လူမှုကွန်ရက်မှာ အာဏာရှင်ဆန့်ကျင်ကြောင်း ရေးသားသူ ၈၀၀ ကျော် အရေးယူခံထားရ
2022.12.07
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေကို အခြေခံပြီး RFA က သီးခြားပြုစုထားတဲ့ စာရင်းအရ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ကုန်ကနေ နိုဝင်ဘာလကုန်အထိ ၁၀ လအတွင်း လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ အာဏာရှင်ဆန့်ကျင်ရေးနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေကို ထောက်ခံကြောင်း ရေးသားလို့ဆိုပြီး အရေးယူခံထားရသူ ၈၁၇ ဦး အထိ ရှိနေပါပြီ။
NUG၊ CRPH အပါအဝင် သူတို့နဲ့ ဆက်စပ်တဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေရဲ့ လုပ်ရပ်တွေကို မသိလို့ဖြစ်စေ၊ သိလျက်နဲ့ဖြစ်စေ အားပေးလှုံ့ဆော်ရင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၂ (က)၊ ရာဇသတ်ကြီး ပုဒ်မ -၁၂၄ (က) ၊ ပုဒ်မ-၅၀၅ (က)၊ အီလက်ထရွန်နစ် ဆက်သွယ်ရေးပုဒ်မ- ၃၃ (က) အပါအဝင် တည်ဆဲဥပဒေတွေနဲ့ အရေးယူမယ်လို့ စစ်ကောင်စီက ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ အဖမ်းခံရမယ့်အပြင် နေအိမ်တွေ၊ ပိုင်ဆိုင်မှုတွေကိုပါ သိမ်းယူမယ်လို့ သတိပေးထားပါတယ်။
အဲဒီနောက်ပိုင်း ဇန်နဝါရီ ၂၇ ရက်ကစလို့ စစ်ကောင်စီက ဖေ့စ်ဘွတ်ခ်သုံးစွဲသူတွေကို စောင့်ကြည့်ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖေ့စ်ဘွတ်ခ်အကောင့်၊ ဖေ့စ်ဘွတ်ခ် Group၊ ဖေ့စ်ဘွတ်ခ် Page နဲ့ Tik Tok အကောင့် စုစုပေါင်း ၈၀၆ ခု ကနေ ရေးသားသူ ၈၁၇ ဦးကို အရေးယူမယ့်အကြောင်း အသုတ်လိုက် ထုတ်ပြန်ခဲ့တာပါ။
အဲဒီ ၈၁၇ ဦးအနက် ဖမ်းဆီးခံရပြီးမှ ပြန်လွတ်လာသူတွေ ပါဝင်သလို တချို့ကလည်း စစ်ကောင်စီက အရေးယူမယ်လို့ ထုတ်ပြန်ချိန်မှာ အဖမ်းမခံဘဲ ဘေးလွတ်ရာကို ထွက်ပြေးပုန်းရှောင်နေကြပါတယ်။
"နိုင်ငံရေး၊ စစ်ရေးပြိုင်ဆိုင်မှု အင်မတန် ပြင်းထန်လာတဲ့အခါမှာ သူ့ကိုထောက်ခံသူအားကျဆင်းသွားအောင် သူနဲ့ပတ်သက်ပြီး ဆက်သွယ်ဆောင်ရွက်တာမျိုးတွေ ပြတ်တောက်သွားအောင် အရေးယူဆောင်ရွက်တယ်လို့ပဲ မြင်ရမှာဖြစ်တယ်"
ရခိုင်ပြည်နယ် မြောက်ဦးမြို့က ဟာသဗီဒီယိုတွေနဲ့ လူသိများသူ ကိုရင်ဆို့ ခေါ် ကိုကျော်ဇံဝေ ကတော့ စစ်ကောင်စီကို လှောင်ပြောင်တဲ့ ရေးသားချက်တွေ လူမှုမီဒီယာ မှာတင်လို့ဆိုပြီး စစ်ကောင်စီက စက်တင်ဘာ ၄ ရက်နေ့မှာ ဖမ်းဆီးလိုက်ကြောင်း စက်တင်ဘာ ၆ ရက် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြခဲ့ပါတယ်။
ကိုကျော်ဇံဝေ ဟာ ဟာသဗီဒီယိုတွေ တင်တာကလွဲလို့ ကျန်တဲ့ ပြစ်မှုကြီးကြီးမားမား မလုပ်ခဲ့ဘူးလို့ သူ့ရဲ့ မိတ်ဆွေတစ်ဦး က ပြောပါတယ်။
“ကိုကျော်ဇံဝေ တို့ဆိုရင်လည်း အဲဒီအတိုင်းပဲ ခေတ်မှာ ဖြစ်ပေါ်နေတဲ့ အမှားအမှန် တွေကို မီးမောင်းထိုးပြတဲ့ ပုံစံမျိုး၊ တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်သောအား ဖြင့် ဟာသ အဲဒီလိုမျိုးနဲ့ ပရိတ်သတ် သူမှာရှိတဲ့ Friend တွေ၊ Follower တွေကို ပျော်စေချင်တဲ့ စိတ်နဲ့ပေါ့နော် ဟာသနှောပြီး ပြောတဲ့အပိုင်းတွေရှိတယ်။ အဲဒီ လောက်လေး လုပ်ရုံနဲ့ လူတစ်ယောက်ကို နှစ်ရှည်လများ ဖမ်းချုပ်ထားလိုက်တယ် ဆိုတာတော့ လူ့အခွင့် အရေးနဲ့လည်း မသင့်တော်ဘူး။ နောက်ပြီးတော့ လူငယ်တွေရဲ့ အနာဂတ်ဘဝတွေကိုလည်း ဖျက်ဆီးရာ ရောက်တယ်”
အရေးယူခံထားရသူတွေဟာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ လားရှိုး၊ ပခုက္ကူ၊ ဘားအံ၊ ကော့သောင်း အပါအဝင် မြန်မာနိုင်ငံအနှံ့အပြားက ထင်ပေါ်ကျော်ကြားသူတွေ၊ နိုင်ငံရေးသမားတွေ၊ တစ်နိုင် တစ်ပိုင် စီးပွားရေးလုပ်ငန်းရှင်တွေ၊ ဆရာဝန်တွေ၊ သာမန် ပြည်သူတွေ စတဲ့ အလွှာပေါင်းစုံကဖြစ်ပြီး အသက် ၁၆ နှစ်ကနေ ၆၄ နှစ်ကြား အရွယ်ထိ ပါဝင်ပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ကတော့ NUG ၊ CRPH တို့နဲ့ ပတ်သက်ပြီး လှုံ့ဆော်တာ၊ အားပေး တာတွေလုပ်ရင် အကြမ်းဖက်ဥပဒေနဲ့ ငြိစွန်းတာဖြစ်လို့ ဥပဒေအရ အရေးယူတာလို့ RFA ကို အရင်က ဖြေဆိုခဲ့ ဖူးပါတယ်။
စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာတော့ လူမှုကွန်ရက်မှာရေးသားလို့ အရေးယူခံရသူဟာ ၉၅၀ ကျော် ထိရှိတယ်လို့ နိုဝင်ဘာလဆန်းပိုင်းက ရေးသားဖော်ပြကြ ပါတယ်။ ဒီအရေအတွက်ကို RFA အနေနဲ့ သီးခြား အတည်မပြုနိုင်ပါဘူး။
အခုလို ဖမ်းဆီးအရေးယူတာတွေဟာ လွပ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အပါအဝင် အခြားလူ့အခွင့်အရေးတွေကိုပါ တစ်ပြိုင်နက်တည်း ချိုးဖောက်နေတာလို့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခြင်း-မြန်မာ FEM အဖွဲ့ရဲ့ ညွှန်ကြားရေးမှူး မယဉ်ရတနာသိန်း က ဝေဖန်ပါတယ်။
“အာဏာသိမ်းတဲ့ လုပ်ရပ်ကို မကြိုက်ကြတဲ့ ဒီမိုကရေစီကို လိုလားပြီးတော့မှ စစ်တပ်နဲ့ နိုင်ငံရေးအမြင် အယူအဆမတူတဲ့ ပြည်သူတွေရဲ့ The right to opinion အမြင်သဘော ထား၊ အယူအဆ၊ လွတ်လပ်ခွင့်ကို ပထမ ထိန်းချုပ်ကန့်သတ်တယ်ပေါ့နော်။ အပြစ်ပေး တယ်ပေါ့နော်။ တကယ်ဆို အမြင်သဘောထားအယူအဆ လွတ်လပ်ခွင့်က Absolute rights လို့ခေါ်တဲ့ ဘယ်အခြေအနေမှာမဆို ကန့်သတ်လို့ လုံးဝမရတဲ့ မွေးရာပါ လူ့အခွင့် အရေးဖြစ်တယ်။ ဆိုတော့ ဒီမတရားတဲ့ ရာဇဝတ်ဥပဒေတွေနဲ့ အရေးယူ ဖမ်းဆီး ထောင်ချတယ်၊ ညှဉ်းပန်းနှိပ်စက်တယ်၊ နေအိမ်အပါအဝင် ပိုင်ဆိုင်မှုတွေကို သိမ်းတယ်ဆိုတဲ့ အခြေအနေဟာ လွပ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အပါအဝင် အခြားလူ့အခွင့်အရေးတွေ အများကြီးကို တစ်ပြိုင်နက်တည်းမှာ အကြီးအကျယ် ချိုးဖောက်ခံနေရတဲ့ အနေအထားဖြစ်တယ်လို့ သုံးသပ်လို့ရတယ်။ နိုင်ငံတကာ ဥပဒေစံနှုန်းတွေနဲ့ တစ်ခုမှ ကိုက်ညီမှုမရှိပါဘူး”
စစ်တပ်က သူတို့ကို ဆန့်ကျင်ပြောဆိုနေသူတွေကို ဖမ်းဆီးဖို့နဲ့ လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်ကို ချိုးဖောက်ဖို့အတွက် လုပ်ဆောင်နေတဲ့နည်းလမ်းတွေဟာ နိုင်ငံတကာ နိုင်ငံသားနဲ့ နိုင်ငံရေးအခွင့်အရေးဆိုင်ရာ သဘောတူ စာချုပ် (International Covenant on Civil and Political Rights – ICCPR) ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာ လို့ သူက ဆိုပါတယ်။
ICCPR စာချုပ်ရဲ့ အပိုဒ် ၁၉ မှာ လူတိုင်းဟာ လွပ်လပ်စွာ ထင်မြင်ယူဆခွင့်နဲ့ ထုတ်ဖော်ပြောဆိုခွင့် ရှိတယ်လို့ ဖော်ပြထားပါတယ်။
လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားရုံနဲ့ ဖမ်းဆီးအရေးယူတာဟာ မဖြစ်သင့်ဘူးလို့ ဥပဒေပညာရှင်တစ်ဦးက ပြောပါတယ်။

“သာမန်အခြေအနေမှာဆိုရင်တော့ ဒါဟာ ပြစ်မှုလို့ သတ်မှတ်နိုင်စရာ မရှိဘူးပေါ့လေ။ ရှေ့တစ်လျှောက်လုံး လည်း ဖေ့စ်ဘွတ်ခ်လို့ခေါ်တဲ့ လူမှုကွန်ရက်စာမျက်နှာ မြန်မာ နိုင်ငံမှာ စတင်အသုံးပြုတဲ့ အချိန်ကနေ တောက်လျှောက်လွတ်လွတ်လပ်လပ် အသုံးပြု လာခဲ့တယ်။ သီးသန့်ကြီးအရေးယူတာ မတွေ့ခဲ့ဘူးပေါ့။ လက်ရှိအခြေအနေကျတော့ နစကနဲ့ ဆန့်ကျင်ဘက်အင်အားစုများက နိုင်ငံရေး၊ စစ်ရေးပြိုင်ဆိုင်မှု အင်မတန် ပြင်းထန်လာတဲ့ အခါမှာ သူ့ကိုထောက်ခံသူအားကျဆင်းသွားအောင် သူနဲ့ပတ်သက်ပြီး ဆက်သွယ်ဆောင်ရွက်တာမျိုးတွေ ပြတ်တောက်သွားအောင် အရေးယူဆောင်ရွက်တယ် လို့ပဲ မြင်ရမှာဖြစ်တယ်။ ဒါကိုတော့ ဥပဒေနဲ့ အညီ မဟုတ်ဘူးလို့ ပြောလို့မရဘူး။ လူမှုရေး တရားမျှတမှုအရ ဆိုရင်တော့ ဒါဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဖြစ်စဉ်မျိုး လုပ်ရပ်မျိုးမဟုတ်ဘူးလို့ သုံးသပ်ရမှာဖြစ်ပါတယ်”
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့က IT နည်းပညာရှင်တစ်ဦးကတော့ လှုမှုကွန်ရက်စာမျက်နှာမှာ ရေးသားချက်တွေကို နည်းပညာအရ ခြေရာခံလို့ရတာကြောင့် ဘယ်လို အခြေတအနေမျိုးမှာမဆို လုံခြုံမှု မရှိဘူးလို့ သုံးစွဲသူတွေကို သတိပေးပါတယ်။
“ဖုန်းနံပါတ်နဲ့ သွားပြီးအကောင့်ဖွင့်ထားတယ်ဗျာ။ ဖွင့်ထားတယ်ဆိုရင် ဖုန်းနံပါတ်နဲ့ two way ခံထားတယ်ဆိုရင် သူတို့ တယ်လီကွန်းကုမ္ပဏီတွေ ရှိတယ်။ သူတို့က ထောက်ထားပြီးတော့ ဒီဖုန်းနံပါတ်နဲ့ အကောင့်ဖွင့်ထားလား ဆိုပြီးတော့ ထောက်ထားပြီးတော့ ရှာမယ်ဆိုရင်တော့ ရှာလို့ရတယ်။ ကိုယ့် Password ကို ဟက်သွားလို့ရ တယ်။ SMS နဲ့တော့ မလုပ်နဲ့ပေါ့။ တတ်နိုင်ရင်တော့ Deceive ခံထားပေါ့နော်၊ Deceive ID နဲ့ ခံထားရင်တော့ ပိုအဆင်ပြေတာပေါ့။ အဲဒါမျိုးတွေတော့ ရှိတယ်။ အကောင်းဆုံးကတော့ အကောင့်အတုနဲ့သုံး၊ VPN ခံပြီးသုံး ဒါပဲရှိတယ်”
ဆိုရှယ်မီဒီယာတွေပေါ်က ကိုယ့်လုပ်ရပ်တွေကို အာဏာပိုင်အဖွဲ့အစည်းတွေ မသိစေချင်ဘူးဆိုရင်တော့ နည်းပညာသမားတွေနဲ့ တိုင်ပင်ပြီး ကိုယ့်ရဲ့ ဖေ့စ်ဘွတ်ခ်၊ တွစ်တာ စတဲ့အကောင့်တွေကို လုံခြုံရေး မြှင့်တင် ထားတာမျိုး လုပ်ဆောင်သင့်တယ်လို့ သူက အကြံပေးပါတယ်။
စစ်ကောင်စီကတော့ အခုလိုဖမ်းဆီးအရေးယူမှုတွေ လုပ်နေတဲ့အပြင် တစ်ဖက်မှာလည်း အင်တာနက် အသုံးပြုမှုကို ကျော်လွှားနိုင်တဲ့ VPN (Virtual Private Network) နည်းပညာ ကို ခွင့်ပြုချက်မရှိဘဲသုံးရင် ထောင်ဒဏ် သုံးနှစ်ထိ ချမှတ်နိုင်တဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေ ကို ရေးဆွဲပြင်ဆင်နေပါတယ်။