တနင်္သာရီတိုင်းက မြို့နယ်တချို့ ဆက်သွယ်ရေးနဲ့ ရိက္ခာဖြတ်တောက်ခံနေရ
2023.10.31

တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ခရိုင်မှာ စစ်ကောင်စီတပ်တွေရဲ့ လှုပ်ရှားမှုတွေ များလာသလို ပုလော နဲ့ တနင်္သာရီမြို့နယ်မှာလည်း တိုက်ပွဲတွေ မကြာခဏဖြစ်နေတယ်လို့ ဒေသတွင်းအခြေ စိုက်ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက RFA ကို ပြောပါတယ်။ ပုလောနဲ့ တနင်္သာရီက စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ မြို့နယ်တွေ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်တွေက ဒေသခံကာကွယ်ရေးအဖွဲ့တွေရဲ့ ပြောက်ကျားစစ်ကို ချေမှုန်းဖို့ ဗျူဟာပြောင်းပြီး လုပ်ဆောင်လာတယ်လို့ တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ကိုစတား (Star) က RFA ကို ပြောပါတယ်။
“တော်လှန်ရေးအင်အားစုတွေက ပြောက်ကျားစစ်ဆင်ရေးနဲ့ သုံးတဲ့အခါမှာ သူတို့ဘက် မှာ အထိအခိုက် အကျအဆုံး များခဲ့တယ်။ ဒါကိုပြန်ပြီးတော့ ပြင်ဆင်တဲ့အနေနဲ့ တန်ပြန်ပြောက်ကျားစနစ်ကို သုံးလာတာ ရှိတယ်။ အထူးသဖြင့်တော့ ဒေသခံတပ်ရင်း တပ်ဖွဲ့တွေကို သုံးလာတယ်။ ဒေသခံဖြစ်တဲ့အတွက် နယ်မြေကျွမ်းကျင်မှုနဲ့ သတင်း အချက်အလက်ရရှိမှုမှာ ပိုပြီး အားကောင်းလာတဲ့ သဘောမျိုး တွေ့ရတာပေါ့။ သူတို့ဘက်က တန်ပြန် ပြောက်ကျားစနစ်နဲ့ ဗျူဟာပြောင်းပြီးတော့ စစ်ဆင်ရေး လုပ်လာတယ်ဆိုတာကတော့ သေချာပေါက်ဖြစ်ပါတယ်”
စစ်ကောင်စီက မြို့ကြီးတွေကို ဆက်ထိန်းချုပ်ထားနိုင်ပေမယ့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက ကျေးလက် ဒေသတွေကို စိုးမိုးထားနိုင်တယ်လို့ ကိုစတားက ပြောပါတယ်။
ဒီနှစ်ထဲမှာ PDF တွေဘက်က ထိုးစစ်ဆင်တာများသလို အခုအောက်တိုဘာလ ထဲမှာဆိုရင် နေ့တိုင်း နီးပါး တိုက်ပွဲတွေ ရှိနေတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီကလည်း အရေးပါတဲ့ နေရာတွေ၊ ကုန်းမြင့်တွေမှာ အခြေစိုက်ပြီး လက်နက်ကြီးနဲ့ပစ်တာ၊ ရေကြောင်းကနေ တိုက်တာမျိုးတွေ ဦးစားပေးလာတယ်လို့ ပြောပါတယ်။
တနင်္သာရီတိုင်းဟာ စစ်ကောင်စီရဲ့ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်ဒေသဖြစ်သလို၊ ကရင် အမျိုးသား လွတ်မြောက် ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF)၊ ဒေသအခြေစိုက် ကာကွယ်ရေးတပ် LPDF တွေ၊ ကော်သူးလေတပ်မတော် (KTLA) နဲ့ ဆာကဆောတပ်တွေရှိပါတယ်။ အခုဆိုရင် တနင်္သာရီတိုင်းထဲမှာ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ပေါင်း ၆၀ လောက်အထိရှိတယ်လို့ ဒေသတွင်းအခြေစိုက် သတင်း မီဒီယာသမားတွေနဲ့ သုတသီတွေဖွဲ့ထားတဲ့ FE5 Tanintharyi ရဲ့ စက်တင်ဘာလထုတ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
"ကျွန်မတို့ဘဝတော့ ဒုက္ခတွေတအားပဲ။ နေစရာလည်းမရှိ၊ စားစရာလည်းမရှိ။ ကျွန်မခံစားရတယ်ဆိုတာတောင် ပြောမတတ်တော့ဘူး"
တနင်္သာရီ၊ ပုလော၊ သရက်ချောင်းနဲ့ ထားဝယ်မြို့နယ်တွေမှာ စစ်ကောင်စီက ဖြတ်လေးဖြတ် စနစ်လို လုပ်နေတယ်လို့ ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့က အမည်မဖော်လိုတဲ့အဖွဲ့ဝင် တစ်ယောက်က ပြောပါတယ်။
“အာဏာသိမ်းပြီးတော့ ပုလောဒေသဧရိယာမှာ D-Day နေ့စပြီးတော့ တိုက်ပွဲဖြစ်ပြီး တော့ ဖြတ်လေး ဖြတ် စလုပ်တာပဲ။ အဓိက ဖြစ်တဲ့နေရာကနေစပြီးတော့ ဦးတည် သွားတယ်။ ဖြစ်လာတဲ့ နေရာတွေကို တောက်လျှောက်လုပ်လာတာပေါ့။ ဂိတ်တွေ ချတယ်။ စားနပ်ရိက္ခာတွေ ဖြတ်တောက်တယ်။ တချို့ တအားကြီးဖြစ်တဲ့ နေရာတွေဆိုရင် အမည်းရောင်နယ်မြေသတ်မှတ်တယ်။ ပုလောလိုမျိုးတွေပေါ့။ အသွားအလာ အကန့်အသတ်တွေလုပ်တယ်။ လက်မှတ်တွေ သူတို့ဆီမှာ ထုတ်ပြီးမှသွားရတဲ့ အနေအထားတွေ ဖြစ်လာတာပေါ့။ စားနပ်ရိက္ခာပဲ ပြောပြော တခြားပစ္စည်းတွေကအစ အကန့်အသတ်တွေနဲ့ ဖြစ်လာတာပေါ့။ တချို့ဆို ဆန်တစ်အိတ်တောင် ယူသွားလို့မရဘူး။ တချို့ဆိုလည်း ဆန်တစ်ပြည်တောင် ယူသွားလို့မရဘူး အဲဒီလိုမျိုးတွေရှိတယ်”
ဒါကြောင့် သူတို့အနေနဲ့ ဒုက္ခသည်နှစ်ထပ်ကွမ်း ဖြစ်နေရတယ်လို့ သရက်ချောင်းမြို့နယ် ရငဲရွာသား တစ်ယောက်က RFA ကို ပြောပါတယ်။
“ကျွန်တော်တို့ ရငဲက ဝင်မရတော့ အနားက ရွာတွေမှာနေတယ်။ အနားကရွာတွေကို စစ်ကြောင်း ထိုးတော့ ထပ်ပြေးတယ်။ အခုက စားစရာအတွက်လည်း သိပ်မပူကြ တော့ဘူး။ ရှိရင်စားမယ်၊ မရှိရင် မစားတော့ဘူး။ ဝတ်စရာလည်း အဲဒီအတိုင်းပဲ ရှိရင် ဝတ်မယ်၊ မရှိရင် မဝတ်တော့ဘူး။ လူတစ်ယောက်က ရှင်နေရုံပဲ ရှိတော့တယ်။ ကိုယ့်ပစ္စည်းမှ မဟုတ်ဘူး တစ်ရွာလုံးပစ္စည်းဖျက်တာကိုး။ ရငဲဆိုတဲ့ ရွာကြီးက သရက်ချောင်းအောက်ဘက်မှာ မြို့နယ်ခွဲတောင်လုပ်လို့ရအောင် ကြီးကျယ်တဲ့ရွာကိုး”
ရငဲရွာမှာ အိမ်ခြေ ၁၂၀၀ လောက်ရှိပါတယ်။ အခုတော့ အဲဒီက ဒေသခံငါးထောင်လောက် ဟာ ပြီးခဲ့တဲ့ မေလကတည်းက ထွက်ပြေးနေရပြီး အခုလအထိ တိုက်ပွဲတွေရှိနေသေးတဲ့ အတွက် အိမ်မပြန်နိုင်ကြ သေးပါဘူး။
ဆက်သွယ်ရေးအရ အချက်အချာကျတဲ့ ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်မှာလည်း စစ်ကောင်စီ တပ်က ခရီးသွားပြည်သူတွေကို စစ်ဆေး၊ မေးမြန်း၊ ဖမ်းဆီးတာတွေ ရှိနေပါတယ်။
FE5 Tanintharyi က ထုတ်ပြန်ထားတဲ့စာရင်းတွေအရ ပြီးခဲ့တဲ့ ၁၅ လ အတွင်း အဖမ်းခံရတဲ့ အရပ်သားပြည်သူ သုံးထောင့်နှစ်ရာကျော် (၃၂၀၃ ဦး) ရှိတယ်လို့သိရပါတယ်။ အဲဒီအထဲက ပြန်လွတ် တဲ့သူက နှစ်ထောင့်တစ်ရာ ကျော် (၂၁၄၁ ဦး) ဖြစ်ပြီး ကျန်တဲ့ တစ်ထောင်ကျော် ပြန်လွတ်၊ မလွတ်ကို အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လတုန်းက PDF တွေကို ထောက်ပံ့လို့ဆိုတဲ့ စွပ်စွဲချက်နဲ့ အဖမ်းခံရပြီး တစ်လအကြာမှာ ခံဝန်ကတိနဲ့ပြန်လွတ်လာတဲ့ အမည်မဖော်လိုတဲ့ ပုလောဒေသခံ တစ်ယောက်က သူ့အနေနဲ့ လူ့အခွင့် အရေးဆုံးရှုံးနေတယ်လို့ RFA ကို ပြောပါတယ်။
“ထွက်သွားပြီးလို့ နောက်တစ်ခါ အစွန်းအထင်းနဲ့ ပြန်ရောက်လာရင် ထောင်ဒဏ်ချမှတ် မယ်ဆိုတဲ့ ဝန်ခံကတိထိုးထားရတာ။ အစ်မ ခံစားရတာက ဘာလဲဆိုရင် အစ်မတို့က အပြစ်မရှိဘူး။ သူများပြော လို့ သူများစကားကြောင့် ပြစ်မှုပြစ်ဒဏ်ကို ခံခဲ့ရတာလေ။ ဒါက မတရားဘူးပေါ့။ အပြစ်မရှိဘဲ ခံရတယ်ဆိုရင် ဝမ်းနည်းစရာပေါ့။ ကိုယ့်သမိုင်းမှာ အစွန်းအထင်းတွေ ဖြစ်တယ်။ လူ့အခွင့်အရေးတွေ ဆုံးရှုံးတာကို မကြိုက်တာလေ”
စစ်တပ်ရဲ့ လက်နက်ကြီးကျည်စတွေထိမှန်ပြီး သေဆုံးတာ၊ ရွာတွေထဲ စစ်ကြောင်းဝင်တဲ့ အချိန်မှာ ပစ်ခတ်သတ်ဖြတ်ခံရတာနဲ့ စစ်ကြောင်းနဲ့အတူ ဖမ်းခေါ်သွားပြီး လမ်းမှာ သတ်ဖြတ်ခံရတဲ့ အရေအတွက်လည်း တိုးလာတယ်လို့ ပြောကြပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၆ ရက်နေ့က တနင်္သာရီမြို့နယ် မော်တုန်းရွာအခြေစိုက် စစ်ကောင်စီ အမြောက်တပ် အမတ- ၃၀၆ ကပစ်လိုက်တဲ့လက်နက်ကြီးကျည် မြို့ဟောင်းရွာထဲက အိမ်ပေါ်ကျလို့ အသက် ၂၁ နှစ်အရွယ် ကိုလာဖွီဒင်ဆိုတဲ့သူ သေဆုံးခဲ့ပါတယ်။
တိုက်ပွဲမဖြစ်ဘဲ ရွာတွေဘက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရှိတယ်ဆိုတဲ့ သံသယနဲ့ ပစ်ခတ်ခဲ့တာလို့ ကိုလာဖွီဒင်ရဲ့ မိခင်က RFA ကို ပြောပါတယ်။
“အိမ်ခေါင်မိုးပေါ်ကနေ အိပ်နေတဲ့နေရာကိုကျတာ။ အသည်းကွဲစရာကြီး။ ပစ်တာမှ ရက်ရက်စက်စက် ပစ်တာ။ မိသားစုတွေကဒုက္ခဖြစ် ၊ အလောင်းကိုလည်း သွားယူလို့မရ ကျွန်မတို့မှာ ပြေးရတဲ့အဖြစ်။ ကျွန်မတို့ဘဝတော့ ဒုက္ခတွေတအားပဲ။ နေစရာလည်းမရှိ၊ စားစရာလည်း မရှိ။ သားကလည်း တစ်ယောက်ပဲ ရှိတယ်။ ကျွန်မခံစားရတယ်ဆိုတာ တောင် ပြောမတတ်တော့ ဘူး။ ဒီလူတွေ ဒီလောက်တောင် ယုတ်မာနေကြတာ”
FE5 Tanintharyi စာရင်းတွေကို လေ့လာချက်အရ ပြီးခဲ့တဲ့ ၁၅ လအတွင်း တနင်္သာရီတိုင်းမှာ အသက် ဆုံးရှုံးရတဲ့သူ ၄၂၈ ယောက်ရှိပြီး အဲဒီထဲမှာ ၁၃၆ ယောက်က စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီကို ထောက်ခံတဲ့ ပျူစောထီး၊ စွန်ရဲဆိုတဲ့အဖွဲ့တွေရဲ့ သတ်ဖြတ်ခံရတာလို့ ဖော်ပြပါတယ်။
တစ်ဖက်မှာလည်း တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ဒလန်ရှင်းလင်းရေးစီမံချက်ဆိုတာနဲ့ ဆက်စပ်ပြီး အသတ်ခံရတဲ့သူတချို့ရှိခဲ့သလို၊ လက်သည်မပေါ်ဘဲ ဖျောက်ဖျက်ခံရတဲ့ သူတွေ၊ ဘယ်အဖွဲ့အစည်း က ထောင်ထားမှန်းမသိတဲ့ မြေမြှုပ်မိုင်းတွေ၊ ဘယ်အဖွဲ့အစည်း က ပစ်ခတ်မှန်းမသိတဲ့ လက်နက်ကြီးကြောင့် သေဆုံးသူတွေဟာ အနည်းဆုံးသုံးရာနီးပါး (၂၉၂ ဦး) ရှိတယ်လို့ FE5 Tanintharyi က ဖော်ပြထားပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး သတင်းအချက်အလက်နဲ့ တုံ့ပြန်ချက်သိရဖို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ပြောရေးဆိုခွင့်ရှိသူ တိုင်းလူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို RFA က တယ်လီုဖုန်းဆက် ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
အာဏာသိမ်းပြီးတဲ့နောက် တနင်္သာရီတိုင်းမှာ နေရပ်စွန့်ခွာထွက်ပြေးရတဲ့သူ ရှစ်သောင်းနှစ်ထောင် ကျော် (၈၂,၂၀၀) ရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ အောက်တိုဘာလ ၂ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ စက်တင်ဘာ ၈ ရက် နေ့က ထုတ်ပြန်ခဲ့တဲ့ အရေအတွက်နဲ့ နှိုင်းယှဉ်ကြည့်ရင် ဒီလထဲမှာ ခုနစ်ထောင်တိုးလာတာ တွေ့ရပါတယ်။