ရွှေကုက္ကိုမြို့သစ်မှာ နိုင်ငံခြားသားသွားလာခွင့်ပိတ်ထားပေမဲ့ BGF ဂိတ်တွေ ဆက်ပို့နေ
2023.11.05

မြဝတီမြို့ ရွှေကုက္ကိုမြို့သစ်နေရာမှာ ရှိနေတဲ့ တရုတ်၊ ထိုင်းနဲ့ အခြားနိုင်ငံခြားသားတွေ ဖြတ်သန်းသွားလာခွင့်ကို နိုဝင်ဘာ ၃ ရက်နေ့ကနေ ဒီဇင်ဘာလ ၃ ရက်နေ့အထိ တစ်လပိတ်ထားကြောင်း နယ်စပ်လုံခြုံရေးတာဝန်ခံ စောဖဟဲ လက်မှတ်နဲ့ အမိန့်ထုတ်ထားပေမဲ့ BGF ကရင်နယ်ခြားစောင့်တပ် လှေဂိတ်တွေက တရုတ်၊ ထိုင်းနဲ့ အခြားနိုင်ငံခြားသားတွေကို ထိုင်းနိုင်ငံဘက်ကို ပို့ပေးတာတွေ ဆက်ရှိနေတယ်လို့ မျက်မြင်သိရှိတဲ့ လုံခြုံရေးအရအမည်မဖော်လိုသူ BGF သတင်းအရင်းအမြစ်က နိုဝင်ဘာ ၅ ရက်နေ့ မနက်ပိုင်းက RFA ကို ပြောပါတယ်။
“ဂိတ်တွေက တရားဝင်စာထုတ်ပြီးတော့ ပိတ်ပေမဲ့ သူတို့အဖွဲ့အစည်းကနေပြီးတော့ တစ်ယောက်ဘယ်လောက် ဆိုပြီး ပိုက်ဆံယူပြီးတော့ ကမ်းကူးပေးနေတယ်၊ သူတို့လှေနဲ့ သူတို့ဂိတ်တွေကပဲ ကူးပေးနေတယ်၊ သဲပုံဂိတ်ရော၊ ၉၉၉ ဂိတ်ရော အကုန်လုံး ရှိသမျှ ကာစီနိုဂိတ်တွေကနေ ကူးပေးနေတယ်” လို့ အဲဒီလူက ပြောပါတယ်။
အခု ရက်ပိုင်းအတွင်း ရွှေကုက္ကို ကာစီနိုမြို့သစ်ကို စစ်ကောင်စီဘက်က ဝင်ရောက်စစ်ဆေးဖမ်းဆီးမယ်ဆိုတဲ့ သတင်းပျံ့နှံ့နေလို့ သွားလာခွင့် တစ်လပိတ်မယ်လို့ ရွှေကုက္ကိုလ်မြို့သစ်က ရထိုက် တရုတ်ကုမ္ပဏီနဲ့ ကရင်နယ်ခြားစောင့်တပ် တပ်နယ် ၃ ရဲ့ လုံခြုံရေးတာဝန်ရှိသူ ဗိုလ်မှူးမောင်ဝင်း ခေါ် (စောဖဟဲ) က ထုတ်ပြန်ခဲ့တာလို့ BGF သတင်းအရင်းအမြစ်က ထပ်ပြီး အတည်ပြုပြောပါတယ်။
စောဖဟဲရဲ့ ထုတ်ပြန်ချက်မှာ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ မလိုက်နာရင် ထိရောက်စွာ အရေးယူမယ်လို့ ရေးသားထားပေမဲ့ လက်တွေ့မှာတော့ သူ့ရဲ့ လက်အောက်ခံ BGF လုံခြုံရေး သောင်ရင်းမြစ်လှေဂိတ်တွေက နိုင်ငံခြားသားတွေကို ထိုင်းနိုင်ငံဘက်နဲ့ မြန်မာရွှေကုက္ကိုဘက်ကို ဆက်ပြီးကမ်းကူးပို့ပေးနေတာပါ။
မြဝတီ၊ သင်္ဃန်းညီနောင်၊ ရွှေကုက္ကို တို့ကို ဆက်သွယ်သွားလာတဲ့ ကားလမ်းပိုင်းတွေမှာတော့ နယ်မြေလုံခြုံရေးအရ BGF တပ်က စစ်ဆေးတာတွေ ရှိနေပြီး ဒေသခံတွေ မြဝတီမြို့ဘက် သွားလာလို့ရပေမဲ့ တရုတ်၊ ထိုင်းနဲ့ အခြားနိုင်ငံခြားသားတွေ မြဝတီမြို့ဘက်ကို သွားလာခွင့်မပေးတော့ဘူးလို့ ရွှေကုက္ကိုမှာ နေထိုင်တဲ့ ဒေသခံတွေက ပြောပါတယ်။
“တရုတ်တွေ နိုင်ငံခြားသားတွေက သူတို့ တိုက်ဝင်းတွေထဲမှာပဲ ရှိနေတယ်။ တချို့ ကာစီနိုရုံတွေ ပိတ်တယ်၊ တရုတ်တွေ အပြင်ထွက်ခွင့် ပိတ်တယ်။ ဒေသခံတွေကတော့ စားသောက်ကုန်တွေ သယ်တာနဲ့ သွားလို့ လာလို့ ရတယ်။ သယ်လို့ ပို့လို့ ရတယ်” လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
ဒါ့အပြင် မြဝတီမြို့ဘက်မှာရှိနေတဲ့ တရုတ်ကာစီနို လောင်းကစားရုံ၊ အွန်လိုင်းငွေလိမ်လောင်းကစားရုံတွေ ရှိနေတဲ့ အမှတ် ၅ ရပ်ကွက် ဝါးတော၊ BGF ကင်းစခန်း ၁ဝ၊ ၁၂ ၊ ၁၃ ဂိတ် နဲ့ အမှတ်၂ရပ်ကွက် ကြံခင်း၊ ကျွန်းတော၊ ၆ ဂိတ်၊ BGF ၉၉၉ ကာစီနိုဂိတ်တွေဘက်မှာ BGF တပ်က လုံခြုံရေးတိုးမြှင့်ချထား စစ်ဆေးတာ၊ စစ်ယာဉ်တန်းနဲ့ ရပ်ကွက်လမ်းမတွေမှာ ကင်းလှည့်နေတာမျိုး ရှိနေတယ်လို့ မြဝတီမြို့က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။
အခုလို သွားလာခွင့် တစ်လပိတ်ပင်ထားတာနဲ့ ပတ်သက်လို့ ကရင်ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းကျော်သူ နဲ့ BGF အမှတ် ၃ တပ်နယ် မြဝတီမြို့ လုံခြုံရေးတာဝန်ရှိသူ ဗိုလ်တင်ဝင်း တို့ကို တယ်လီဖုန်း ဆက်သွယ်မေးမြန်းပေမဲ့ ဖုန်းလက်ခံမဖြေဆိုပါဘူး။
ဒါ့အပြင် ရွှေကုက္ကိုမြို့သစ်က ရထိုက် တရုတ်ကုမ္ပဏီနဲ့ အမှတ် ၃ တပ်နယ် BGF နယ်ခြားစောင့်တပ် လုံခြုရေးတာဝန်ရှိသူ စောဖဟဲ နဲ့ သူ့ရဲ့ ရုံးအဖွဲ့ကို အဲ့ဒီကအခြေအနေတွေနဲ့ ပတ်သက်ပြီး သိရဖို့ RFA က ဆက်လက် ကြိုးစားနေပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလနဲ့ အခုနိုဝင်ဘာလထဲမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်း ဝ နယ် နဲ့ ကိုးကန့် ဒေသ ဘက်မှာ တရုတ်လောင်းကစားရုံနဲ့ ကျားဖျန့်ငွေလိမ်ဂိုဏ်းတွေကို ဖမ်းဆီးနေပြီး တရုတ်နိုင်ငံဘက် ပြန်ပို့လွှဲအပ်တာတွေ လုပ်နေပါတယ်။
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်က မြဝတီမြို့ နဲ့ ရွှေကုက္ကိုမြို့ သစ်၊ မယ်ထော် သလေး KK park၊ အင်ကြင်းမြိုင် ၊ကျောက်ခက်ဘက်က တရုတ်ကာစီနိုလောင်းကစားရုံလုပ်ငန်းတွေကတော့ ဆက်ပြီးလုပ်ကိုင်နေဆဲပဲလို့ အဲ့ဒီလုပ်ငန်းတွေမှာ လက်ရှိ အလုပ်လုပ်ကိုင်နေသူ သုံးဦးထက်မနည်းကို RFA က ဆက်သွယ်မေးမြန်းချက်တွေအရ သိရပါတယ်။