စစ်ရေးရှုံးနိမ့်ချိန် အာဏာရှင်ဟောင်းတွေရဲ့ သဘောထားကို တရုတ်သံအမတ် စုံစမ်းနေ

RFA Burmese
2024.04.11
စစ်ရေးရှုံးနိမ့်ချိန် အာဏာရှင်ဟောင်းတွေရဲ့ သဘောထားကို တရုတ်သံအမတ် စုံစမ်းနေ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနှင့် အာဏာရှင်ဟောင်း ဦးသန်းရွှေ တွေ့ဆုံနေမှုအား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့က တရုတ်သံရုံးမှ ထုတ်ပြန်ထားစဉ်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာချန်းဟိုင်ဟာ ဧပြီလ ၁၁ ရက်နေ့က နေပြည်တော်မှာ စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကို တွေ့ဆုံခဲ့သလို၊ အာဏာရှင်ဟောင်း ဦးသန်းရွှေ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးဟောင်း မောင်အေးနဲ့ သမ္မတဟောင်း ဦးသိန်းစိန်တို့ကို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း သွားရောက်တွေ့ဆုံခဲ့ကြောင်း ရန်ကုန်ရှိ တရုတ်သံရုံးက သတင်းထုတ်ပြန်ပါတယ်။

ဒါဟာ နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီတပ် စစ်ရှုံးလာတဲ့အတွက် အာဏာရှင်ဟောင်းတွေရဲ့ သဘောထားကို လိုက်လံမေးမြန်းနေတာလို့ နိုင်ငံရေးအကဲခတ်တွေနဲ့ တရုတ်အရေးကျွမ်းကျင်သူတွေက ပြောပါတယ်။

"လက်ရှိမှာ တပ်က ထိန်းမနိုင် သိမ်းမရ ပြိုကွဲနေတာကို ဘယ်လို သဘောထားလဲ၊ ဘယ်လိုမြင်လဲဆိုတာတွေကို သွားရောက် တီးခေါက်တယ်လို့ မြင်ပါတယ်"

သိသိသာသာ ပြိုကွဲလာတဲ့ စစ်ကောင်စီတပ်ရဲ့ အခြေအနေအပေါ် အာဏာရှင်ဟောင်းတွေရဲ့ အမြင်ကို မေးမြန်းခဲ့ပုံရတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် ပြောပါတယ်။

"ကြည့်ရတာကတော့ စစ်ကောင်စီက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လုပ်ကိုင်နေတာနဲ့ ပတ်သက်ပြီးတော့ လူကြီးတွေမှာ ဘယ်လိုအမြင်ရှိလဲဆိုတာ သွားရောက်စုံစမ်းနေတာလို့ မြင်ပါတယ်။ အခုလက်ရှိမှာ တပ်က ထိန်းမနိုင် သိမ်းမရ ပြိုကွဲနေတာကို ဘယ်လို သဘောထားလဲ၊ ဘယ်လိုမြင်လဲ ဆိုတာတွေကို သွားရောက် တီးခေါက်တယ်လို့ ကျွန်တော်ကတော့ မြင်ပါတယ်"

တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်မှာတော့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နဲ့ မစ္စတာချန်းဟိုင်တို့ တွေ့ဆုံမှုအတွင်း အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ပူးပေါင်းနှိမ်နင်းရေး ဆွေးနွေးခဲ့တယ်လို့ ဖော်ပြပါတယ်။

အာဏာရှင်ဟောင်း ဦးသန်းရွှေတို့နဲ့ တွေ့ဆုံရာမှာတော့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး၊ ပြန်လည်သင့်မြတ်ရေး၊ စီးပွားရေး၊ ပြည်သူတွေ စားဝတ်နေရေး ဖွံ့ဖြိုးတိုးတက်အောင် တရုတ်နိုင်ငံက ကူညီပေးဖို့ ဆန္ဒရှိနေကြောင်း ဆွေးနွေးခဲ့တယ်လို့ ဖော်ပြပါတယ်။ ဒီလိုဆွေးနွေးပြီး မြန်မာ-တရုတ် ချစ်ကြည်ရင်းနှီးမှု ပိုနက်ရှိုင်းစေဖို့ ဆောင်ရွက်နေတယ်လို့ ဆိုထားပါတယ်။

တရုတ်အရေးကျွမ်းကျင်သူတွေနဲ့ စစ်တပ်အရာရှိဟောင်းတွေကတော့ ဒီတွေ့ဆုံမှုတွေဟာ ရှေ့မှာ ငြိမ်းချမ်းရေးအကြောင်းပြထားပြီး နောက်ကွယ်မှာ တရုတ်ရဲ့ ကြီးမားတဲ့ အကျိုးစီးပွား ရှိနေတယ်လို့ သုံးသပ်ပါတယ်။

မြန်မာပြည်ငြိမ်းချမ်းမှ တရုတ်စီမံကိန်းကြီးတွေ အကောင်အထည်ဖော်နိုင်မှာကြောင့် စည်းရုံးရေးဆင်းနေတာလို့ အမည်မဖော်လိုတဲ့ စစ်တပ်အရာရှိဟောင်းတစ်ဦးက သုံးသပ်ပါတယ်။

"အကျိုးစီးပွားကို အကောင်အထည်ဖော်ချင်တယ်။ အဓိက စီမံကိန်းကြီးတွေကိုပေါ့။ မြန်မာပြည်ကိုလည်း အေးချမ်းစေချင်တယ်။ အဲဒီတော့ သူ့နိုင်ငံမှာတော့ တစ်နိုင်ငံ စနစ်နှစ်မျိုးကို ကျင့်သုံးတယ်။ ဒီမှာက အဲဒါကို ကျင့်သုံးစေချင်တယ်။ မားကက်တင်း ဆင်းတာပေါ့။ ဒါကြောင့် အရင်လူကြီးဟောင်းတွေကို လိုက်ပြောနေတာပေါ့"

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် မေလတုန်းကလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ချင်ကန်းနဲ့ အာဏာရှင်ဟောင်း ဦးသန်းရွှေတို့ တွေ့ဆုံခဲ့ပါသေးတယ်။ အဲဒီတုန်းကတော့ ဦးသန်းရွှေက မြန်မာနဲ့တရုတ် နှစ်နိုင်ငံဟာ မွေးချင်း ပေါက်ဖော်ချစ်ကြည်ရေး အစဉ်အလာအရ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ပြီး နှစ်နိုင်ငံ ဆက်ဆံရေးမှာ အောင်မြင်မှုရလဒ်တွေ ပိုမိုရရှိဖို့မျှော်လင့်တယ်လို့ ပြောခဲ့ကြောင်း တရုတ်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော် ကတော့ တရုတ်က နယ်စပ်ဒေသတည်ငြိမ်ရေးကို အလိုရှိနေတာလို့ ပြောပါတယ်။

"တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်းမှာ ဘယ်လိုကူညီဆောင်ရွက်ပေးလို့ရမလဲ၊ အထူးသဖြင့် တရုတ်နိုင်ငံကလိုချင်တဲ့ နယ်စပ်ဒေသငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ အကျိုးစီးပွားတွေကို ကာကွယ်စောင့်ရှောက်ရေး အစရှိတာကို State ခေါင်းဆောင်ဟောင်းတွေဆီကနေ သွားရောက်နားထောင်တယ်လို့ ပြောလို့ရပါတယ်"

မြန်မာနဲ့ တရုတ်အကြား ပူးပေါင်းဆောင်ရွက်နေတဲ့ စီမံကိန်းတွေကို အရှိန်အဟုန်မြှင့်တင်ဖို့ နှစ်နိုင်ငံ တာဝန်ရှိသူတွေ မကြာခဏ ဆွေးနွေးလေ့ရှိတယ်လို့လည်း သူက ဆိုပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနှင့် စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် တွေ့ဆုံနေမှုအား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့က တရုတ်သံရုံးမှ ထုတ်ပြန်ထားစဉ်။ (ဓာတ်ပုံ - မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး)
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနှင့် စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် တွေ့ဆုံနေမှုအား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့က တရုတ်သံရုံးမှ ထုတ်ပြန်ထားစဉ်။ (ဓာတ်ပုံ - မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး)

နိုင်ငံတိုင်းက မြန်မာကိုချဉ်းကပ်တဲ့အခါ ကိုယ့်နိုင်ငံရဲ့ အကျိုးစီးပွားပေါ်မှာသာ အခြေခံ ချဉ်းကပ်လေ့ရှိပြီး တရုတ်နိုင်ငံရဲ့ အဓိက ရည်မှန်းချက်ကတော့ မြန်မာနိုင်ငံမှာရှိနေတဲ့ ပိုးလမ်းမစီမံကိန်းအောင်မြင်ရေးပဲ ဖြစ် တယ်လို့ တရုတ်အရေးကျွမ်းကျင်သူ ဒေါက်တာ လှကျော်ဇောက သုံးသပ်ပါတယ်။

"တစ်ခုလုံးက သူ့အကျိုးစီးပွားပေါ် အခြေခံပဲ။ ဘယ်နိုင်ငံက ဝင်ပြီးတော့ ပြောပြော သူ့နိုင်ငံအကျိုးစီးပွားပေါ်က အစချီပြီး စဉ်းစားတာပဲ။ သူ့နိုင်ငံကလုပ်ထားတဲ့ စီမံကိန်းတွေ ရှိတယ်လေ။ ပိုးလမ်းမစီမံကိန်းတွေဆိုတာ ဗမာပြည်ကြီး ငြိမ်းချမ်းမှဖြစ်မှာ။ အဲဒီတော့ သူ့အကျိုးစီးပွားတွေဘက်ကလုပ်တာပဲ သူ့အိမ်နီးနားချင်းတွေလည်းဖြစ်တော့ ဗမာပြည်တည်ငြိမ်ဖို့ အေးချမ်းဖို့အတွက်က သူ့အတွက်လည်း အရေးကြီးတာကိုး"

အာဏာသိမ်းကာလ သုံးနှစ်နီးပါးကြာလာချိန် ၂၀၂၃ နှစ်ကုန်ပိုင်းကနေ အခု ၂၀၂၄ နှစ်ဆန်းပိုင်းအတွင်း တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကအရေးပါတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက လောက်ကိုင်နဲ့ ချင်းရွှေဟော်၊ ကချင်ပြည်နယ်က လွယ်ဂျယ်နဲ့ ဒေါ့ဖုန်းယန်မြို့တွေကို မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA က သိမ်းယူထားတဲ့အတွက် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေပါတယ်။

ရခိုင်ပြည်နယ်ထဲက တိုက်ပွဲတွေကြောင့် ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ စီးပွားရေးဇုန်အပါအဝင် တရုတ်ရဲ့ ပိုးလမ်းမစီမံကိန်း အဆောက်အအုံတွေ ခြိမ်းခြောက်ခံနေရတယ်လို့ ဝါရင့် ရခိုင်နိုင်ငံရေးသမားတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။