ထိုင်းသဘာဝဓာတ်ငွေ့လုပ်ငန်းကို NUG တောင်းဆိုစာပို့
2023.03.20

မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းနဲ့ပတ်သက်တဲ့ သတင်းစာရှင်းပွဲကို မတ်လ ၂ဝ ရက်နေ့ ညနေပိုင်းက အမျိုးသားညီညွတ်ရေးအစိုးရ NUG လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနနဲ့ ဘဏ္ဍာ ရေးနဲ့ ရင်းနှီးမြှပ်နှံမှုဝန်ကြီးဌာနတွေက အွန်လိုင်းကတစ်ဆင့် ပြုလုပ်ပါတယ်။
သတင်းစာရှင်းပွဲမှာ စစ်ကောင်စီနဲ့ လက်တွဲအလုပ်လုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံသဘာဝဓာတ်ငွေ့လုပ်ငန်း PTTEP ကို NUG အစိုးရက တောင်းဆိုစာ (Demand letter)ကို မတ်လ ၂၀ရက်နေ့ နေ့စွဲနဲ့ ပေးပို့လိုက်တယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမော်ထွန်းအောင်က ပြောပါတယ်။
ဒီဆောင်ရွက်ချက်ဟာ မူလသဘောတူစာချုပ်ပါအတိုင်း ခုံသမာဓိရုံးကို တင်ပြမှာဖြစ်ပြီး ဒါဟာ တရားဥပဒေနဲ့အညီ ဖြစ်တယ်လို့လည်း ပြောပါတယ်။ တောင်းဆိုချက်ကို ရက်ပေါင်း ၃၀ အတွင်း ပြန်ကြားရမှာဖြစ်ပြီး ပြန်ကြားမှုမရှိရင် ဥပဒေနဲ့အညီဆောင်ရွက်မှာ ဖြစ်တယ်လို့ဆိုပါတယ်။
“ဒါတွေကို ဆုံးဖြတ်နိုင်ဖို့က ဥပဒေလမ်းကြောင်းကနေ ခုံသမာဓိရုံးကို တင်ပြမှာဖြစ်ပါတယ်။ စာချုပ်မှာပါတဲ့အတိုင်း သွားနေတာလည်း ဖြစ်ပါတယ်။ ဒီနေ့သတင်းစာရှင်းပွဲမှာလည်း အမျိုးသားညီညွတ်ရေးအစိုးရဟာ နိုင်ငံရေးအရနဲ့ ဥပဒေလမ်းကြောင်းအရ သွားနေတယ်ဆိုတာ အသိပေးခြင်းဖြစ်ပါတယ် “
တစ်ဆက်တည်း ဘဏ္ဍာရေးနဲ့ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနဝန်ကြီး ဦးတင်ထွန်းနိုင်က အခုလို NUG အစိုးရက ဆောင်ရွက်ရတဲ့ အကြောင်းကို ပြောပါတယ်။ စစ်ကောင်စီဟာ ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းကနေ ရရှိတဲ့ အကျိုးအမြတ်များစွာ ရခဲ့တယ်လို့ ပြောပါတယ်။
“၂ဝ၂၂ ခုနှစ် ဒုတိယလေးလပတ် ဧပြီကနေ ဇူလိုင်လ လေးလအတွင်းမှာပဲ စစ်ကောင်စီဟာ ရေနံနဲ့သဘာဝဓာတ်ငွေ့ကနေ အမေရိကန်ဒေါ်လာ သန်းပေါင်း ၈ဝဝ ကျော်လောက် ရရှိပါတယ်။ ဒီလောက်ငွေပမာဏရရှိတဲ့ အကြမ်းဖက်စစ်တပ်ဟာ မိမိရဲ့ပြည်သူတွေကို အကြမ်းဖက်နှိပ်စက်သတ်ဖြတ်နေပါတယ်”
တစ်ဆက်တည်း ဦးတင်ထွန်းနိုင် က PTTEP အနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်လို့ ပြောပါတယ်
“ဒါကြောင့်မို့လို့ PTTEP အနေနဲ့ မြန်မာပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခအားလုံးကို ကျွန်တော်တို့နဲ့ အတူပူးပေါင်းပြီး ဒီတော်လှန်ရေးမှာ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် မြန်မာပြည်သူတွေကလည်း နောင်အနာဂတ်အထိ မျိုးဆက်အလိုက် ထိုင်းနိုင်ငံနဲ့ရော PTTEP ကိုပါ ကျေးဇူးတင်၊ ထာဝရအမှတ်ရနေမှာဖြစ်တယ်လို့ ပြောလိုပါတယ်”
ဒါဟာ ကုမ္ပဏီကို ထိခိုက်စေလိုလို့ မဟုတ်ဘူးလို့လည်း ပြောသွားပါတယ်။
တစ်ဆက်တည်း သတင်းစာရှင်းပွဲကို တက်ရောက်လာသူတွေရဲ့ မေးမြန်းချက်တွေကို ဆက်လက်ဖြေကြားရာမှာ အခုဆောင်ရွက်ချက်ကြောင့် ဘန်ကောက်မြို့ကြီး မီးမှောင်ကျသွားနိုင်သလားဆိုတဲ့ မေးခွန်းကို မြန်မာနိုင်ငံက တင်သွင်းတဲ့ သဘာဝဓာတ်ငွေ့ဟာ ထိုင်းနိုင်ငံလိုအပ်ချက်ရဲ့ ခြောက်ရာခိုင်နှုန်းကနေ ရှစ်ရာခိုင်နှုန်း ပဲရှိတယ်လို့ ဖြေကြားသွားပါတယ်။