ပြန်လည်ကျင်းပမယ့် ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အပေါ် အမြင်များ


2019.07.15
rcss-nrpc-jul11-622.jpg NRPC နဲ့ က တာဝန်ရှိသူတွေ ၂ဝ၁၉၊ ဇူလိုင် ၁၁ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံစဉ်
ဓါတ်ပုံ - သီဟထွန်း/ RFA

ရှမ်းပြည်နယ်မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပဖို့ လမ်းပွင့်သွားပြီဖြစ်ပြီး မကျင်းပရသေးတဲ့ ဆွေးနွေးပွဲတွေကို ကျင်းပဖို့သဘောတူညီခဲ့တယ်လို့ အခုလ ၁၁ ရက်နေ့က နေပြည်တော်မှာ NRPC နဲ့ RCSS က တာဝန်ရှိသူတွေ တွေ့ဆုံပြီးနောက် RCSS ကိုယ်စားလှယ်တွေက သတင်းမီဒီယာတွေကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ အသေးစိတ်ကိုတော့ ပြန်လည်ညှိနှိုင်းဖို့တွေ ရှိသေးတာကြောင့် ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။

ဒီလိုသဘောတူညီချက်ရတဲ့အပေါ် ကောင်းတဲ့ လက္ခဏာအဖြစ် ကြိုဆိုကြပါတယ်။

ရှမ်းအမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲကတဆင့် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရရှိရေး ကိစ္စတွေကို ၂၁ ပင်လုံအစည်းအဝေးထံ တင်ပြနိုင်လိမ့်မယ်လို့ မြင်ကြောင်း RCSS ရဲ့အကြံပေး ဦးခွန်စိုင်းက ပြောပါတယ်။

တကယ်တော့ အဓိက တစ်ဆို့သွားတာ ဘာလဲဆိုတော့ ပြည်နယ်အခြေခံဥပဒေကိစ္စ ဖြစ်ပါတယ်

"ဒီဥစ္စာ အင်မတန်ကောင်းတယ်။ အချင်းချင်း ယုံကြည်စိတ်ချမှု ရှိလာလို့ရှိရင် ပိုပြီးတော့ တိုးတက်လိမ့်မယ်လို့ ကျနော် ထင်ပါတယ်။ ၂၀၁၇ မှာ တစ်ဆို့ပြီး ကျန်ခဲ့တဲ့အရာ အများက တော့ ခွဲမထွက်ရေး၊ တစ်ခုတည်းသော တပ်မတော်တို့ အဲလိုတွေပဲ တွေ့တာကိုး။ တကယ်တော့ အဓိက တစ်ဆို့ သွားတာ ဘာလဲဆိုတော့ ပြည်နယ်အခြေခံဥပဒေကိစ္စ ဖြစ်ပါတယ်။ ဒီလိုမျိုး ပြည်နယ်အခြေခံဥပဒေလိုမျိုးကို ဆွေးနွေးနိုင်လိမ့်မယ်။ သဘောတူနိုင်လိမ့်မယ် ကျနော်မျှော်လင့်ပါတယ်"

ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပဖို့ ၂၀၁၇ ဒီဇင်ဘာကတည်းက RCSS ဦးဆောင်ပြီး ရှမ်းပါတီတွေနဲ့ အရပ်ဖက်အဖွဲ့တွေက အကြိုလူထုတေ့ွဆုံပွဲတွေ ကျင်းပခဲ့ပေမယ့် ရှမ်းတိုင်းရင်းသားတွေဘက်က လုပ်ချင်တဲ့နေရာနဲ့ အစိုးရက ခွင့်ပြုတဲ့နေရာ ထပ်တူမကျလို့ ပျက်ခဲ့တာ ဖြစ်ပါတယ်။

ရှမ်းတိုင်းရင်းသားတွေက အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို တောင်ကြီးမှာ ကျင်းပဖို့ ဆန္ဒရှိပြီး ပွဲကြီး မကျင်းပခင် အကြိုညှိနှိုင်းဆွေးနွေးပွဲတွေကို ရှမ်းတိုင်းရင်းသားတွေ အများအပြားနေထိုင်တဲ့ မြို့နယ်တိုင်းမှာ ကျင်းပဖို့ ဆုံးဖြတ်ထားတာပါ။

အစိုးရနဲ့ တပ်မတော်ဘက်ကတော့ ရှမ်းပြည်နယ် လင်းခေးမြို့မှာသာ အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲကို တစ်ကြိမ်တည်း ကျင်းပဖို့ သတ်မှတ်ပေးခဲ့တာပါ။

ဒါကြောင့် ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှာ တိုင်းရင်းသားတွေဘက်က လားရှိုး၊ တာချီလိတ်နဲ့ ပင်လုံမြို့တွေမှာ ကျင်းပခဲ့တဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအကြို လူထုတွေ့ဆုံပွဲတွေကို တပ်မတော်ဘက်က ဝင်ရောက်တားမြစ်တာတွေရှိခဲ့ပြီးနောက် အမျိုးသားအဆင့်ဆွေးနွေးပွဲ ကျင်းပ ရေးလည်း ရပ်နားထားခဲ့တာ ဒီနေ့အထိပါပဲ။

အခု ဆွေးနွေးပွဲတွေ ပြန်စနိုင်ဖို့ NRPC နဲ့ တိုင်းရင်းသားတွေဘက်က ဦးဆောင်လုပ်မယ့် RCSS တို့ သဘောတူလိုက်ကြပြီလို့ ပြောပေမယ့် ကျင်းပမယ့်နေရာနဲ့ပတ်သက်လို့ သဘောတူညီချက် ရပြီလား ဆိုတာကိုတော့ နှစ်ဖက်လုံးက ထုတ်မပြောကြပါဘူး။

ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဖြစ်မြောက်ရေး သဘောတူညီခဲ့တာတွေရှိပြီး ဒါတွေကို RCSS က ဗဟိုကော်မတီအစည်းအဝေးကို တင်ပြပြီးအကြောင်းပြန်ဖို့ရှိတယ်လို့  ငြိမ်းချမ်းရေး ကော်မရှင် အဖွဲ့ဝင် ဦးလှမောင်ရွှေက အခုလို ရှင်းပြပါတယ်။

အစိုးရငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးလှမောင်ရွှေကို တွေ့ရစဉ်"နှစ်ဘက်ကြားမှာ ကျနော်တို့ အခက်အခဲတွေရှိခဲ့ပေမယ့် အခု ဆွေးနွေးပွဲမှာတော့ နှစ်ဘက်ကျနော်တို့ ဆွေးနွေးခဲ့တာတွေ ရှိတဲ့အတွက် အဲဒီညှိနှိုင်းပြောဆိုခဲ့တာကို RCSS ကလည်း သူတို့ ဗဟိုကော်မတီမှာ ဆွေးနွေးပြီး ဆက်လက်ဆောင်ရွက်နိုင်မယ့် သဘောပါ။ ကော်မတီမှာ ဆွေးနွေးပြီးမှ ပြန်အကြောင်း ပြန်မယ်။ ဒါပေမဲ့ ယေဘုယျအားဖြင့်တော့ နှစ်ဘက်သဘောထားတွေက တူညီတယ်ဆိုတဲ့ သဘောပါ"

သြဂုတ်လ ဒုတိယအပတ်လောက်မှာ အပစ်ရပ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ NRPC တို့ ပြန်လည်တွေ့ဆုံကြဖို့ရှိပြီး အဲ့ဒီအချိန်မှာ RCSS ဘက်က အတည်ပြုပြီးရင် ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပမယ့်နေရာနဲ့ အချိန်တွေကို အများသိအောင် ထုတ်ပြန်ပြောနိုင်မှာ ဖြစ်တယ်လို့လည်း ဦးလှမောင်ရွှေက ပြောပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD က ဦးစိုင်းကျော်ညွန့်က အခုနောက်ဆုံး RCSS နဲ့ NRPC ရဲ့ ညှိနှိုင်းထားချက်ကို သူတို့မသိရသေးကြောင်းနဲ့ သူတို့ပါတီရဲ့ ရပ်တည်ချက်ကို အခုလိုပြောပါတယ်။

"RCSS သူတို့ဘာသူတို့ ပြောတဲ့သဘောပဲ ဖြစ်တယ်။ ကျနော်တို့ အားလုံးနဲ့ တိုင်ပင်ထားတဲ့ ကိစ္စတော့ ဟုတ်မနေဘူး။ ဒါက ကျနော်တို့ဆီမှာရှိတဲ့ သဘောတူညီချက်ကတော့ ခါတိုင်းဆုံးဖြတ်ချက်ချထားတဲ့ အတိုင်းပဲ ဖြစ်တယ်။ လင်းခေးမှာ လုပ်ဖို့ အစီစဉ်မရှိဘူး။ တောင်ကြီးမှာလုပ်မယ်။ အကြိုဆွေးနွေးပွဲတွေ ပြီးအောင် လုပ်မယ်။ အဲဒါမှမဟုတ်ရင် မလုပ်ဘူးဆိုတာ အရင်ဆုံးဖြတ်ချက်ဖြစ်တယ်။ ကျနော်တို့က အဲဒီပေါ်မှာပဲ ရှိနေသေးတယ်။ အခုစေ့စပ်ညှိနှိုင်းလာတဲ့အထဲမှာ ကျနော်တို့လည်း ပါဝင်လာတာ မဟုတ် လို့ ကျနော်တို့လည်း ဘာမှပြောစရာမရှိသေးဘူး"

ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပရေးကို အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ RCSS က ဦးဆောင်ပြီး ရှမ်းနိုင်ငံရေးပါတီတွေ၊ အရပ်ဖက်အဖွဲ့တွေနဲ့ပူးပေါင်းပြီး ဒေသခံတွေရဲ့ သဘောထား ရယူရမှာ ဖြစ်ပါတယ်။

လက်မှတ်မထိုးရသေးတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ကတော့ ဘယ်လိုပုံစံနဲ့ ပါဝင်နိုင်မလဲ ဆိုတာ အတိအကျ မသိရသေးပါဘူး။

SNLD ပါတီရဲ့ တွဲဖက်အတွင်းရေးမှူး ဦးစိုင်းလိတ်က ရှမ်းအမျိုးသားအဆင့်ဆွေးနွေးပွဲဟာ ရှမ်းတစ်မျိုးသားလုံးကို ကိုယ်စားမပြုနိုင်မှာကို စိုးရိမ်တယ်လို့ ပြောပါတယ်။

SNLD တွဲဖက်အတွင်းရေးမှူး ဦးစိုင်းလိတ်"တကယ်လိုများ RCSS နဲ့ NRPC သို့တည်းမဟုတ် တပ်မတော်နဲ့ သဘောတူညီချက်ရလို့ လုပ်မယ်ဆိုရင်တော့ ဖြစ်သွားမှာပေါ့ဗျာ။ ဒါပေမဲ့ တစ်မျိုးသားလုံးကို ကိုယ်စားပြုနိုင်မလားဆိုတဲ့ မေးခွန်း ကတော့ ရှိနေတာပေါ့။ ရှမ်းတစ်မျိုးသားလုံးကို ကိုယ်စားပြုနိုင်ဖို့ ဆိုတာကတော့ SSPP လို လက်နက်ကိုင်အဖွဲ့ ပါဝင်ဖို့ လိုတာပေါ့ နော်။ နောက်တစ်ခါ မိုင်းလားလိုဟာမျိုးပေါ့။ အဲတော့ နိုင်ငံရေး ပါတီကလည်း ပါဝင်မှုအနေအထားမှာ ဘယ်လောက်ထိ ဆွေးနွေး နိုင်ခွင့်ရှိမလဲဆိုတာကတော့ ကျယ် ကျယ်ပြန့်ပြန့် ချပြဖို့လိုအပ် တယ်။ အကန့်အသတ်တွေ ကြိုတင်သတ်မှတ်ချက်တွေ ရှိရင် အဆင်ပြေချောမွေ့နိုင်မှာ မဟုတ်ဘူးလေ"

RCSS နဲ့ NRPC ရဲ့ နောက်ဆုံးညှိနှိုင်းချက်ကို ကျားခေါင်းလို့ခေါ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီအပြင် ကျားဖြူလို့ ခေါ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDP အနေနဲ့လည်း မသိရသေးဘူးလို့ ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း ကပြောပါတယ်။

ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပမယ်ဆိုရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ထည့်သွင်းဆွေးနွေးကြမှာ ဖြစ်တယ်လို့ ဦးစိုင်းအိုက်ပေါင်း ကပြောပါတယ်။

"ဒါ အဓိက ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ပဲလေ။ ၂၁ ရာစုပင်လုံမှာလည်း ပြည်ထောင်စု သဘောတူညီချက် ၅၁ ချက် ရထားပြီးပြီလေ။ အဓိကက ဒါပဲ။ အခြေခံဥပဒေကို ပြင်ဆင်ဖို့ပဲ။ အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲဆိုတာ ဒီ အခြေခံဥပဒေမှာ ဘာတွေ ဘာတွေ ပြင်ချင်လဲဆိုတာ တိုင်းရင်းသား တွေက သူ့ဆန္ဒသဘောထား တွေကို တင်ပြမှာပေါ့နော်"

ဒီနှစ်ကုန်ပိုင်း ဒါမှမဟုတ် လာမယ့် ၂၀၂၀ ဇန်နဝါရီလအတွင်းမှာ စတုတ္ထအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပဖို့ လျာထားချက်ရှိပြီး အဲဒီညီလာခံမတိုင်ခင် ရှမ်းအမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲကျင်းပနိုင်ရေးအတွက် RCSS နဲ့ NRPC တို့ရဲ့ အလွတ်သဘောတွေ့ဆုံပွဲမှာ ညှိနှိုင်းထားတာ ဖြစ်ပါတယ်ရှင်။

(RFA သတင်းထောက် မဝေမာထွန်း ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။