ရှမ်းပြည်နယ်က ဒုက္ခသည် ငါးသောင်းကျော် နေရပ်မပြန်နိုင်ဘဲ ခက်ခဲနေ

မြန်မာနိုင်ငံရဲ့ အကြီးဆုံးပြည်နယ်ဖြစ်တဲ့ ရှမ်းပြည်နယ်မှာ လက်နက်ကိုင်အဖွဲ့တွေ များတာ ကြောင့် ပြည်နယ်မြောက်ပိုင်းက မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်၊ သိန္နီ၊ နမ့်ခမ်း၊ မန့်ဝိန်းကြီး စတဲ့ ဒေသတွေမှာ ဒုက္ခသည်စခန်းပေါင်း ၃၀ နီးပါးရှိပြီး လူဦးရေ သုံးသောင်းဝန်းကျင် ဒီကနေ့ထိ ၁၀ နှစ်ကျော် ခိုလှုံနေကြတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
အာဏာသိမ်းပြီးနောက်မှာတော့ ကယားပြည်နယ်က မြို့ပြတိုက်ပွဲတွေကြောင့် လွိုင်ကော်၊ ဒီးမော့ဆိုနဲ့ ဖရူဆိုဒေသက ကရင်နီဒုက္ခသည် နှစ်သောင်းကနေ လေးသောင်းကြားအထိ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်၊ ပင်လောင်း၊ မိုးဗြဲနဲ့ ဖယ်ခုံမြို့နယ်တွေမှာ ယာယီခိုလှုံနေ ကြတယ်လို့ ကရင်နီ အရပ်ဘက်အဖွဲ့အစည်းတွေက ပြောပါတယ်။
ရှမ်းပြည်နယ်ထဲက ဒုက္ခသည်စခန်းအားလုံးကို လာမယ့် အောက်တိုဘာလကုန်မှာ အပြီးပိတ်သိမ်းဖို့ရှိတာကြောင့် အဲဒီဒုက္ခသည်အားလုံး နေရပ်ပြန်ကြဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အခုလဆန်းပိုင်းကတည်းက ညွှန်ကြားလာတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။
"လွိုင်ကော်နဲ့ ဒီးမော့ဆိုလမ်းဆို လုံးဝပြန်လို့မှ မရသေးတာ။ ပိတ်နေသေးတယ်လေ ဘယ်လိုပြန်ကြမလဲ”
နေရပ်ပြန်ရေးအတွက် ထွေအုပ်တာဝန်ရှိသူတွေက သုံးကြိမ်လောက် ခေါ်တွေ့ခဲ့ပြီး အခု တတိယအကြိမ်မှာတော့ ရှေ့လထဲမှာတင် အပြီးပြောင်းရွှေ့ဖို့ ဖိအားပေးခဲ့တယ်လို့ နမ္မတူ ကချင်ဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောပါ တယ်။
“အခုတတိယအကြိမ်ကတော့ ကျမတို့ကိုပြောတာက အောက်တိုဘာလကို မဖြစ်မနေ ရွှေ့ပြောင်းရမယ်ဆိုတဲ့ဟာကို ကျမတို့ကို တတိယအကြိမ် ပြန်ကျလာတာပေါ့။ ကျမတို့ ပြင်ဆင်ရမယ့်အချိန်နည်းတော့ ကိုယ့်ကိုယ်ကိုယ် စီရင်ချင်စိတ်တောင် ရှိလာတာပေါ့။ ကလေးတွေရဲ့ရှေ့ရေး ပညာရေးတွေလည်း ကိုယ့်ရွာကိုပြန်မယ်ဆိုရင် တချို့တွေက ကျောင်းထွက်ရမယ့်အဆင့်တောင် ရောက်လာပြီ။ ကျမတို့ရွာလည်း တိုက်ပွဲဆိုတာတော့ ကြိုမပြောနိုင်ဘူးပေါ့နော်၊ လက်နက်ကိုင်အဖွဲ့အစည်းက လေးမျိုးရှိတယ်။ အမြဲတမ်း သွားသွားလာလာ လုပ်နေတော့ ကျမတို့အတွက်တော့ လုံခြုံမှုဆိုတာ ဘယ်တော့မှ မရှိဘူး”
မိသားစုမရှိဘဲ ဒုက္ခသည်စခန်းမှာ တစ်ယောက်တည်းနေထိုင်ရတဲ့ သက်ကြီးရွယ်အိုအများစု နေရာထိုင်ခင်းနဲ့ စားသောက်ရေးမှာ ပိုပြီးအခက်အခဲဖြစ်ရတယ်လို့ သူက ဆိုပါတယ်။
နမ္မတူမြို့နယ်က ဒုက္ခသည်တွေဟာ စစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့အကြား ၂၀၁၂ ခုနှစ်ကဖြစ်ခဲ့တဲ့ တိုက်ပွဲတွေနဲ့ တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့အကြား ၂၀၁၆ ကဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့နယ် နမ့်ပိုင်း၊ ကျပိန်း၊ ပန်ယုံ စတဲ့ ကျေးရွာတွေကနေ ထွက်ပြေးလာကြတာပါ။ အများစုဟာ ရှမ်း၊ ကချင်နဲ့ လီဆူ တိုင်းရင်းသားတွေဖြစ်ပြီး လူမျိုးစုအလိုက် ဒုက္ခသည်စခန်း သုံးခုခွဲပြီး နေထိုင်ကြပါတယ်။ အဲဒီစခန်း သုံးခုမှာ အိမ်ထောင်စု ၁၁၄ စုနဲ့ လူဦးရေ ငါးရာကျော် ရှိပါတယ်။
ကွတ်ခိုင် KBC ဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ ဒေါ်ချယ်ရီကလည်း ဇာတိရွာကို ပြန်လို့မရတဲ့ အတွက် နီးစပ်ရာမှာ မြေကွက်ဝယ်ပြီး နေထိုင်ဖို့ဆိုတာ ငွေကြေးလည်း မလုံလောက်လို့ အတော်ခက်ခဲတယ်လို့ RFA ကို ပြောပါတယ်။
“အခုလောလောဆယ် ငွေကြေးပိုင်းဆိုင်ရာ အများကြီး အခက်အခဲရှိတဲ့အတွက်ကြောင့် ကျမတို့ မြေကွက်အတွက် ဖြေရှင်းဖို့ခက်နေသေးလို့ ကျမတို့ မပြောင်းနိုင်သေးတာ ဟုတ်တယ်။ လွန်ခဲ့တဲ့ ကိုဗစ်ကြောင့်လည်း အများကြီးခက်ခဲမှုတွေ ဖြစ်ခဲ့တာပေါ့နော်။ အဲကနေ ဆက်တိုက် နိုင်ငံရေးတွေ ရှုပ်ထွေးလာတဲ့အခါမှာ သွားရေးလာရေးမှာ မလုံခြုံ တော့ဘူး။ အလုပ်အကိုင်တွေလည်း နဂိုကထက် ပိုပြီးမရှိဘူး။ ပြီးတော့ ကုန်ဈေးနှုန်းတွေ လည်း မြင့်တက်နေတယ်။ လွယ်လွယ်ကူကူနဲ့ ပြောင်းရွှေ့ဖို့ဆိုတဲ့နေရာမှာ ပြောရင်တော့ လွယ်တာပေါ့လေ မြန်မြန်ပြောင်းရွှေ့ပါ။ IDP မှာ ကြုံတွေ့နေရတာက အခက်အခဲကို ဖြေရှင်းနေရတဲ့နေရာမှာ စားဝတ်နေရေးအဓိက ခက်ခဲမှုတွေ ရှိနေတယ်။ ဝင်ငွေလုံးဝ မရှိနေတဲ့အချိန်မှာ ဘယ်လိုလုပ်မှာလဲပေါ့နော်”
အရင်က မုံးစီးရွာမှာ တိုက်ပွဲဖြစ်တာကြောင့် ကွတ်ခိုင်မြို့ပေါ်မှာ ကာလကြာရှည်ခိုလှုံပြီးမှ ရွာကိုပြန်သွားခဲ့တဲ့ ဒုက္ခသည်တွေဆိုရင် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ထောက်ပံ့မှု ဆက်မရတော့တာကြောင့် အခု စားသောက်ရေး အခက်ခဲဖြစ်နေတယ်လို့လည်း မုံးစီး ကျေးရွာ အနီးက ဒုက္ခသည်စခန်းမှာ အခုချိန်ထိ ခိုလှုံနေရတဲ့ ဒုက္ခသည် ဒေါ်ဂျုံးဆေးက ပြောပါတယ်။
“အရင်တုန်းက ရွာဟောင်းမှာ တဲထိုးပြီး အိမ်ဟောင်းကိုပဲ လာလုပ်ထားတယ်ဆိုတော့ လေတိုက်ရင်လည်း ယိမ်းယိုင်တယ်။ မိုးရွာရင်လည်း သွပ်တွေက မိုးယိုတော့ ကျမတို့မှာ အခက်အခဲတွေ အများကြီး ကြုံတွေ့ရပါတယ်။ နောက်ပြီး ဒီ ၂၀၂၂ ခုနှစ်မှာ ဇန်နဝါရီလ ကနေ ဇွန်လအထိ ကျမတို့ကို ရိက္ခာထောက်ပံ့တာပေါ့၊ နောက်ပိုင်းကျတော့ သူတို့က ရိက္ခာပြန်ဖြတ်တောက်မယ်ပေါ့၊ တခြားအစီအစဉ်တွေရှိတယ်လို့ပြောတော့ ကျမတို့ ရိက္ခာမရတာ နှစ်လကျော်လာပြီပေါ့။ တကယ့်လုပ်စားမယ့်အချိန်မှ ရိက္ခာတွေလည်း ဘာတွေလည်း မရဘူးဆိုတော့ ကျမတို့က စားဝတ်နေရေး တအားခက်ခဲနေကြပါတယ်”
မုံးစီးရွာက ဒုက္ခသည်တွေဟာ ကွတ်ခိုင်မြို့ပေါ်မှာ နှစ်နဲ့ချီ စစ်ဘေးတိမ်းရှောင်နေကြတာ ဖြစ်ပြီး လက်ရှိမှာ သူတို့ဇာတိရွာအနီးမှာပဲ ပြန်လည်အခြေချနေထိုင်ဖို့ ကြိုးစားနေပါတယ်။
ICRC လို နိုင်ငံတကာအဖွဲ့အစည်းတွေက သူတို့အတွက် စိုက်ပျိုးမျိုးစေ့တွေကို ဖြန့်ဝေပေး ထားပေမယ့် စိုက်ပျိုးသီးနှံတွေမပေါ်ခင် လတ်တလောမှာ စားဝတ်နေရေး အတော်ခက်ခဲ တယ်လို့ ဒေါ်ဂျုံဆေးက ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်နဲ့ ပင်လောင်းမြို့နယ်တွေမှာ ခိုလှုံနေတဲ့ ကရင်နီဒုက္ခသည် တွေကိုလည်း စစ်ကောင်စီရဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက နေရပ်ပြန်ဖို့ ညွှန့်ကြား လာတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။
လက်ရှိ ကယားပြည်နယ်မှာ တိုက်ပွဲတွေပြင်းထန်နေဆဲမို့ ဘယ်လိုမှ နေရပ်ပြန်လို့ မရသေး ဘူးလို့ ဆီဆိုင်မြို့က ဒုက္ခသည်အရေးကူညီပေးနေသူ ကိုခွန်ကျော်ဆွေက ပြောပါတယ်။
“သူတို့ထုတ်ထားတာတော့ ရှမ်းပြည်နယ်တောင်ပိုင်းတစ်ခုလုံး ထုတ်ထားတာတော့ ပင်လောင်းတို့၊ ညောင်ရွှေ၊ ရွာငံတို့၊ ဆီဆိုင်တို့ အကုန်လုံးပါတယ် စာထွက်လာတာ။ ဆီဆိုင်မှာတော့ ပြန်ခိုင်းတာ မရှိသေးဘူး။ ပြန်စဉ်းစားပေးတယ်တော့ ပြောတယ်။ ပြန်လို့လည်း မရသေးတဲ့ အနေအထားတစ်ခု ဖြစ်သေးတာကိုဗျ။ ဒီးမော့ဆိုဆိုရင် ဖြစ်နေသေးတာ။ ဖရူဆိုတို့ဆိုရင် ဖြစ်နေသေးတာ။ ဥပမာ လွိုင်ကော်နဲ့ ဒီးမော့ဆိုလမ်း ဆို လုံးဝပြန်လို့မှ မရသေးတာ။ ပိတ်နေသေးတယ်လေ ဘယ်လိုပြန်ကြမလဲ”

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်၊ ပင်လောင်း၊ ဖယ်ခုံနဲ့ မိုးဗြဲမှာ လာရောက်ခိုလှုံနေသူတွေ ဟာ ကယားပြည်နယ် လွိုင်ကော်၊ ဒီးမော့ဆိုနဲ့ ဖရူးဆိုဒေသက အများဆုံးဖြစ်ပြီး လူဦးရေ နှစ်သောင်းကနေ လေးသောင်းကြားအထိရှိတယ်လို့ ဒုက္ခသည်အရေး ကူညီပေးနေသူတွေ က ပြောပါတယ်။ ဒုက္ခသည်တွေဟာ နေရာပေါင်းစုံမှာ ပြန့်ကျဲနေတာကြောင့် စားရင်းအတိ အကျရဖို့တော့ ခက်ခဲတယ်လို့ ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦခွန်သိန်းမောင်ကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။
ပြီးခဲ့တဲ့ သြဂုတ်လအတွင်း မေးမြန်းရာမှာတော့ ရှမ်းပြည်နယ်က ဒုက္ခသည်စခန်းတွေကို အချိန်ကာလနဲ့ အနေအထားအရ ပိတ်သိမ်းဖို့ ဆောင်ရွက်ရတာလို့ ပြောခဲ့ဖူးပါတယ်။ နေရပ်ပြန်မယ့် ဒုက္ခသည်တချို့အတွက် ရွာသစ်တည်ပေးနေပေမယ့် လုံလောက်မှုတော့ မရှိသေးဘူးလို့လည်း သူက ဆိုပါတယ်။
နေရပ်ပြန်မယ့်သူတွေကို အကူအညီပေးရေး အခြေအနေနဲ့ ပတ်သက်လို့ ရှမ်းပြည်နယ် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးရုံး တာဝန်ရှိသူတွေကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။
ဒုက္ခသည်တွေကတော့ သူတို့ဒေသတွေမှာ နယ်မြေ မလုံခြုံတာ၊ မိုင်းရှင်းလင်းရေးလုပ်ငန်း တွေ မပြီးသေးတာအပြင် ကလေးတွေ ပညာရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ အဆင်သင့် မဖြစ်သေးလို့ နေရပ်ပြန်မယ့် အချိန်ကာလကို ထပ်တိုးပေးဖို့ တောင်းဆိုနေကြ ပါတယ်။