ကိုဖီအာနန်ကော်မရှင် အကြံပြုချက်နဲ့ စစ်တွေ ဒုက္ခသည်စခန်းများ


2018.11.19

စစ်တွေမြို့က ရိုဟင်ဂျာ ဒုက္ခသည်တွေစခန်းတွေမှာ အစိုးရက ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပြုစာမှာပါရှိတဲ့ အချက်အလက်တွေအတိုင်း အကောင်အထည်မဖော်နိုင်သေးတဲ့အကြောင်း RFA သတင်းထောက် ကိုထက်အာကာ က တင်ပြထားပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကိုဖီအာနန်ကော်မရှင်အကြံပြုချက်တွေနဲ့ စစ်တွေဒုက္ခသည်စခန်းများ
(ထက်အာကာ)

■ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ကိုဖီအာနန်ရဲ့ အကြံပေးအစီရင်ခံစာထဲမှာ အဓိကအချက်လို ပါဝင်နေတာက ဒုက္ခသည်တွေကို နိုင်ငံသားပေးဖို့ ဒုက္ခသည်စခန်းတွေကို ဖျက်သိမ်းဖို့နဲ့ ဒုက္ခသည်တွေ ဂုဏ်သိက္ခာရှိရှိနဲ့ လွတ်လပ်စွာသွားလာခွင့်ရဖို့တို့ဖြစ်ပါတယ်။

RFA က ရခိုင်ပြည်နယ်ကို သွားရောက်ချိန်မှာ အဲဒီစစ်တွေဒုက္ခသည်စခန်းတွေကိုလည်း ရောက်ရှိခဲ့ပြီး အဲဒီဒုက္ခသည်စခန်းတွေဟာ ၆နှစ် သက်တမ်းရှိနေပါပြီ။

အဲဒီလို ၆ နှစ်သက်တမ်းရှိတဲ့ ဒုက္ခသည်စခန်းပေါင်း ၉ခု ရှိပြီး ဒုက္ခသည်ဦးရေ စုစုပေါင်း ၉သောင်းခွဲနီးပါး ရှိနေပါတယ်။

အစိုးရရဲ့ ဆောင်ရွက်နေမှုအပေါ် ကိုဖီအာနန်ကော်မရှင်ရဲ့ကော်မရှင်နာတစ်ဦးဖြစ်တဲ့ ဦးအေးလွင်က သူ့ရဲ့သဘောထားအမြင်ကို အခုလိုပြောပြပါတယ်။

"သူတို့လုပ်နေတယ်လို့တော့ ပြောတာပဲ။ မျော်မှန်းထားတဲ့အဆင့်ထိတော့ မရောက်သေးပါဘူး။ လွယ်လွယ်ကူကူ လုပ်လို့ရတဲ့ကိစ္စတွေကတော့ ကျန်းမာရေးကိစ္စတို့ ကလေးတွေရဲ့ ပညာရေးကိစ္စတို့ လွတ်လွတ်လပ်လပ် သွားလာရေးတို့ ဒါတွေဟာ လွယ်လွယ်ကူကူလုပ်လို့ရတဲ့ကိစ္စတွေပါ"

နိုင်ငံသားဖြစ်မှုနဲ့ ပတ်သက်ရင်တော့ အများစုက NVC ကတ်ကို ကိုင်ဆောင်ပြီး နေထိုင်နေရတဲ့ အခြေနေတစ်ခုဖြစ်ပါတယ်။

ဒါ့အပြင် လွတ်လပ်စွာသွားလာခွင့် အခြေအနေကကော ဘယ်လိုရှိသလဲဆိုတာ သက္ကယ်ပြင် ဒုက္ခသည်စခန်းက အမည်မဖော်လိုသူ ဒုက္ခသည်တစ်ဦးကတော့ စခန်းကနေအပြင်ကို သွားချင်ရင် တာဝန်ရှိသူတွေကို ပိုက်ဆံပေးပြီး ထွက်ရကြောင်း RFA ကိုပြောပါတယ်။

"ငါတို့က ၃ ထပ်တိုက်နဲ့ ပုဆိုးနဲ့ အင်္ကျီနဲ့နေခဲ့တာ အခုတော့ ဘောင်ဘီတိုတောင် အဆင်မပြေဘူးဝတ်ဖို့ကို ဘယ်မှမပြောနဲ့ ကတို့ကူးဖို့တောင် သူတို့ကိုမပေးရင် အဆင်မပြေဘူး။ မြို့ထဲသွားရင်လည်း ၂သောင်း ၃သောင်းလောက် ကုန်တယ်"

အလားတူ လွတ်လပ်စွာသွားလာခွင့်နဲ့ ပတ်သက်ပြီး ပိတ်ပင်ခံထားရတဲ့ အခြေအနေကို သက္ကယ်ပြင် ဒုက္ခသည်စခန်းက ဒေါ်သိန်းမြက အခုလိုပြောပြပါတယ်။

"ဒီ camp တွေကို ဒီနားမှာ ဆောက်ပေးတယ် ဒီနားမှာနေပြီး မြို့ပေါ်လည်း တက်လို့မရဘူး ဆေးရုံလည်း သွားလို့မရဘူး။ ကလေးတွေ ၁၀ တန်းအောင်နေတာကို တက္ကသိုလ်လည်း တက်လို့မရဘူး"

အဲဒီမှာ ၆ နှစ်ကြာ နေထိုင်နေပြီး တစ်ချိန်က စစ်တွေမြို့ပေါ်မှာ ကိုယ်ပိုင်အိမ် နဲ့ နေထိုင်ပြီး ဈေးဆိုင်ဖွင့်ပြီး စီးပွားရေးလုပ်ခဲ့တယ်လို့ ပြောပြတဲ့ အမည်မဖော်လိုသူ ဒုက္ခသည်တစ်ဦးကတော့ လက်ရှိကလေးတွေရဲ့ ပညာရေးအခြေအနေကို ပြောပြပါတယ်။

"သူတို့ကို မုန့်ဖိုးမပေးရင် ကျောင်းမသွားပါဘူး။ လမ်းတစ်ဝက်နဲ့ ပြန်လာကြတယ် ဒီမှာ ဘယ်ကလေးမှလည်း စာမရပါဘူး။ မြို့မှာဆို ကလေးတွေက လိမ်မာကြမှာ။ ဒီမှာစာပြတာက ၆ တန်းကလေးကလည်း စာပြတယ် ၉ တန်းကလေးကလည်း စာပြတယ်"

ဒုက္ခသည်တွေ အပြင်ထွက်ရင် အခကြေးငွေပေးရတာနဲ့ ကလေးတွေ ပညာရေးအခြေအနေ ချို့တဲ့နေတယ်လို့ ဒုက္ခသည်တွေရဲ့ ပြောကြားချက်နဲ့ ပတတ်သက်ပြီး RFA က အာဏာပိုင်တွေကို ဆက်သွယ်ရာမှာ အခုထိ အဆက်သွယ်မရရှိသေးပါ။

အဲဒီ ဒုက္ခသည်စခန်းတွေထဲမှာ ကလေးငယ် တော်တော်များများကိုလည်း တွေ့ခဲ့ရပြီး အချို့ကလေးတွေဟာဆိုရင် စခန်းထဲရောက်မှ မွေးဖွားကြသူတွေလို့ ဒုက္ခသည်တွေက ပြောကြပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၆ ရက်နေ့က ရန်ကုန်မြို့၊ ကျောက်တန်းမြို့နယ်ကို ရောက်လာတဲ့ စစ်တွေဒုက္ခသည်စခန်းက ဒုက္ခသည်တစ်ရာကျော်ထဲမှာ တွေ့ရတဲ့ ကလေးအများစုဟာလည်း ဒုက္ခသည်စခန်းထဲမှာ ကြီးပြင်းခဲ့တဲ့ပုံစံကို တွေ့ရပါတယ်။

နောက်ထပ်အချက်တွေထဲက သတင်းရယူခွင့် အခြေအနေဟာဆိုရင်လည်း အစိုးရက စီစဉ်ပေး ခွင့်ပြုပေးမှ ပြည်တွင်းပြည်ပ သတင်းထောက်တွေဟာ အဲဒီ စစ်တွေမြို့ပေါ်က ဒုက္ခသည်စခန်းတွေကို သွားခွင့်ရတာဖြစ်ပါတယ်။

နိုင်ငံခြားသတင်းထောက် တစ်ဦးဖြစ်တဲ့ မမျိုးမျိုးက အဲဒီ စစ်တွေဒုက္ခသည်စခန်းမှာ သတင်းရယူမှုအခြေအနေကို အခုလိုပြောပြပါတယ်။

"အမတို့ အဲဒီ စစ်တွေက camp ကိုသွားတဲ့အခါမှာ မီဒီယာတွေနောက်ကနေ တာဝန်ရှိသူတွေက တောက်လျောက်လိုက်တယ်။ အဲဒီတော့ တစ်ဘက် ဖြေမယ့်သူတွေက မဖြေရဲတော့ဘူး။ အဲဒီတော့ သတင်းရယူဖို့ သူတို့ကတော့ လိုက်ပို့ပါတယ်။ ဒါပေမဲ့ အဲဒီလိုအနောက်က လျောက်လိုက်နေတော့ လွတ်လပ်စွာ သတင်းရယူခွင့်ကို ကန့်သတ်သလို ချုပ်ချယ်သလို တစ်ဖက်တစ်လမ်းကနေ အုပ်ချုပ်ရေးနဲ့ လုပ်ဆောင်နေတယ်"

သတင်းထောက်တွေကို ဒုက္ခသည်တွေက အင်တာဗျူး ဖြေကြားခဲ့ရင်လည်း ဖြေကြားတဲ့ဒုက္ခသည်တွေကို အာဏာပိုင်တွေက ခေါ်မေးမြန်းတာ ခေါ်စစ်ဆေးတာမျိူးတွေလည်း လုပ်ဆောင်တယ်လို့ သိရပါတယ်။

ဒါပေမဲ့ အစိုးရဘက်ကတော့ ကိုဖီအာနန်ရဲ့ အကြံပြု အစီရင်ခံစာ ၈၈ ချက်ထဲက ၈၁ ချက်ကို စတင် လုပ်ဆောင်နေပြီလို့ ပြောဆိုထားပေမယ့် တကယ့်လက်တွေ့မှာတော့ အဓိကကျတဲ့ အခွင့်အရေးတွေ မရရှိသေးပါဘူး။

ဥပမာပြောရရင် စီးပွားရေးဖွံ့ဖြိုးမှု၊ ဒုက္ခသည်စခန်းတွေ ဖျက်သိမ်းပြီး ဒုက္ခသည်တွေ မူလနေရာမှာ ပြန်လည်နေထိုင်ဖို့ အဲလိုကိစ္စတွေကို လုပ်ဆောင်နေတာကို မတွေ့ရတဲ့အခြေအနေပါ။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး လူမှုဝန်ထမ်းနဲ့ ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က အခုလိုပြောပါတယ်။

"ကိုဖီအာနန်ရဲ့ အကြံပေးချက်တွေကို လေးလည်း လေးစားတယ်၊ လက်ရှိလုပ်နိုင်တာတွေကိုလည်း လုပ်ဆောင်နေပါတယ်။ Camp တွေ ပိတ်တဲ့ကိစ္စကတော့ လုပ်နိုင်တဲ့ကိစ္စပါ။ ဒါပေမဲ့ စံချိန်မှီအောင်လုပ်နိုင်ဖို့ အမျိုးသားအဆင့် မဟာဗျူဟာ ရေးဆွဲနေပါတယ်"

ဘင်္ဂလားဒေ့ရှ်ကိုရောက်ရှိနေတဲ့ ဒုက္ခသည်အများစုကလည်း လက်ရှိ စစ်တွေမြို့ပေါ်က ဒုက္ခသည်စခန်းတွေရဲ့ အခြေအနေကို ထောက်ပြပြီး သူတို့ပြန်မလာနိုင်တဲ့ အချက်အလက်တစ်ခုအဖြစ် ထည့်သွင်းပြောဆိုနေကြပါတယ်။

ကိုဖီအာနန်ကော်မရှင် အဖွဲ့ဝင် ဦးအေးလွင်ကလည်း အစိုးရကို အလွယ်တကူ လုပ်ဆောင်လို့ရတဲ့ကိစ္စတွေကို အမြန်ဆုံးဆောင်ရွက်ပြီး သိသာထင်ရှားအောင်ချပြဖို့ အခုလို တိုက်တွန်းပါတယ်။

"အမြန်ဆုံးဆောင်ရွက်ပေးပါ ဆောင်ရွက်ပြီးရင်လည်း ဒီဖက်မှာရှိတဲ့ ဒုက္ခသည်တွေကို မြင်သာထင်သာအောင်ပြပါ၊ အဲဒါမှ သူတို့လည်း မထွက်ပြေးမှာ။ နောက်ပြီးသူတို့ကတဆင့် ဟိုဘက်က သူတို့အမျိုးတွေကို ပြောပြလိုရှိရင် သူတို့ယုံကြည်ပြီးပြန်လာကြမှာပါ"

၂ဝ၁၆ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖိတ်ခေါ်မှုကြောင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန်ဟာ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့ပြီး အဲဒီနှစ် စက်တင်ဘာနဲ့ ဒီဇင်ဘာမှာ ရခိုင်ပြည်နယ် မောင်တောဒေသကို သွားရောက်ခဲ့ပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တယ်လို့ စွပ်စွဲခံရတဲ့ ကျေးရွာတချို့ကို ကွင်းဆင်း လေ့လာခဲ့ပါတယ်။ ၂ဝ၁၇ သြဂုတ်မှာ ကော်မရှင်က အပြီးသတ် အစီအရင်ခံစာကို တင်သွင်းထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်နေ့ကတော့ ကိုဖီအာနန် ဟာ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ရုတ်တရက် နာမကျန်းဖြစ်ပြီး ကွယ်လွန်သွားတယ်လို့ သူ့ရဲ့ ဖောင်ဒေးရှင်းက ကြေညာခဲ့ပါတယ်ခင်ဗျာ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။