သီတဂူဆရာတော်ရဲ့ ယူနက်စကိုအပေါ်သဘောထား ဝေဖန်ခံနေရ


2019.07.30
sitagu-sayadaw-622.jpg ပြင်သစ်နိုင်ငံ အခြေစိုက် UNESCO မှာ၂ဝ၁၈ ခုနှစ်က ကျင်းပတဲ့ International Vesak Day အခမ်းအနားကို တက်ရောက်လာသော သီတဂူဆရာတော်။
Photo:@sayadawsitagu/ FB

ပုဂံခေတ်စေတီပုထိုးတွေကို ကုလသမဂ္ဂယူနက်စကိုအဖွဲ့ရဲ့စောင့်ရှောက်မှုအောက်မှာ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် လက်ခံလိုက်တာနဲ့ပတ်သက်လို့ သီတဂူဆရာတော်အရှင်ဉာဏိဿရက ဇူလိုင်လ ၂၇ ရက်နေ့က ကျင်းပခဲ့တဲ့ ပြင်ဦးလွင်မြို့ အောင်ချမ်းသာကျောင်းတိုက် သာသနိကအဆောက်အဦးများ ရေစက်ချအောင်ပွဲအခမ်းအနားမှာ သူ့သဘောထားကို အခုလို မိန့်ကြားလိုက်ပါတယ်။

“ ပုဂံဆိုတဲ့ မြန်မာ့ဗုဒ္ဓဘာသာယဉ်ကျေးမှုတွေ အဇာဘိုင်ဂျန်က ဝိုင်းပြီးတော့ပေးတဲ့ပိုက်ဆံနဲ့ အသိအမှတ်ပြုပြီးတော့၊ အဲဒါနဲ့ထိန်းသိမ်းစောင့်ရှောက်ကြမယ်လို့ လုပ်တယ်။ ဟောဒီကျောင်း တိုက်ကြီးတွေကို ဘာနဲ့ထိန်းသလဲ။ မေမြို့က ဒကာ၊ ဒကာမတွေ ဝိုင်းထိန်းတာမဟုတ်လား။ စစ်ကိုင်းတောင်တန်းကြီးတခုလုံးက ဘုရားတွေ ဘယ်သူထိန်းလဲ။ တပြည်လုံးက ဘုရားဖူးတွေ ဝိုင်းထိန်းတာပဲမဟုတ်လား။ အေး၊ အဲဒါလေးလောက်ပဲ ပြောတာကောင်းပါတယ်။ သတိထားစရာတွေ အများကြီးရှိတယ်။ အဲဒါဒီလောက် နှစ်ပေါင်းကြာညောင်းအောင်ထိ အမွေအနှစ်ကြီးကို ဘုန်းကြီးတို့ထိန်းထားတာဟာ ဘယ်အရိပ်အာဝါသအောက်မှာလဲလို့ မေးရင် ဓမ္မရဲ့အရိပ်အာဝါသအောက်မှာ ထိန်းထားတာ၊ မြန်မာ့အမွေအနှစ်ကို မြန်မာက ထိန်းနိုင်ရင် မြန်မာက ဂုဏ်ယူဖို့ပဲ၊ မြန်မာ့အမွေအနှစ်ကို တခြားပေးပြီးတော့၊ ဟိုဘက်ကလူတွေ ထိန်းပေးတာကို ဂုဏ်ယူနေခြင်းဟာ ဘာဂုဏ်မှမရှိတဲ့ကိစ္စ” လို့ ဆိုပါတယ်။

“ ပုဂံကို ယူနက်စကိုမှာ ဝင်တဲ့အတွက်ကြောင့် အများကဝမ်းသာနေကြတယ်။ ယူနက်စကို ဝင်တယ်ဆိုကတည်းကိုက ပညာရှင်တွေနဲ့ ကမ္ဘာ့အမွေအနှစ်ကို ထိန်းသိမ်းကြတာ။ ဒါဟာ အသီးသီးရှိတာပဲ။ ထိုင်းတို့၊ ကမ္ဘောဒီးယားတို့၊ သီရိလင်္ကာတို့၊ ဒီလိုပဲထိန်းသိမ်းတဲ့အတွက်ကြောင့် ယဉ်ကျေးမှုအမွေအနှစ်တွေလည်း မပျောက်ဘူး။ ကမ္ဘာရဲ့အသိအမှတ်ပြုထဲ ဝင်သွားတဲ့အတွက် နိုင်ငံတကာရဲ့လေ့လာရေးတွေကအစ ပိုပြီးတော့လည်း အားကောင်းလာတယ်။ နိုင်ငံအတွက်ကြည့်မယ်ဆိုရင် အကျိုးရှိတာတွေပဲဖြစ်တာပါ။ ဒါလည်းပဲ အားလုံးသိကြပါတယ်။ ပျူ သရေခေတ္တရာတို့၊ ပျူတို့ အကုန်လုံးယူနက်စကိုဝင်ထားတာပဲ။ တကယ်အဲဒီဥစ္စာက ဦးသိန်းစိန်တို့ အရင်အစိုးရလက်ထက်မှာ တကယ်ရှိခဲ့တာပဲ။ အရင်တန်ုးက မပြောဘဲ အခု NLD အစိုးရလက်ထက်ကျမှ ယူနက်စကိုဝင်တာကို ပြောတယ်ဆိုတာတော့ သက်သက်အပုပ်ချသလို ဖြစ်နေတာပေါ့နော်” လို့ အရှင်မင်းသုည(ဗုဒ္ဓတက္ကသိုလ်)က ရှုမြင်ပါတယ်။

“သူငယ်နှပ်စား ပြောတယ်ဆိုတာထားပါ။ မသိလို့ပြောတာ။ အခုလို သူလိုပုဂ္ဂိုလ်ကပြောတယ်ဆို သာသနာအတွက်လည်း ထိခိုက်ပါတယ်။ နိုင်ငံအတွက်လည်း ထိခိုက်ပါတယ်။ လူတော်တယောက် ဆုံးရှုံးခြင်းလို့လည်း ခေါ်ပါတယ်။ နောက်- သူဘာတွေဖြစ်နေသလဲ။ အသက်ကြီးမှ ဘယ်လိုတွေ ဖောက်ပြန်နေတာလဲ။ ဒါက မေးခွန်းထုတ်စရာတွေ ဖြစ်ကုန်တော့တာပေါ့။ မှန်နေတာကို မှားအောင်လုပ်ပစ်နေတာပါ။ တော်တော့်ကိုဆိုးပါတယ်။ ဘုန်းကြီးတို့ ပြင်းပြင်းထန်ထန်ပြောတာ ဒေါသကြောင့်ပြောတာမဟုတ်ဘူး။ အင်မတန်ကြောက်စရာကောင်းတဲ့ ပုဂ္ဂိုလ်ကြီးတယောက်အဖြစ်ရောက်နေလို့ ပြည်သူသိအောင်ပြောတာပါ” လို့ မြဝတီမင်းကြီးဆရာတော် အရှင်အရိယဝံသာ ဘိဝံသကလည်း ဆရာတော်အရှင်ဉာဏိဿရနဲ့ ပတ်သက်လို့ ပြောပါတယ်။

ကမ္ဘာ့ငြိမ်းချမ်းရေးတည်ဆောက်ဖို့၊ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ဖို့နဲ့ ရေရှည်ဖွံ့ဖြိုးရေးစီမံကိန်းတွေ အကောင်အထညဖော်ဖို့အတွက် ပညာရေး၊ ကျန်းမာရေး၊ သတင်းဖလှယ်ပြီး မတူကွဲပြားတဲ့ ယဉ်ကျေးမှုတွေကြား ဆက်သွယ်ပေးရေးဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ၁၉၄၆ ခုနှစ်ကတည်းက ယူနက်စကိုအဖွဲ့ကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

ရုံးချုပ်ကိုတော့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ တည်ထားပါတယ်။ ကော်မတီရဲ့အစည်းအဝေးတွေကိုတော့ အဖွဲ့ဝင်နိုင်ငံတွေကို လှည့်ပြီး နှစ်စဉ်ကျင်းပပါတယ်။ အဖွဲ့ရဲ့ရန်ပုံငွေကို အရင်ကဆိုရင် အမေရိကန်ပြည်ထောင်စုက အများဆုံးထည့်ဝင်ပြီး ဂျပန်က ဒုတိယအများဆုံးနဲ့ တရုတ်က တတိယအများဆုံး ထည့်ဝင်ပါတယ်။ အခုနောက်ပိုင်းမှာတော့ ဘရာဇီးလ်က ပထမ၊ တောင်ကိုရီးယားက ဒုတိယနဲ့ ဆွီဒင်က တတိယဖြစ်ပြီး တရုတ်က ဆဌမဖြစ်ပါတယ်။

ဒါကြောင့် ယူနက်စကိုအဖွဲ့ဟာ ကမ္ဘာပေါ်က ထိန်းသိမ်းသင့်တဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ရန်ပုံငွေချပေးပြီး ကာကွယ်စောင့်ရှောက်နေတဲ့အတွက် ကမ္ဘာ့နိုင်ငံအသီးသီးကလည်း ကိုယ့်နိုင်ငံမှာ ရှိတဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ကမ္ဘာကသိဖို့၊ ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်နိုင်ဖို့နဲ့ ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် ယူနက်စကိုရဲ့အကူအညီရအောင် ကြိုးစားနေကြတာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံကလည်း ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေ ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် ယူနက်စကိုအဖွဲ့ဆီမှာ လျှောက်ထားခဲ့တဲ့အတွက် သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ၂ဝ၁၄ ခုနှစ် ဇွန်လမှာ သရေခေတ္တရာ၊ ဗိဿနိုးနဲ့ ဟန်လင်းတို့ကို ကမ္ဘာ့အမွေအနှစ်အဖြစ် ယူနက်စကိုအဖွဲ့က သတ်မှတ်ပေးခဲ့ပြီး အခု ၂ဝ၁၉ ခုနှစ် ဇူလိုင်လမှာ ပုဂံက စေတီပုထိုးတွေကိုလည်း အသိအမှတ်ပြုလိုက်တာဖြစ်ပါတယ်။

( RFA ဝိုင်းတော်သား ကိုနေရိန်ကျော် စုစည်းတင်ပြသည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။