မဲဆောက်နဲ့ မြဝတီမှာ မြန်မာတွေကိုပစ်မှတ်ထားတဲ့ ရာဇဝတ်မှုတွေ ပိုများလာ

RFA Burmese
2023.09.26
မဲဆောက်နဲ့ မြဝတီမှာ မြန်မာတွေကိုပစ်မှတ်ထားတဲ့ ရာဇဝတ်မှုတွေ ပိုများလာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့စျေးတွင် ထိုင်းစစ်သားများ ဝင်ရောက်စစ်ဆေးနေသည်ကို ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့က တွေ့ရစဥ်။
AFP

ထိုင်း မြန်မာနယ်စပ် မဲဆောက်မြို့ နဲ့ မြဝတီမြို့ဘက်မှာ အခု ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း မြန်မာပြည်သားတွေ ခါးပိုက်နှိုက်၊ လူသတ်၊ လုယက်ခံရတာတွေ များလာနေပါတယ်။

မဲဆောက်က ရွှေ့ပြောင်းမြန်မာလုပ်သားအများစု အလုပ်ပိတ်ရက်တွေဖြစ်တဲ့ စနေ၊ တနင်္ဂနွေလိုနေ့မျိုးနဲ့ လုပ်ခလစာ ထုတ်ရက်တွေအတွင်း မဲဆောက် မြန်မာဈေးတန်းမှာ ဈေးလာဝယ်ကြတဲ့သူတွေကို ခါးပိုက်နှိုက် လုယက်တာ များလာတာလို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) က ဦးဆောင်သူ ဦးမိုးကြိုးက RFA ကို ပြောပါတယ်။

 “ကျွန်တော်တို့ အခုပြောမယ်ဆိုရင် မနက် ခြောက်၊ ည ခြောက် အလွယ်ခေါ်တဲ့ ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ်နဲ့ လာကြတဲ့သူတွေထဲမှာ နိုင်ငံရဲ့ အကျဉ်းထောင်အသီးသီးက ခိုး၊ ဆိုး၊ လု၊ နှိုက် တွေက ပါလာကြတာ ဖြစ်တဲ့အတွက် သူတို့တွေက လျှပ်တပြက်၊ ရှောင်တခင်၊ အချိန်ပိုင်းလေး အခုလို ခိုးဆိုးလုနှိုက်တဲ့ အလုပ်ကိုလုပ်သွားတာ ရှိပါတယ်။ တစ်စပ်တည်းမှာပဲ မဲဆောက်မှာအခြေချတဲ့ ထိုင်းနိုင်ငံသားဖြစ်စေ၊ ထိုင်းနိုင်ငံသားအယောင်ဆောင်တဲ့ ကျွန်တော်တို့ မြန်မာထဲကနေပြီးတော့ မြန်မာ မြန်မာချင်း တက်နင်းတဲ့ အနေအထားလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်လာဖြစ်လာ ဖြစ်ရပ်မှန်တွေပေါ်ပေါက်ဖို့အတွက် သက်ဆိုင်ရာရဲဌာနကို အမှုဖွင့်ပါလို့ ကျနော်ပြောချင်တယ်။”

အခုဆိုရင် မဲဆောက်မြို့တွင်းမှာတင်မကဘဲ မြို့ပြင်ကျေးရွာတွေဘက်မှာပါ အဲဒီလိုရာဇဝတ်မှုတွေများလာနေပြီး ဒုစရိုက်သမားတွေက အထောက်အထားမဲ့ နေထိုင်ကြတဲ့ မြန်မာ‌‌တွေ၊ ရွှေပြောင်းလုပ်သားတွေ၊ ပြည်တွင်းကနေ တိမ်းရှောင်နေထိုင်လာသူအများစုကို ပစ်မှတ်ထားကျူးလွန်ကြတာဖြစ်ပါတယ်။ ဒါပေမဲ့ ကျူးလွန်ခံရသူအများစုက ထိုင်းရဲနဲ့ မြန်မာအလုပ်သမားအဖွဲ့အစည်းတွေကို  မတိုင်ကြားကြဘူးလို့ ဦးမိုးကြိုးက ပြောပါတယ်။

“အရင်တုန်းကတော့ လခြားလောက်မှ တစ်ခါဖြစ်တာ၊ အခုက တနင်္ဂနွေအပတ်တိုင်း အပတ်တိုင်းမှာ ဖြစ်ပြီး၊ တခြားကြားရက်တွေမှာ မဲဆောက်မြို့ရဲ့ ကျေးရွာတွေဘက်တွေမှာ မယ်တောင်တို့၊ မယ်ကုတို့ အဲ့လိုကျေးရွာ တွေဘက်တွေမှာ ဖြစ်လာတာဖြစ်တဲ့အတွက် အရပ်လေးမျက်နှာ ဖြစ်လာတဲ့သဘောရှိတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးလည်း ကျွန်တော်တို့ ကာယကံရှင်အလုပ်သမားတွေက သက်ဆိုင်ရာ မဲဆောက်ရဲဌာနကို အမှုဖွင့်တိုင်ကြားတယ်ဆိုတာ တော်တော်ရှားတယ်။”

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်နေ့က မဲဆောက်ဈေးထဲမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ဈေးဝယ်နေချိန် ပိုက်ဆံအိတ်၊ လက်ဆွဲအိတ်တွေကို ခါးပိုက်နှိုက်အဖွဲ့တွေက ခိုးယူတာကို ကြုံလိုက်ရတယ်လို့ မဲဆောက်စျေးထဲမှာ ကုန်မျိုးစုံရောင်းသူ တစ်ဦးက ပြောပြပါတယ်။

“သူတို့က စနေ၊ တနင်္ဂနွေဆိုလူများတယ်လေ၊ အဲ့ဒါစက်ရုံသမားတွေကလည်း များတယ်ဆိုတော့ အခွင့်ကောင်းယူပြီးလုပ်တာပေါ့”

“ဟိုတလောတုန်းကပဲ ဆိုင်တစ်ဆိုင်မှာ သနပ်ခါး ဝယ်နေတာ အဲ့ဒါကို အခွင့်ကောင်းယူပြီးတော့ လုပ်သွားတာ၊ လူတွေအုံနေတဲ့အချိန်၊ ပိုက်ဆံတော့မပါသွားဘူးတဲ့၊ passport ပါသွားတာ၊ အဲ့ဒီအဒေါ်ကြီးဆို သနားပါတယ်၊ Passport တွေကိုလေ ပိုက်ဆံထင်ပြီးတော့ နှိုက်သွားတာ၊ အဲ့ဒီ အဒေါ်ကြီးက ကြောက်လည်းကြောက်နဲ့။ နောက်နေ့ကျတော့လည်း စျေးထဲက မုန့်ဟင်းခါးဆိုင်ရှေ့မှာ ပိုက်ဆံအိတ်ကို ဓားနဲ့ခွဲပြီးတော့လုပ်သွားတာ၊ လူမမိဘူး၊ သူတို့က စနေ၊ တနင်္ဂနွေဆိုလူများတယ်လေ၊ အဲ့ဒါစက်ရုံသမားတွေကလည်း များတယ်ဆိုတော့ အခွင့်ကောင်းယူပြီးလုပ်တာပေါ့၊ မိရင်လည်းမရဘူး၊ တစ်ဆင့်တစ်ဆင့် အဖွားကြီးတွေ၊ လူငယ်လေးတွေ အဲ့လိုမျိုး အုပ်လိုက်လာတာဖြစ်မယ်၊ ပိုက်ဆံကိုတစ်ဆင့်တစ်ဆင့် သူတို့က ပေးလိုက်တာ၊ အဲ့ဒီလိုထိတဲ့လူတွေကတော့ သနားဖို့တော့ ကောင်းတယ်၊ ချွေးနှဲစာနဲ့ လုပ်စားနေရတာဆိုတော့လေ။”

ထိုင်းမြန်မာနယ်စပ် မြဝတီမြို့ဘက်မှာလည်း အလားတူ ခါးပိုက်နှိုက်မှုတင်မကဘဲ လုယက်မှုတွေနဲ့ လူသတ်မှုတွေအထိ ဖြစ်လာနေတယ်လို့ မြဝတီမြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်နေ့ဝန်းကျင်က မြဝတီမြို့တွင်း ဆိုင်ကယ်အဌားယာဉ်မောင်း နှစ်ဦးဆီက ဆိုင်ကယ်ကို လုယက်ပြီး လူကိုသတ်သွားခဲ့ပါတယ်။ နောက်ထပ်တစ်ဦးကတော့ ပျောက်ဆုံးနေတဲ့အတွက် စုံစမ်းရှာဖွေနေတယ်လို့ အမည်မဖော်လိုတဲ့ မြဝတီမြို့ခံ အမျိုးသမီးတစ်ဦးက RFA ကိုပြောပါတယ်။

“အဲ့လို ခါးပိုက်နှိုက်တဲ့ လူတွေကလည်း မြဝတီကနေပြီးတော့ပဲ အုပ်စုဖွဲ့ပြီးသွားပြီးတော့ အဲ့ဒီမှာ ခါးပိုက်နှိုက်ကြ၊ အိတ်တွေခွဲကြတယ်လို့ သိရတယ်”

“မြဝတီမှာဆိုလို့ရှိရင် ဒီနှစ်ပတ်ထဲ၊ ဒီနှစ်ပတ်အတောအတွင်းမှာကို ဆိုင်ကယ်ကယ်ရီမောင်းတဲ့လူပျောက်တာ သုံးယောက်လောက်ရှိပြီ။ နှစ်ယောက်ကတော့ အလောင်းပြန်တွေ့တယ်၊ နောက်တစ်ယောက်ကတော့ ဘာသတင်း အစအနမှ မရသေးဘူး အခုထက်ထိ။ အဲ့ဒါကို သူတို့ရဲ့ဆိုင်ကယ်တွေလည်း ပါသွားတာပေါ့၊ အဓိကကတော့ ဆိုင်ကယ်လုတဲ့ပုံစံပေါ့နော်၊ အဲ့ဒါကိုမှ လူကိုပါသတ်သွားတာ၊ ပြီးတော့ ဒီမြဝတီမြို့ထဲမှာ ဆိုလို့ရှိရင်လည်း ဒီစျေးတွေ ဘာတွေမှာ ဆိုလို့ရှိရင် ခါးပိုက်နှိုက်တာတွေ ဘာတွေအခုရှိနေတယ်ပေါ့နော်၊ အဲ့လို ခါးပိုက်နှိုက်တဲ့ လူတွေကလည်း မြဝတီကနေပြီးတော့ပဲ အုပ်စုဖွဲ့ပြီးသွားပြီးတော့ အဲ့ဒီမှာ ခါးပိုက်နှိုက်ကြ၊ အိတ်တွေခွဲကြတယ်လို့ သိရတယ်။”

၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့က တွေ့မြင်ရသည့် မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတားမြင်ကွင်း။ Photo : Kitimasak Aek Seeduan/Facebook
၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့က တွေ့မြင်ရသည့် မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတားမြင်ကွင်း။ Photo : Kitimasak Aek Seeduan/Facebook

မြဝတီမြို့ဘက်မှာ စစ်တပ်က ည ဆယ်နာရီ ကနေ မနက် လေးနာရီ အထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး အချိန်ကျော် သွားလာသူတွေကို ပစ်ခတ်ဖမ်းဆီးမယ်လို့ ကြေညာထားပေမယ့် မြို့ပေါ် ရပ်ကွက်ထဲမှာ ခိုးမှု၊ ဖောက်ထွင်းမှု၊ လုယက်မှုတွေ ဆက်ဖြစ်နေတာပါ။

မြဝတီနဲ့ မဲဆောက်မြို့တွေမှာ လတ်တလော ခါးပိုက်နှိုက်၊ လူသတ်၊ လုယက်တာခံခဲ့ရသူတွေနဲ့ မိသားစုဝင်တွေကိုတော့ RFA အနေနဲ့ သီးခြား ဆက်သွယ်အတည်မပြုနိုင်သေးပါဘူး ။

လောလောဆယ်မှာတော့ မဲဆောက်မြို့ဘက်မှာ မြန်မာအများစု နေထိုင်တဲ့နေရာတွေမှာ အထောက်အထားမဲ့ နေထိုင်သူတွေကို ထိုင်းရဲတပ်ဖွဲ့နဲ့နယ်ခြားစောင့်တပ်တွေက စစ်ဆေးဖမ်းဆီးတာတွေ ရှိနေပါတယ်။

ဒါပေမဲ့ ခါးပိုက်နှိုက်၊ လုယက်ခံရတာတွေကို တိုင်ကြားတာမရှိသေးတာကြောင့် စစ်ဆေးဖမ်းဆီးတာမျိုးလည်း မရှိသေးဘူးလို့ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) က ဦးဆောင်သူ ဦးမိုးကြိုးက ပြောပါတယ်။

 

 

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။