လက်နက်ကိုင်အဖွဲ့တွေကို ပိုက်ဆံပေးပြီး ထိုင်းပစ္စည်းတွေတင်သွင်းနေရ
2024.03.07

ထိုင်းနိုင်ငံကကုန်စည်တွေကို အဓိကတင်သွင်းနေတဲ့ လမ်းကြောင်းကနေ သွားလာလို့မရတော့တာကြောင့် ထို့ကော်ကိုး- ဘားအံလမ်းကနေ ကုန်ပစ္စည်းတွေကို သယ်ယူရပါတယ်။ ဒီလိုသယ်ယူရာမှာ နယ်မြေစိုးမိုးထိမ်းချုပ်ထားတဲ့ ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေကို ကုန်ကားတစ်စီး ကျပ်ငွေ ခုနစ်သိန်းကနေ ကုန်ကားအမျိုးအစားအလိုက် ၃၃ သိန်းအထိ အဖွဲ့အစည်းကြေးအဖြစ် ပေးဆောင်သွားလာနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကုန်ကားယာဉ်မောင်းတွေက RFA ကို ပြောပါတယ်။
"ကုန်ကျငွေကျတော့ ကားလေးတွေတော့ မသိဘူးပေါ့နော် ကားအကြီးကတော့ ခြောက်ဘီးတွေဆိုရင် လမ်းကြေးကြီးပဲ တောင်အောက်အရောက်ကို မြဝတီကနေ ကျုံဒိုးလောက်ထိအရောက်ကို လမ်းကြေးကြီးပဲ အဖွဲ့အစည်းပေးရတဲ့ကြေးပဲ ခုနစ်သိန်းလောက်ကုန်တယ်။ ၁၀ ဘီး၁၂ ဘီးဆိုရင် လမ်းကြေးကြီးပဲ၁၅ သိန်းလောက်ကုန်တယ်။ အတွဲတွေကျတော့ ၂၂ ဘီးကားတွေကျတော့ ၁၀ တန်လောက်ထိတင်ခွင့်ပေးတယ်၊ တွဲကားတွေရဲ့ကုန်ကျငွေကျတော့ နဒီလင်းမြိုင်တံတားက တစ်သိန်းခွဲပေးရတယ်၊ မဲပလဲကျတော့ ဒီဘက်တောင်ခြေအထိ အရောက်ကို အဖွဲ့အစည်းပေးဖို့တွက်ကုန်ကျငွေကျတော့ ၂၅ သိန်း၊ ဒီဘက်တောင်ခြေ နဘူးကနေပြီးတော့ ဘားအံရောက်တဲ့အထိကိုကျတော့ လေးသိန်း၊ အားလုံးပေါင်း ၃၃ သိန်းလောက်ကုန်တယ်"
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်းက မြဝတီ-အာရှလမ်းမကြီးမှာ ကော့နွဲ့တံတား ပျက်စီးသွားတာကြောင့် သွားလာမရတာ့ဘဲ ထို့ကော်ကိုး လမ်းနဲ့ ကြက်ဥတောင်လမ်းပိုင်းတွေကနေ ဘားအံ၊ မော်လမြိုင်နဲ့ ရန်ကုန်မြို့ဘက်ကို သွားလာနေရတာဖြစ်ပါတယ်။
အခုလို ကရင်လက်နက်ကိုင်အဖွဲ့တွေ ထိမ်းချုပ်ထားတဲ့လမ်းပိုင်းကနေ ကုန်ကားတွေ သွားလာနေရတာမှာ ကုန်ကားမောင်းသူတွေအနေနဲ့လမ်းကြောင်း၊ ဂိတ်ကြေး ရှင်းလင်းပေးရတဲ့ အေ့ဂျင့်တွေနဲ့ ချိတ်ဆက်ငွေပေးပီး သွားလာမောင်းနှင်ကြရတာလို့ ပြောပြပါတယ်။ ကားလမ်းတစ်လျောက် နယ်မြေစိုးမိုးထားတဲ့ ကရင့်လက်နက်ကိုင်အဖွဲ့တွေက လမ်းလုံခြုံရေးကိုယူထားပြီး အဖွဲ့စုံဂိတ်များလို့ အမည်ပေးထားတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ အဓိက ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) အဖွဲ့ ဖြစ်ပါတယ်။
"တောင်ပေါ်မှာကျတော့ အဖွဲ့အစည်းကတော့ အစုံပေါ့၊ အဲ့ဒီအဖွဲ့အစည်း အစုံကို အစ်ကိုတို့ကားသမားတွေက ကိုယ့်ဟာကိုယ်ပေးရမယ်ဆို မလွယ်ဘူးလေနော်။ မလွယ်တဲ့အခါကျတော့ တို့က မဲပလဲမှာ အေးဂျင့်တွေထိုင်တယ်ကွယ်၊ အဖွဲ့အစည်းက ဗိုလ်မှူးဟောင်းတွေပေါ့လေ၊ PC တို့ KNLA တို့ အဖွဲ့စုံပေါ့၊ အေးဂျင့်နဲ့ ဆက်လိုက်တာ သူတို့ဟာသူတို့ သွားရှင်းတယ်ပေါ့၊ ဂိတ်ကို ကိုယ်တွေမရှင်းရဘူးပေါ့"
အဲ့ဒီလို လမ်းဖြတ်သန်းခကောက်ခံနေတာနဲ့ပတ်သက်ပြီး ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်နဲ့ KNLA တပ်မဟာ ၆ တာဝန်ရှိ သူတွေထံ မေးမြန်းဖို့ RFA က ဆက်သွယ်နေပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။
အဲဒီလမ်းပိုင်းမှာ ဖြတ်သန်းသွားကြတဲ့ ကုန်ကားတွ၊ ခရီးသည်တင်ကားတွေ အနေနဲ့ ထို့ကော်ကိုးလမ်းပိုင်းဟာ ဖောက်လုပ်နေဆဲ တောင်ပတ်လမ်းပိုင်းဖြစ်တာကြောင့် ယာဉ်မတော်တဆမှုတွေလည်း နေ့စဉ်ဖြစ်နေတယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ယာဉ်မောင်းက ပြောပါတယ်။
"ဒုံးကျည်တောင် အသွားများတာပေါ့၊ သူက အတက်အဆင်း နည်းနည်းနိမ့်တယ်၊ အသွားများတယ်၊ လမ်းတော့ဆိုးတယ်၊ ကားတွေကတော့ နေ့တိုင်းပျက်နေတာ နေ့တိုင်းလဲနေတာပဲ၊ ကားတွေကတော့ ပျက်စီးမှုကတော့တအားပဲ၊ နေ့တိုင်းနီးပါးကို ကားမတော်တစမှု ဖြစ်တယ်ကွယ်၊ ကြက်ဥတောင်ကတော့ မသွားကြဘူးဆိုတာက အရေးကြီးတဲ့သူကတော့ ကြက်ဥတောင်က ပတ်တာပေါ့နော်၊ သူကတော့ အတက်အဆင်းမရှိတော့ မြန်တယ်လေ၊ လမ်းကလည်းတော်တော်ဆိုးတယ်၊ အတက်အဆင်းကလဲ ကြမ်းတယ်"
အခုလို မြဝတီကနေ ဘားအံကို ကုန်ကားတွေ လမ်းဖြတ်သန်းက ငွေကြေး အဆမတန်ကုန်ကျနေတာနဲ့ပတ်သက်ပြီး ကရင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းကျော်သူကို တယ်လီဖုန်း ဆက်သွယ်မေးမြန်းပေမဲ့ ဖုန်းလက်ခံ မဖြေဆိုပါဘူး။
အခု လမ်းကြောင်းပြောင်းလဲသွားလာနေရတဲ့ ထို့ကော်ကိုးလမ်းနဲ့ ကြက်ဥတာင်လမ်းပိုင်း နှစ်ခုအပြင် ယခင်နယ်စပ်ကုန်သွယ်ရေးလမ်းအဖြစ်အသုံးပြုနေတဲ့ ဒေါနတောင်လမ်းဟောင်းကနေလည်း ကရင်လက်နက်ကိုင်အဖွဲ့တွေကို ကုန်ကားလုပ်ငန်းရှင်တွေ ညှိနှိုင်းပြီး ကားအစီးရေအကန့်အသတ်နဲ့ လမ်းဖြတ်သန်းခပေးပြီး သွားလာရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပြပါတယ်။