အငတ်ဘေးကို ဖုံးကွယ်ထားဖို့ အကူအညီပေးရေးအဖွဲ့တွေကို စစ်ကောင်စီ ဖိအားပေးနေ

RFA Burmese
2024.12.17
အငတ်ဘေးကို ဖုံးကွယ်ထားဖို့ အကူအညီပေးရေးအဖွဲ့တွေကို စစ်ကောင်စီ ဖိအားပေးနေ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့က တွေ့ရစဥ်။
Khine Murn Chun

စစ်ကောင်စီဟာ နိုင်ငံတွင်းက စားနပ်ရိက္ခာအကျပ်အတည်းနဲ့ပတ်သက်ပြီး စုံစမ်းတာ၊ အချက်အလက် ရှာဖွေစုဆောင်းတာ၊ တွေ့ရှိချက်တွေကို ထုတ်ပြန်တာတွေ မလုပ်ဖို့ Researcher လို့ခေါ်တဲ့ သုတေသနသမားတွေနဲ့ အကူအညီပေးရေးအဖွဲ့တွေကို ဖိအားပေးနေတဲ့အကြောင်း အထူးဆောင်းပါးတစ်ပုဒ်ကို ရိုက်တာသတင်းဌာနက ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။

နိုင်ငံတွင်းက ပြည်သူ သန်းနဲ့ချီ အငတ်ဘေးကြုံနေရကြောင်း ညွှန်းဆိုဖော်ပြတဲ့ အချက်အလက်တွေကို မထုတ်ပြန်ဖို့ အကြီးတန်း ကူညီကယ်ဆယ်ရေးဝန်ထမ်းတွေကို စစ်ကောင်စီ အရာရှိတွေက ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း သတိပေးပြောကြားခဲ့တယ်လို့ အဲဒီဝန်ထမ်းတွေနဲ့ နီးစပ်သူတွေရဲ့ ပြောကြားချက်တွေကို ကိုးကားပြီး ဆောင်းပါးမှာ ဖော်ပြပါတယ်။

ရိုက်တာသတင်းဌာနအနေနဲ့ သုတေသနသမားတွေ၊ စေတနာ့ဝန်ထမ်းတွေ၊ သံတမန်ရင်းမြစ်တွေနဲ့ ကုလသမဂ္ဂအရာရှိတွေ အပါဝင် လူအယောက် ၃‌ဝ ကျော်ကို မေးမြန်းဆွေးနွေးခဲ့ပေမဲ့ အများစုက စစ်ကောင်စီက အငြှိုးထားမှာကို စိုးရိမ်တာကြောင့် သတင်းထဲ ပါဖို့ ငြင်းကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စားနပ်ရိက္ခာအခက်အခဲနဲ့ အာဟာရမလုံလောက်မှုတွေအကြောင်း အချက်အလက်စုဆောင်းရာမှာ သိုသိုသိပ်သိပ်လှုပ်ရှားနေရပြီး ရလာတဲ့ အချက်အလက်တွေကိုလည်း အကူအညီပေးရေး အေဂျင်စီတွေက မထုတ်ပြန်ရဲကြဘူးလို့ ရိုက်တာသတင်းဌာနက တွေ့ဆုံမေးမြန်းခဲ့တဲ့ စေတနာ့ဝန်ထမ်းတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က မြန်မာနိုင်ငံမှာ စားနပ်ရိက္ခာဖူလုံရေးအခြေအနေတွေကို စစ်တမ်းကောက်သူ တော်တော်များများ စစ်ကောင်စီရဲ့ ဖမ်းဆီးတာ ခံထားရကြောင်း နီးစပ်သူတွေက ပြောပါတယ်။ သူတို့ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း စစ်ကောင်စီဘက်က ထုတ်ပြန်တာမရှိသလို အဖမ်းခံရသူတွေရဲ့ နောက်ဆက်တွဲ အခြေအနေကိုလည်း ရိုက်တာသတင်းဌာနအနေနဲ့ အတည်ပြုနိုင်တာ မရှိသေးဘူးလို့ ဆိုပါတယ်။

အခုလို ဖြစ်ရပ်တွေကြောင့် နိုင်ငံတကာ အငတ်ဘေးဆိုင်ရာလေ့လာစောင့်ကြည့်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ Integrated Food Security Phase Classification (IPC) က သုတေသနသမားတွေရဲ့ လုံခြုံရေးကို စိုးရိမ်တာကြောင့် ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း သူ့ရဲ့ ဝဘ်ဆိုက်ပေါ်က ကမ္ဘာတစ်ဝန်း အငတ်ဘေးနဲ့ပတ်သက်ပြီး အရောင်နဲ့ ခွဲခြားအကဲဖြတ်တဲ့ စစ်တမ်းကနေ မြန်မာနိုင်ငံကို ဖယ်ရှားခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတွင်း ငတ်မွတ်မှုအကြောင်း အချက်အလက်တွေ မပေါက်ကြားအောင် လျှို့ဝှက်ထားတာဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေရဖို့ ရန်ပုံငွေ ရှာဖွေရေးမှာ အဟန့်အတားဖြစ်စေတယ်လို့ သံတမန်ရင်းမြစ်တစ်ခုက ပြောပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ ငွေကြေးအကူအညီမလုံလောက်မှု အဆိုးဝါးဆုံးထဲက တစ်ခုဖြစ်နေပြီး ဒီနှစ်အတွင်း ကုလသမဂ္ဂက မြန်မာအတွက် ရန်ပုံငွေ ဒေါ်လာ တစ်သန်း တောင်းခံခဲ့ပေမဲ့ ၃၄ ရာခိုင်နှုန်းပဲ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

စားနပ်ရိက္ခာပြတ်လပ်ရတဲ့ အဓိကအကြောင်းရင်းက စစ်တပ်အာဏာသိမ်းမှုကြောင့် ဖြစ်ပြီး အာဏာသိမ်းပြီးနောက် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ လူဦးရေ ၃ ဒသမ ၄ သန်းဟာ ရေဘေးနဲ့ သဘာဝဘေးအမျိုးမျိုးကြား အခြေအနေပိုဆိုးလာခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ ၂ဝ၂၂ ခုနှစ်မှာ "အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ"ကို ထုတ်ပြန်ခဲ့တာကြောင့် ဒီဥပဒေအရ အချက်အလက်တွေ စုဆောင်းဖို့အပါအဝင် စားနပ်ရိက္ခာထောက်ပံ့ကူညီဖို့အတွက်လည်း ခွင့်ပြုမိန့်ရဖို့ ခက်ခဲကြောင်း ဆောင်းပါးမှာ ဖော်ပြပါတယ်။


ဆက်နွှယ်သောသတင်းများ

ရခိုင်ပြည် အငတ်ဘေးကြုံရမဲ့အရေး ကာကွယ်ဖို့ ကုလအကြီးအကဲကို တိုက်တွန်း

မြန်မာနိုင်ငံမှာ လူဦးရေ ၁၃ သန်းကျော် စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ ရင်ဆိုင်နေရ

တောင်ကုတ်မှာ စစ်ဘေးဒုက္ခသည် နှစ်သောင်းကျော် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ


တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာဆိုရင်လည်း စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ ပို့ဆောင်ဖို့ လမ်းကြောင်းတွေကို စစ်ကောင်စီက ဖွင့်မပေးဘူးလို့ အရပ်ဘက်အဖွဲ့တွေမှာ ကူညီလုပ်ကိုင်နေသူတွေက ပြောပါတယ်။ စစ်ကောင်စီရဲ့ အုပ်ချုပ်မှုအောက်မှာ စိုက်ပျိုးရေးနဲ့ စားနပ်ရိက္ခာထောက်ပံ့ရေး အင်မတန်ဆိုးရွားတဲ့ အခြေအနေဖြစ်နေပြီး လူသန်းပေါင်းများစွာ ဆင်းရဲတွင်းထဲ ရောက်ကုန်ပြီလို့ ရန်ကုန်အခြေစိုက် ဗြိတိန်သံရုံးရဲ့ ပြောခွင့်ရသူတစ်ဦးက ပြောပါတယ်။

ကုလသမဂ္ဂအရာရှိတွေနဲ့ စစ်ကောင်စီကိုယ်စားလှယ်တွေ သီးသန့်ဆွေးနွေးပွဲတွေမှာတော့ မြန်မာနိုင်ငံရဲ့ အငတ်ဘေးနဲ့ ပတ်သက်ပြီး ထုတ်ပြန်တဲ့ အချက်အလက်တွေကို စစ်ကောင်စီဘက်က ဝေဖန်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မြန်မာကို ကျရှုံးနိုင်ငံအဖြစ် မသတ်မှတ်စေလိုကြောင်း၊ ပဋိပက္ခဖြစ်နေတဲ့ ယူကရိန်းနဲ့ ဂါဇာကမ်းမြောင်လို နိုင်ငံတွေနဲ့ မနှိုင်းယှဉ်စေလိုကြောင်း ပြောဆိုခဲ့တယ်လို့ အဲဒီဆွေးနွေးပွဲတွေမှာ ပါဝင်ခဲ့သူတွေကို ကိုးကားပြီး ဖော်ပြပါတယ်။

နေပြည်တော်မှာ ကျင်းပခဲ့တဲ့ အစည်းအဝေးတစ်ခုမှာဆိုရင် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးက ကုလသမဂ္ဂ အရာရှိတွေကို အစားအသောက်တွေနဲ့ တည်ခင်းဧည့်ခံပြီး မြန်မာနိုင်ငံမှာ စားနပ်ရိက္ခာအကျပ်အတည်း မရှိဘူးလို့ ပြောဆိုခဲ့တယ်လို့ ဆောင်းပါးမှာ ပါရှိပါတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီ နိုင်ငံခြားရေးဌာနနဲ့ စစ်ကောင်စီပြန်ကြားရေးဌာနကို ရိုက်တာသတင်းဌာနက ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေကြားတာ မရှိဘူးလို့ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။