တိုင်းပြည်ကိုကယ်တင်ပြီး ဖျက်ဆီးခဲ့သူများ


2019.09.06
Robert-Mugabe-622.JPG ဇင်ဘာဘွေခေါင်းဆောင် ရောဘတ်မူဂါဘီ။
Photo: AFP

အာဖရိကတိုက်တောင်ပိုင်းက ကုန်းတွင်းပိတ်နိုင်ငံဖြစ်တဲ့ ဇင်ဘာဘွေဟာ ကျနော်တို့မြန်မာပရိသတ် တွေရင်းနှီးပြီးသားနိုင်ငံတနိုင်ငံ ဖြစ်သလို၊ ဇင်ဘာဘွေခေါင်းဆောင် ရောဘတ်မူဂါဘီကို ဆိုရင်လည်း သတင်းမပြတ်နားထောင်တဲ့ ပရိသတ်တွေက သိနှင့်ပြီးသားဖြစ်ပါတယ်။ နိုင်ငံရေးအာဏာသက်တမ်း ၃၇ နှစ်ရှိခဲ့တဲ့ ရောဘတ်မူဂါဘီဟာ အသက် ၉၅ နှစ်အရွယ်ရှိနေပြီး၊ မနေ့က စက်တင်ဘာလ ၆ ရက်နေ့မှာတော့ စင်္ကာပူနိုင်ငံမှာဆေးကုသနေတုန်း ကွယ်လွန်သွားခဲ့ပါပြီ။

သူ့သတင်းနဲ့ပတ်သက်လို့ ဝါရှင်တန်ပို့စ်သတင်းမှာ ဖော်ပြတဲ့ခေါင်းစဉ်ကတော့ ဒီလိုပါ။ နိုင်ငံကို လွတ်မြောက်ရေးရာ ဖျက်ဆီးရေးပါဆောင်ရွက်သွားတဲ့ ဇင်ဘာဘွေခေါင်းဆောင် ရောဘတ်မူဂါဘီ ကွယ်လွန်ပြီ တဲ့။

သတင်းခေါင်းစဉ်တခုလုံးက မူဂါဘီရဲ့သမိုင်းကို ဖော်ပြလိုက်သလို မြင်လိုက်ရပါတယ်။ ဟုတ်ပါတယ်။ ရောဘတ်မူဂါဘီဟာ လူဖြူတွေအောက်က ဇင်ဘာဘွေကိုလွတ်မြောက်အောင်လုပ်ခဲ့ပြီး ၁၉၈ဝ ခုနှစ်မှာ အာဏာရလာခဲ့ပါတယ်။ သူအာဏာရတဲ့အခါမှာတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ လက်တွေ့အကျိုးရှိမယ့် လမ်းစဉ်ကိုဆောင်ရွက်မယ်လို့ ကတိပေးခဲ့ပါတယ်။ အဲဒီလိုကတိပေးပြီးတဲ့ နောက်မှာတော့ တချိန်က အာဖရိကတိုက်ရဲ့စပါးကျီလို့ တင်စားခေါ်ဝေါ်ခဲ့ရတဲ့ ဇင်ဘာဘွေဟာ အလုပ်လက်မဲ့ကြီးထွားလာတဲ့ ပြဿနာ၊ ငွေကြေး မတန်တဆဖောင်းပွလာတဲ့ပြဿနာ၊ ငတ်မွတ် ခေါင်းပါးပြီး ရောဂါဘယထူပြောမှုဆိုတဲ့ အိပ်မက်ဆိုးတွေကြုံရပါတော့တယ်။

အဲဒီအချိန်မှာ အာဏာရှင်မူဂါဘီဟာ သူလက်သပ်မွေးခဲ့တဲ့ ခရိုနီလုပ်ငန်းရှင်တွေနဲ့ပေါင်းပြီး လက်နက်ကိုင်ဂိုဏ်းတွေနဲ့ နိုင်ငံရေးအရ အတိုက်အခံတွေကို နှိပ်စက်ညှဉ်းပမ်းသတ်ဖြတ်တာတွေ လုပ်လာပါတော့တယ်။ ဆင်းရဲမွဲတေပြီး သူတို့ကိုထောက်ခံလာတဲ့အတိုက်အခံတွေကိုတော့ စားသောက်စရာတွေပေးပြီး ဆုချတဲ့နည်းကို ကျင့်သုံးခဲ့ပါတယ်။ အဲဒီအချိန် ဇင်ဘာဘွေရဲ့ကျေးလက်ဒေသတွေမှာ အေအိုင် ဒီအက်စ် ကပ်ရောဂါ၊ ဝမ်းရောဂါတွေဖြစ်ခဲ့သလို၊ တချိန်က အောင်မြင်ခဲ့တဲ့ လယ်ယာလုပ်ငန်းတွေလည်း ပျက်သုဉ်းခဲ့ပါတယ်။

မြို့ပြကြီးတွေမှာဆိုရင် ကျေးလက်ကတက်လာတဲ့သူတွေနဲ့ ပုံနေပါတော့တယ်။ လူတွေဟာ ဈေးဝယ် သွားရင် ငွေကို အိတ်တွေနဲ့ထည့်ပြီး သယ်သွားရသလို၊ မော်တော်ကားတွေ ဆီဖြည့်ဖို့ဆိုရင် ဓာတ်ဆီဆိုင်တွေမှာ ရက်နဲ့ချီပြီး စောင့်ခဲ့ရပါတယ်။ ဒီလိုဖြစ်ရတာတွေဟာ ပြည်ပတိုင်းပြည်တွေနဲ့ ပြည်တွင်းအဖျက်သမားတွေကြောင့်လို့ အာဏာရှင်ကြီး မူဂါဘီက အမြဲပြစ်တင်ပြောဆိုပါတယ်။

အခုလောက်ဆိုရင် သောတရှင်တွေအနေနဲ့လည်း မြန်မာပြည်မှာ ကြုံတွေ့ခဲ့ရတာတွေကို မျက်စိထဲမြင်နေလောက်ပါပြီ။ မြန်မာနိုင်ငံမှာလည်း လွတ်လပ်ရေးကြိုးပမ်းမှုမှာပါခဲ့တဲ့ ပုဂ္ဂိုလ်တွေ အာဏာရလာပြီးတဲ့နောက်မှာ တိုင်းပြည်ဟာ ညီညွတ်စည်ပင်တိုးတက်ရမယ့် အစား ပြည်တွင်းစစ်ထဲ နစ်သွားခဲ့တာက ခုချိန်ထိပါ။

အခုလို ဇင်ဘာဘွေခေါင်းဆောင်ရဲ့ စီမံခန့်ခွဲမှုအမှား၊ အာဏာကို နှစ်ရှည်ဆုပ်ကိုင်ထားတဲ့ အမှားမျိုးတွေအပြင်၊ ဇင်ဘာဘွေပြည်သူတွေ ကြုံရတဲ့ ခါးသီးတဲ့ဘဝမျိုးတွေကိုလည်း မြန်မာပြည်သူတွေ တွေ့ခဲ့ရပြီးပါပြီ။ ဒါနဲ့ဆက်စပ်လို့ပြောရရင် ကမ္ဘာမှာ အဆိုးတကာ့အဆိုးဆုံးခေါင်းဆောင်များ ဆိုပြီး Foreign Policy မဂ္ဂဇင်းက ၂ဝ၁ဝ ခုနှစ်မှာ ဖော်ပြခဲ့တဲ့ ခေါင်းဆောင် ၂၃ ယောက်ထဲမှာ ဇင်ဘာဘွေခေါင်းဆောင် ရောဘတ်မူဂါဘီ၊ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီးနဲ့ မြန်မာစစ် အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ ပါဝင်ခဲ့ပါတယ်။

ဇင်ဘာဘွေမှာတော့ အာဏာရှင်မူဂါဘီ ပြုတ်ကျအောင်ကိုတော့ ပြည်ပရန်သူတွေက လုပ်ခဲ့တာမဟုတ်ဘဲ သူ့ကိုသစ္စာခံတဲ့ဗိုလ်ချုပ်ကြီးတွေကပဲ လုပ်ဆောင်ခဲ့တာပါ။ ၂ဝ၁၇ ခုနှစ်မှာတော့ သိပ်မကျန်းမာတော့တဲ့ မူဂါဘီဆီက အာဏာကိုယူပြီး ဒုသမ္မတဖြစ်တဲ့ မူနာဂါဂွာကို လွှဲပေးလိုက်ပါတယ်။

မြန်မာပြည်မှာတော့ စစ်အာဏာရှင်အုပ်စုဟာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အကာအကွယ်ယူပြီး နိုင်ငံရေးဇာတ်ခုံရဲ့နောက်ကွယ်ကို ဆင်းသွားခဲ့ပါပြီ။ ဒါပေမယ့်လည်း ပြည်တွင်းစစ်မီးဟာ လောင်နေတုန်း ဖြစ်သလို၊ တချိန်က အရှေ့တောင်အာရှရဲ့ စပါးကျီလို့ တင်စားခေါ်ဝေါ်ခံခဲ့ရတဲ့ မြန်မာပြည်ဟာ အလုပ်လက်မဲ့ပေါများလို့ ပြည်ပတိုင်းပြည်တွေကို အားသွန်ခွန်စိုက် လုပ်နိုင်တဲ့လူငယ်တွေ သန်းနဲ့ချီရောက်နေတာ၊ လက်ရှိမှာလည်း နေ့စဉ်ရာနဲ့ ချီပြီး တိုင်းပြည်ကနေ လူငယ်တွေ ထွက်နေတာတွေ့ရပါတယ်။ ပညာရေး၊ ကျန်းမာရေး၊ တရားစီရင်ရေး၊ လုံခြုံရေးကဏ္ဍတွေမှာလည်း ပြုပြင်စရာတွေ အများအပြားရှိနေပါသေးတယ်။

ဒီလိုအခြေအနေမှာ ခေါင်းဆောင်နေရတဲ့ပုဂ္ဂိုလ်တွေဟာ၊ ဇင်ဘာဘွေအာဏာရှင်မူဂါဘီကွယ်လွန်တဲ့ သတင်းကို ဝါရှင်တန်ပို့စ်က ရေးလိုက်တဲ့ခေါင်းစဉ်လို ရေးသားခံရမယ့် အဖြစ်မျိုးမရောက်အောင် ကြိုးစားဖို့ အချိန်ရှိနေသေးတယ်လို့လည်း သုံးသပ်မိပါတယ်။

(RFA ဝိုင်းတော်သား ကိုနေရိန်ကျော် သုံးသပ်တင်ပြသည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။