သပိတ်တိုက်ပွဲအတွင်းက စာတန်းတွေ ချင်းမိုင်မှာပြသ
2024.12.01

နွေဦးတော်လှန်ရေးရဲ့ သမိုင်းမှတ်တမ်း အစိတ်အပိုင်းဖြစ်တဲ့ လူထုလှုပ်ရှားမှုနဲ့ လူထုသပိတ်တိုက်ပွဲတွေမှာ အသုံးပြုတဲ့ ကြွေးကြော်သံ အမှတ်အသားပါ နဖူးစည်းစာတန်းတွေကို စုစည်းပြီး ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ နိုဝင်ဘာလ ၃၀ ရက် မနေ့က ပြပွဲ လုပ်ခဲ့ပါတယ်။
ဒီပြပွဲကိုတော့ “နွေဦးကို တားဆီးမရ” လို့ အမည်ပေးထားပြီး လူထုလှုပ်ရှားမှုအတွင်းက အတွေးအမြင်တွေကို သမိုင်းမှတ်တိုင်တစ်ခုအနေနဲ့ မှတ်တမ်းတင်နိုင်ဖို့ ရည်ရွယ်တယ်လို့ ပြပွဲစီစဉ်သူတွေက ပြောပါတယ်။
“ဒီပွဲမှာ ပြထားတဲ့ ဘန်နာအများစုက မြို့ပေါ် သပိတ်ဆန္ဒပြပွဲတွေမှာ သုံးခဲ့တဲ့ ဘန်နာတွေဖြစ်တာမို့ ဒါတွေကို မြင်ရင် မြို့ပေါ် က တိုက်ပွဲဝင်ခဲ့တဲ့ လမ်းမတွေကို ပြန်ရောက်သွားမယ်လို့ထင်တယ်"
ပြပွဲ အကြံပေး ကိုစတန်ကတော့ သပိတ်အင်အားစုတွေ အသုံးပြုခဲ့တဲ့ နဖူးစည်းစာတန်းတွေပါသလို သပိတ်မှာပါဝင်သူတွေကိုယ်တိုင် ပြန်ပြီးဖန်တီးထားတာတွေကိုလည်း ပြသထားတယ်လို့ RFA ကို ပြောပါတယ်။
“ဒီနေ့ သပိတ်ဘန်နာတွေကတော့ စုစည်းထားတာက ၁၅ ခုနဲ့ ၂၀ ကြားမှာရှိတယ်။ ဒီထဲမှာ သပိတ်ပြခဲ့တဲ့ ရဲဘော်တွေပြန် ရေးဆွဲထားတာတော့ များတယ်။ တချို့ဟာတွေက သပိတ်တိုက်ပွဲထဲကနေ ဒီကို ခက်ခက်ခဲခဲ သယ်ယူပို့ ဆောင်ပြီး ရလာတဲ့ ဟာတွေလည်းပါတယ်။ အရေအတွက်တော့နည်းတယ်။ သပိတ်ပစ္စည်းတွေဆိုတာ သပိတ်ပြပြီးတာနဲ့ ထိန်းသိမ်းထားဖို့ဆိုတာ အန္တရာယ်များတဲ့ အခြေအနေဖြစ်နေလို့ပေါ့လေ”
ဒီနဖူးစည်းစာတန်းတွေဟာ ရန်ကုန် လူထုသပိတ်၊ ကလေး ပင်မသပိတ်၊ ထားဝယ် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီနဲ့ မန္တလေး သပိတ်အင်အားစုတွေက ပေးပို့ထားတာဖြစ်တယ်လို့ ကိုစတန်က ပြောပါတယ်။
တော်လှန်ရေးကြွေးကြော်သံတွေ၊ လူထုရဲ့ အခြေခံလိုအပ်ချက် တောင်းဆိုမှုတွေ၊ လူ့အခွင့်အရေးနဲ့ ပတ်သက်တာတွေနဲ့ ကျား မတန်းတူညီမျှမှု စတာတွေကို ဒီနဖူးစည်းတွေမှာ တွေ့မြင်နိုင်ပါတယ်။
ဆက်နွှယ်သောသတင်းများ
ဘုတလင်မြို့နယ်က ရက်ရက်စက်စက်သတ်ဖြတ်မှု NGYSC ဆန္ဒပြ
ရန်ကုန်သပိတ်လှုပ်ရှားသူ လူငယ်တွေ စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်ခံရ
လုံခြုံရေးသတိနဲ့ ပန်းသပိတ်မှာပါဝင်ဖို့ တော်လှန်ရေးအင်အားစုတွေ တိုက်တွန်း
ဒီပွဲကနေပြီး နွေဦးတော်လှန်ရေးအစဖြစ်တဲ့ မြို့ပေါ်သပိတ်တွေ ပြန်ဖြစ်လာဖို့ မျှော်လင့်တယ်လို့ လူထုလှုပ်ရှားမှုတွေကို မှတ်တမ်းတင်နေတဲ့ ဗမာပြည်တွင်းစစ်ပြတိုက်ရဲ့ လူထုခြေရာအဖွဲ့ဝင်ဖြစ်တဲ့ မဆုပြည့်နဒီလွင်က RFA ကို ပြောပါတယ်။
“ဒီပွဲမှာ ပြထားတဲ့ ဘန်နာအများစုက မြို့ပေါ် သပိတ်ဆန္ဒပြပွဲတွေမှာ သုံးခဲ့တဲ့ ဘန်နာတွေဖြစ်တာမို့ ဒါတွေကို မြင်ရင် မြို့ပေါ် က တိုက်ပွဲဝင်ခဲ့တဲ့ လမ်းမတွေကို ပြန်ရောက်သွားမယ်လို့ထင်တယ်။ ဒီပွဲက အများကြီး သက်ရောက်မှု ရှိမယ်ထင်တယ်။ နွေဦးတော်လှန်ရေး အစဖြစ်တဲ့ မြို့ပေါ်တိုက်ပွဲတွေဆီကနေ အဆုံးထိ ဆက်လျှောက်ရမယ်ဆိုတဲ့ ပန်းတိုင် ရည်မှန်းချက်ကိုရောက်သွားမယ်လို့ မျှော်လင့်တယ်”
ပြပွဲမှာ ကျဆုံးသွားတဲ့ ရဲဘော်တွေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် ငြိမ်သက်အလေးပြုကြသလို ကဗျာရွတ်ဆိုတာတွေ၊ တေးဂီတဖျော်ဖြေရေး၊ တော်လှန်အမှတ်တရပစ္စည်းရောင်းချတာတွေလည်း ပါဝင်ပါတယ်။
မနေ့က ပြပွဲတက်ရောက်လာတဲ့ မထက်ကလည်း ဒီလို သမိုင်းတွင်မဲ့ အမှတ်တရတွေကို စုစည်းပြသပေးလို့ ဂုဏ်ယူတယ်လို့ RFA ကို ပြောပါတယ်။
“အခုလို ပြန်မြင်ရတဲ့ အခါမှာ ဝမ်းနည်းတာလည်း ရှိသလို အဓိကဆိုရင် မြန်မာနိုင်ငံမှာ လုပ်ခဲ့ကြတဲ့ အခြေအနေတွေတုန်းက လူငယ်တွေဟာ ဘယ်လောက်လုပ်နိုင်ခဲ့လဲ ဆိုတာ မြင်ရတယ်။ လူငယ်တွေရဲ့ စိတ်ကူးတွေ၊ဆန်းသစ်မှုတွေနဲ့ နွေဦးတော်လှန်ရေးဟာ တော်လှန်ရေးတစ်ခုတည်းသက်သက် မဟုတ်ခဲ့ဘူး။ အားလုံးရဲ့ တန်းတူညီမျှရေးကစလို့ လူအခွင့်အရေးတွေကအစ အများကြီးဖော်ထုတ်နိုင်ခဲ့တဲ့ အရာတစ်ခု ဖြစ်တယ်။ အဲဒါတွေ ပြန်မြင်ရတဲ့အတွက် ဂုဏ်ယူတယ်။ တကယ် ခက်ခဲတဲ့ကာလမှာ ဒီ အမှတ်တရတွေ မပျောက်သွားအောင် လူတွေစိတ်ထဲမှာ အမြဲရှိနေဖို့ ဒီလို အမှတ်တရပွဲလုပ်ပေးတာ ကျေးဇူးတင်တယ်”
စစ်တပ်အာဏာသိမ်းတာ သုံးနှစ်ကျော်ရှိလာပေမဲ့ စစ်ကိုင်းတိုင်းက ယင်းမာပင်၊ ဆားလင်းကြီး နဲ့ တနင်္သာရီတိုင်း လောင်းလုံး တို့လိုဒေသတွေမှာ တစ်ရက်မပျက်ထွက်နေတဲ့ သပိတ်တွေလည်း ရှိနေဆဲ ဖြစ်ပါတယ်။