တိတ်ဆိတ်သွားတဲ့ ကလေးမြို့

2022.05.18
တိတ်ဆိတ်သွားတဲ့ ကလေးမြို့ ၂၀၂၂ ခုနှစ် မေလ ၁၇ ရက်နေ့က တွေ့ရသည့် စစ်ကိုင်းတိုင်း ကလေးမြို့။
Photo: RFA

စစ်ကိုင်းတိုင်းရဲ့ အနောက်မြောက်ပိုင်းမှာတည်ရှိတဲ့ ကလေးမြို့နယ်ဟာ ချင်းပြည်နယ်နဲ့ နီးကပ်ပြီး ကလေး-တီးတိန် လမ်းမကြီးရဲ့ အဓိကအရေးပါတဲ့ ဒေသဖြစ်တာကြောင့် ကလေး မြို့ဟာ ပညာရေး၊ ကျန်းမာရေး၊ စီးပွား ရေးကိစ္စတွေနဲ့ အထူးစည်ကားခဲ့ပါတယ်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ စာရင်းအရ ကလေးမြို့နယ်မှာ မြို့ပေါ်ရပ်ကွက် ၂၀ နဲ့ ရွာပေါင်း ၁၅၆ ရွာရှိပါတယ်။ လူဦးရေ သုံးသိန်းခွဲကျော်နေထိုင်ပြီး တစ်ဝက်နီးပါးက ချင်း လူမျိုးတွေ ဖြစ်ပါတယ်။ စုစုပေါင်း လူဦးရေ သုံးသိန်းခွဲကျော်ထဲက တစ်သိန်းခွဲနီးပါးဟာ ကလေးမြို့ပေါ်မှာနေထိုင်ပြီး ကျန်နှစ်သိန်းကျော်က ကျေးလက်ဒေသမှာ နေထိုင်ပါတယ်။

ချင်းလူမျိုး တစ်ဝက်နီးပါးနေထိုင်တဲ့ ကလေးမြို့ဟာ စစ်အာဏာသိမ်းမှုကို အစောဆုံး ဆန့်ကျင်ခဲ့တဲ့မြို့တွေထဲမှာ ပါဝင်ပါတယ်။ ကလေးမြို့ပေါ်က ခုခံမှုအားကောင်းတဲ့ တာဟန်းသပိတ်ကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့နှစ် မတ်လထဲမှာ အင်အားသုံးဖြိုခွင်းချိန် ကစလို့ ရိုးရာတူမီးသေနတ်တွေနဲ့ လက်နက်ကိုင်တော်လှန်ရေးကို စတင်ခဲ့ပါတယ်။ မြေပြင်သပိတ်အဖွဲ့တွေကလည်း ဒီကနေ့ထိ စစ်အာဏာရှင်ကို အင်နဲ့အားနဲ့ ဆန့်ကျင် နေကြဆဲပါ။

ဒီလိုအခြေအနေတွေကြောင့် စစ်တပ်အာဏာသိမ်းထားတဲ့ တစ်နှစ်ကျော်အတွင်း ကလေး မြို့ပေါ်အပါအဝင် မြို့နယ်တစ်ခုလုံးမှာ လူ ၁၅၀ သေဆုံးပြီး ၅၀၀ နီးပါး အဖမ်းခံထား ရတယ်လို့ မြို့နယ်သပိတ်အဖွဲ့က ပြောပါတယ်။

အရင်က စည်ကားခဲ့တဲ့ ကလေးမြို့ဟာ အခုချိန်မှာ အပြင်ထွက်သွားလာသူ အလွန် နည်းပါးပြီး နေမဝင်ခင်ကတည်းက တိတ်ဆိတ်ခြောက်ကပ်သွားတယ်လို့ သူ့ကိုယ်သူ ကလေးကောင်းကင်လို့ အမည်ပေးထားတဲ့ ဒေသခံက ပြောပါတယ်။

“နေ့လယ်ပိုင်းဆိုရင်လည်း အပြင်ထွက်တဲ့လူ နည်းသွားတာပေါ့နော်။ ညနေပိုင်း ဆိုရင်တော့ မရှိသလောက်ပေါ့။ အဲ့လိုဖြစ်သွားတော့ ပြည်သူလူထုတွေက လန့်ကြ တာပေါ့။ အသက်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ် စိတ်မပျော်တော့ဘူးပေါ့”

ကလေးမြို့ တာဟန်းရပ်ကွက်မှာနေထိုင်တဲ့ အသက် ၂၃ နှစ်အရွယ် ကိုလျန်ခေါ်ရှမ်းဟာ ဧပြီလ ၉ ရက် ညနေ ပိုင်းက နေမကောင်းလို့ ဆေးခန်းကို ဆိုင်ကယ်နဲ့အသွား လမ်းမှာတင် ပျောက်ဆုံးသွားခဲ့ပါတယ်။

ဧပြီလ ၁၀ ရက်နေ့မှာတော့ ကလေးမြို့ စစ်ဆေးရုံကနေ အလောင်းလာထုတ်ဖို့ မိသားစုကို အကြောင်းကြား လာမှပဲ သားဖြစ်သူ သေဆုံးတာကို သိခဲ့ရတယ်လို့ မိသားစုက ပြော ပါတယ်။ ကိုလျန်ခေါ်ရှမ်းဟာ ရဲနဲ့ စစ်တပ်ရဲ့ သံသယနဲ့ ဖမ်ဆီးစစ်ဆေးတာကို ခံခဲ့ရပြီး စစ်ကြောရေးမှာပဲ အသက်ဆုံးခဲ့တာပါ။ စစ်ဆေးရုံကနေ ရုပ်အလောင်းကိုပြန်ယူချိန် ခြေထောက်မှာ သေနတ်ကျည်ဆန်ရာနဲ့အတူ မျက်နှာနဲ့ ခန္ဓာကိုယ်အနှံ့မှာ နှိပ်စက် ညှဉ်းပန်းထားတဲ့ ဒဏ်ရာအများအပြားကို တွေ့ရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ဧပြီလ ၁၄ ရက်နေ့ ညနေပိုင်းမှာလည်း အသက် ၂၄ နှစ်အရွယ် ကိုမုန်ပီးဟာ ကလေးမြို့ ဘူတာကြီးအနီးမှာ စစ်သားတွေရဲ့ သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးတာကို ခံရပြီး သေဆုံးသွား ပါတယ်။

မေလ ၇ ရက်နေ့ကလည်း သုံးဘီးတပ် ဘေးတွဲဆိုက်ကား မောင်းလာတဲ့ အသက် ၅၀ အရွယ် ဦးဉာဏ်ထွန်းဟာ ကလေးမြို့လယ်က ဗိုလ်ချုပ်လမ်းမကြီးပေါ်မှာ စစ်သားတွေရဲ့ သေနတ်နဲ့ပစ်ခတ်မှုကြောင့် နေရာမှာတင် သေဆုံးသွားပါတယ်။

"အပြင်ထွက်တဲ့လူ နည်းသွားတာပေါ့နော်။ ညနေပိုင်းဆိုရင်တော့ မရှိသလောက်ပေါ့"

အဲဒီလိုအဖြစ်အပျက်မျိုးတွေဟာ အခုနောက်ပိုင်းမှာ ပိုဆိုးလာတဲ့အတွက် ကလေး မြို့ပေါ်မှာ ညနေမှောင်တာနဲ့ အပြင်ထွက်သူ မရှိတော့ဘူးလို့ ကလေးကျား ဆိုသူက ပြောပါတယ်။

“လက်နက်နဲ့ ခုခံမှု တော်တော်လေး ပြင်းထန်တဲ့အချိန်မှာ ဒီမြို့ပေါ်မှာတော့ သွားရင်း လာရင်းနဲ့ ပျောက်သွားတယ်။ တော်တော်ကြာတဲ့အချိန်မှာ စုံစမ်းတဲ့အခါမှာ အလောင်း ပဲ ပြန်ရတာမျိုးတွေ၊ အဖမ်းခံထားရတာမျိုးတွေ ဖြစ်လာတယ်ပေါ့နော်။ ပြည်သူလူထု ကလည်း စိုးရိမ်တာပေါ့၊ စျေးဝယ်သွားတာတောင်မှ မသင်္ကာလို့ အဖမ်းခံရ၊ အပစ်ခံရ တာတွေ အများကြီးရှိလာတော့ မြို့ပေါ်ကအစ တရားဥပဒေစိုးမိုးမှုက မရှိတော့ဘူး ပေါ့နော်။ အိမ်ထဲမှာနေရင်တောင်မှ မလုံခြုံတဲ့ခံစားမှုမျိုးက ရှိလာတယ်ပေါ့။ အာဏာ သိမ်းတဲ့နောက်ပိုင်းကစ အခုရက်ပိုင်းက ပိုဆိုးလာတယ်”

အရပ်သားတွေ သေဆုံးမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းတဲ့အခါတိုင်း သေဆုံးသူတွေဟာ အရပ်သားတွေမဟုတ်ဘဲ PDF တွေဖြစ် တယ်လို့ တုံ့ပြန်စွပ်စွဲ လေ့ရှိပါတယ်။

၂၀၂၂ ခုနှစ် မေလ ၇ ရက်နေ့တွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် သုံးဘီးယာဥ်မောင်း ဦးဉာဏ်ထွန်းရုပ်အလောင်းကို သယ်ယူနေစဥ်။ (Photo: CJ)
၂၀၂၂ ခုနှစ် မေလ ၇ ရက်နေ့တွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် သုံးဘီးယာဥ်မောင်း ဦးဉာဏ်ထွန်းရုပ်အလောင်းကို သယ်ယူနေစဥ်။ (Photo: CJ)

အခုနောက်ပိုင်းမှာတော့ ဖြတ်သန်းသွားလာသူတွေကို ပစ်ခတ်ဖမ်းဆီးရုံမက သံသယနဲ့ ဖမ်းဆီးစစ်ဆေးတာတွေ များလာတာကြောင့် ကလေးမြို့က လူငယ်တွေအတွက် လုံခြုံမှု လုံးဝမရှိတော့ဘူးလို့ ကလေးလိမ္မာ ဆိုသူက ပြောပါတယ်။

“ဒီမှာကျတော့ ရှောင်တခင်စစ်ဆေးမှုက ဒီနားလုပ်လိုက်၊ ဟိုနားလုပ်လိုက် ၁၅ မိနစ် လုပ်လိုက်၊ မိနစ်၂၀ လုပ်လိုက်၊ ပျောက်သွားလိုက်၊ နောက်တစ်နေရာလုပ်လိုက်၊ အဲလို ရှောင်တခင် စစ်ဆေးမှုတွေ လုပ်တယ်လေ။ လူငယ်တွေက အဲနေရာကိုဖြတ်သွားရင် တစ်ခါတစ်ခါကျရင် သူတို့စစ်ဆေးနေတုန်း သူတို့မကြိုက်တဲ့ စကားလုံးပြောမိရင်၊ စကားပြောတာ မာသွားရင်တောင် ဆွဲစိတတ်တယ်လေ။ ဥပဒေက သူတို့လက်ထဲမှာပဲ။ တရားဥပဒေ စိုးမိုးမှုမရှိတော့ဘူး။ အခုနောက်ပိုင်းလူငယ်တွေက စစ်ဆေးရေးလို့ သိလိုက်တာနဲ့ ဖုန်းတွေမပါရင်တောင် ဖြတ်မသွားဘဲနဲ့ ရှောင်လိုက်ကြတော့တာ”

အခုဆိုရင် ကလေးမြို့နယ်တစ်ခုလုံး မြို့ပေါ်ရော၊ ကျေးလက်မှာပါ စိုးရိမ်ကြောင့်ကြမှုတွေနဲ့ ရှင်သန်နေထိုင်ရ တယ်လို့ ကလေးမောင်မောင် ဆိုသူက ပြောပါတယ်။

“စိုးရိမ်မှုတွေနဲ့ နေကြတာပေါ့။ မြို့ပေါ်မှာလည်း မြို့တွင်းမှာတိုက်ပွဲ ဖြစ်တယ်ဆိုရင် လည်း မြို့ပေါ်က သူတွေ လည်း စိုးရိမ်ရတယ်။ မြို့ပေါ်မှာ ဖမ်းဆီးမှုလုပ်တယ်။ မထင်ရင် မထင်သလို အိမ်ထဲကို ဝင်စစ်ဆေးတယ်။ သူတို့ရှာတာ မတွေ့ရင်တောင်မှ အိမ်ကို ချိပ်ပိတ်မှာ၊ ဘာညာ ခြိမ်းခြောက်ထားတာတွေလည်းရှိတယ်”

သူ့ကိုယ်သူ တာဟန်းချင်းလို့ အမည်ပေးထားတဲ့ ကလေးမြို့ခံတစ်ဦးကတော့ ကျေးရွာတွေ ဘက်မှာ အခြေအနေပိုဆိုးတယ်လို့ ဆိုပါတယ်။ တိုက်ပွဲတွေဖြစ်တိုင်း၊ စစ်တပ်က ရွာကို စစ်ကြောင်းထိုးလာတိုင်း မကြာခဏ ထွက်ပြေးနေရတာကြောင့် အဓိက အသက်မွေး ဝမ်းကျောင်းဖြစ်တဲ့ တောင်ယာအလုပ်ကို ပစ်ပယ် ထားရတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ အခုတောင်သူတွေဆိုလို့ရှိရင် အချိန်မီ ရေမသွင်းနိုင်တာ၊ လုပ်နေတုန်းမှာ တိုက်ပွဲတွေ၊ သေနတ်သံ တွေနဲ့ စစ်ကောင်စီတွေ ရုတ်တရက် ဝင်လာမျိုးတွေရှိတော့ တောင်သူလယ်သမားတွေက စိတ်ဖြောင့်ဖြောင့်နဲ့ မလုပ်ရဲတော့ဘူး။ ရေသွင်းချိန် ရေမသွင်းရ၊ ပေါင်းသင်ချိန်မှာ ပေါင်းမသင်ရ ဆိုတဲ့အခါကျတော့ လယ်တွေ ပစ်ထား ရတယ်။ ပဲခင်းဆိုလို့ရှိရင် အချိန်မီ မသိမ်းနိုင်ကြတော့ ပဲတွေကွဲတာပေါ့။ ပဲနီတို့၊ ပဲထောပတ်တို့ အချိန်မီ မသိမ်းနိုင်ကြတော့ ကွဲကုန်တယ်”

ဒေသတွင်းသတင်းတွေနဲ့ ဒေသခံတွေရဲ့ ပြောဆိုချက်ပေါ်မူတည်ပြီး RFA က ပြုစုထားတဲ့ စာရင်းတွေအရ စစ်တပ်က အာဏာသိမ်းထားတဲ့ တစ်နှစ်ကျော်အတွင်း ကလေးမြို့နယ်မှာ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ငါးသောင်းနီးပါး ရှိနေပါပြီ။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။