ပြောလို့ ရပါတယ်”
အရပ်သားပစ်မှတ်တွေကို မတိုက်ခိုက်ရ၊ အရပ်သားတွေရဲ့ အိုးအိမ်စည်းစိမ် ပိုင်ဆိုင်မှု တွေကို မထိပါးရဆိုတဲ့ နိုင်ငံတကာ စစ်ပွဲဥပဒေနဲ့ ကျင့်ဝတ်တွေက မြန်မာပြည်နဲ့ သိပ်မဆိုင်သလို ဖြစ်နေတယ်လို့လည်း သူက ဆိုပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း ကတော့ ကျေးရွာတွေကို မီးရှို့ ဖျက်ဆီး တာဟာ စစ်ကောင်စီတပ် မဟုတ်ဘဲ PDF တွေသာဖြစ်တယ်လို့ အရင်က RFA က မေးမြန်းစဉ် တုံ့ပြန် ဖြေဆိုခဲ့ဖူးပါတယ်။
မကြာသေးခင်ကမှ မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စ နိုလင်းဟေဇာ ကလည်း ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ မလုပ်ဖို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို ပြောဆိုရာမှာ စစ်တပ်က ပြည်သူကို ကာကွယ်ကူညီ ပေးနေတာမို့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာမျိုး မရှိဘူးလို့ စစ်ကောင်စီဥက္ကဋ္ဌက ပြန်လည်ငြင်းဆိုပါတယ်။
ကျေးရွာတွေ မီးရှို့ခံရတဲ့အခါ အပြစ်မဲ့အရပ်သားတွေရဲ့ အသက်တွေ၊ ဘဝတွေပါ ပေးဆပ် လိုက်ရတာမို့ ဒီလုပ်ရပ်တွေကို ဥပဒေအရ အရေးယူနိုင်ဖို့ လုပ်ကိုလုပ်ရမယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း က ပြောပါတယ်။
“အခု လက်ရှိ ဖြစ်ပွားနေတဲ့ ရာဇဝတ်မှုမှန်သမျှ အခု ရွာတွေ၊ အိမ်တွေကို သောင်းနဲ့ချီပြီး မီးရှို့နေတာတွေက ကျနော်တို့ တကယ့်ကို စုံစမ်းစစ်ဆေးမှုတင် မကဘဲ အရေးယူရမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုမျိုးရွာတွေ ဖျက်ဆီးတာက ကျနော်တို့ သဘာဝ ဘေးဒဏ်ကြောင့် မီးလောင်တာတွေ မဟုတ်ဘူး။ သဘာဝဘေးဒဏ်ကြောင့် မီးလောင်ရင် အာမခံကြေးရှိရင် အာမခံက ပြန်လျော်ပေးရတယ်။ အခုဖြစ်တာတွေက ဘဝတွေ၊ အသက်တွေ ဖြစ်တယ်။ ဒီလိုမျိုးအရာတွေကို ကျနော်တို့က တရားဥပဒေအရ အကာအကွယ်ပေးဖို့အတွက် တာဝန်ကို ရှိတယ်။ လုပ်ကို လုပ်ရမှာ ဖြစ်တယ်”
သူတို့အနေနဲ့ နိုင်ငံတစ်ဝန်းက အဖြစ်အပျက်တွေကို စနစ်တကျ လေ့လာကောက်ယူပြီး မှတ်တမ်းပြုစုနေတယ်လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။
မြန်မာနိုင်ငံအနေနဲ့ မဖြစ်မနေ ဖြတ်သန်းရမယ့် အသွင်ကူးပြောင်းမှုနဲ့ တရားမျှတရေး ကာလမှာ အဖြစ်မှန်တွေကို ဖော်ထုတ်ပြီး ကျူးလွန်သူတွေကို ဥပဒေအရ အရေးယူ အပြစ်ပေးဖို့ လုပ်ရမှာ ဖြစ်သလို၊ ကျူးလွန်ခံရသူ နစ်နာသူတွေကို ပြန်လည်ကုစားတဲ့ အစီအစဉ်တွေကိုလည်း ဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေရဲ့ လက်ချက်ကြောင့် မီးရှို့ဖျက်ဆီး ခံရမှု အခြေအနေတွေကို လအလိုက် လေ့လာတဲ့အခါ ၂၀၂၂ ခုနှစ် ဧပြီ၊ မေ၊ ဇွန် သုံးလဟာ နေအိမ်တွေ ထိခိုက်ပျက်စီးမှု အများဆုံးဖြစ်ပြီး အဲဒီ သုံးလအတွင်း နေအိမ်အလုံးပေါင်း ၁၂,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data for Myanmar အဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။