တအာင်းအမျိုးသားပါတီဥက္ကဋ္ဌမိသားစု သတ်ဖြတ်ခံရမှု အရပ်ဘက်အဖွဲ့တွေ ရှုတ်ချ

ရှမ်းပြည်နယ် တောင်ပိုင်းမှာ အချိန်နှစ်လကြာ ပျောက်ဆုံးနေတဲ့ မိုင်းကိုင်မြို့နယ် တအာင်းအမျိုးသားပါတီ ဥက္ကဋ္ဌ မိုင်းနုမ်ဟန်နဲ့ ဇနီးဖြစ်သူ လွေးအေးခ၊ ခုနစ်လသားအရွယ် သမီး ဖြစ်သူ လွေးပိုဆိုင် တို့ရဲ့ ရုပ်အလောင်းတွေကို မတ်လ ၁၀ ရက်နေ့က တုံလောကျေးရွာ အုပ်စု ပန်ပွဲရွာအနီးက ကျင်းတစ်ခုမှာ ဒေသခံတွေ တွေ့ခဲ့ကြပါတယ်။
သူတို့မိသားစုသုံးဦးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့က မိုင်းကိုင်မြို့နယ် မတ်ချီးနုတ် ရွာက မိခင်ဖြစ်သူ နာရေးကနေ မိုင်းကိုင်မြို့ပေါ်ကိုအပြန် တုံလောရွာအထွက်က RCSS စစ်ဆေးရေးစခန်းအနီးမှာ ပျောက်ဆုံးသွားခဲ့တာပါ။
အချိန်နှစ်လကြာ သတင်းအစနမရဘဲ ပျောက်ဆုံးနေရာကနေ မတ်လ ၁၀ ရက်နေ့မှာ ရုပ်အလောင်းတွေကို ပြန်တွေ့ခဲ့ကြတာလို့ မိုင်းကိုင်မြို့ တအာင်းပါတီရဲ့ မြို့နယ်ကော်မတီ ဝင် မိုင်းအောင်ခမ်းက ပြောပါတယ်။
“စည်းရုံးရေးဆင်းတဲ့အချိန် ဝတ်တဲ့ အထည်ရယ်၊ နောက်အထဲက တီရှပ်ရယ် သူ့ရဲ့ ဘောင်းဘီကအစ ဖိနပ်ကအစ အကုန်တူတယ်။ အဲဒီကျင်းကနေ နည်းနည်းထပ်ဆင်းရင် လှိုဏ်ခေါင်းတွေ့လို့ ထပ်ဆင်းတော့ နောက်ထပ် အလောင်းတစ်လောင်းတွေ့လို့ ထပ်ဆွဲ ထုတ်တယ်။ ထပ်ဆွဲထုတ်ပြီး အပေါ်ရောက်မှ ပြန်ဖြန့်ကြည့် တော့မှ သူ့ရဲ့ အမျိုးသမီး ဖြစ်နေတာ။ သူ့ရဲ့ ကလေး ဦးထုပ်ကိုလည်း တွေ့တယ်။ သူ့အမျိုးသမီးက သူ့ရဲ့ကလေး ကို ကျောပိုးထားနေဆဲပေါ့နော် သူသေတဲ့အချိန်ကပေါ့”
မိုင်းနုမ်ဟန် မိသားစုပျောက်သွားတဲ့ တုံလောရွာနဲ့ အနီးတစ်ဝိုက်ရွာတွေမှာ လိုက်လံစုံစမ်း တဲ့အခါ ပန်ပွဲရွာအနီး တောင်ယာလုပ်နေသူတစ်ဦးက ညအချိန် ကလေးငိုသံကြားလို့ ထွက်ကြည့်ချိန် RCSS တပ်ဖွဲ့က အမျိုးသား တစ်ဦး၊ အမျိုးသမီးတစ်ဦးနဲ့ ကလေးငယ် တစ်ဦးကို ဖမ်းဆီးသွားတာတွေ့ခဲ့ရပြီး သေနတ်သံပါကြားရကြောင်း ပြောဆိုတဲ့အတွက် ထပ်ပြီးရှာဖွေတဲ့အခါ အခုလို ရုပ်အလောင်းတွေ တွေ့ခဲ့တာလို့ မိုင်းအောင်ခမ်းက ပြောပါ တယ်။
မိုင်းနုမ်ဟန်တို့ မိသားစု အလောင်းနားမှာ သေနတ်ကျည်ခွံတွေကိုလည်း တွေ့ရပြီး ရုပ်အလောင်းတွေကိုတော့ ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့က အခမ်းအနားနဲ့ သင်္ဂြိုဟ် ခဲ့တယ်လို့လည်း မိုင်းအောင်ခမ်းက ပြောပါတယ်။
မိုင်းနုမ်ဟန်နဲ့ မိသားစု သေဆုံးခဲ့ရတဲ့ကိစ္စအတွက် တအာင်းကျောင်းသားနဲ့ လူငယ်အဖွဲ့၊ တအာင်းအမျိုးသမီး အဖွဲ့၊ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ၊ ရှမ်းပြည်နယ် ကျောင်းသားသမဂ္ဂကွန်ရက်နဲ့ အရပ်ဘက်အဖွဲ့ စည်း ၃၄ ခုက ကန့်ကွက်ရှုတ်ချကြောင်း အခုရက်ပိုင်းအတွင်း ထုတ်ပြန်ခဲ့ကြသလို တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့ကလည်း အခုလ ၁၂ ရက်နေ့က ဝမ်းနည်းကြောင်း သဝဏ်လွှာပေးခဲ့ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် တအာင်းအမျိုးသမီးအဖွဲ့ရဲ့ တွဲဖက်အတွင်းရေးမှူး(၁) လွေးပိုးလဘာ ကတော့ အခုလို လသားအရွယ် ကလေးငယ်နဲ့ မိခင်ဖြစ်သူကို နိုင်ငံရေး ဓားစာခံအဖြစ်လုပ်တဲ့ကိစ္စကို အပြင်းအထန် ရှုတ်ချတယ်လို့ ပြောပါတယ်။
“လသားအရွယ်ကလေးငယ်ကိုပေါ့နော် လူ့လောကကို ဘာမှ မသိသေးတဲ့ကလေးငယ်နဲ့ အဲအမျိုးသမီးကို သူတို့က နိုင်ငံရေး ဓားစာခံအဖြစ် ယူသုံးပြီး သတ်ဖြတ်တာက ဒါက စစ်ရာဇဝတ်မှုကို ကျူးလွန်တာလို့ ပြောလို့ရ တယ်။ နောက်တစ်ခုက ကြောက်စရာ ကောင်းတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုလို့လည်း မြင်တယ်ပေါ့နော်။ အဲလိုမျိုးတွေကို မလုပ်သင့်ဘဲနဲ့ ဖြစ်လာခဲ့ရင်တောင် သူတို့က ကာကွယ်ပေးရမယ့်တာဝန် သူတို့မှာ ရှိတယ်ပေါ့နော်။ ကျွန်မတို့က ရှုတ်ချတာပေါ့နော်။ သူတို့က နိုင်ငံတကာဥပဒေတွေမှာ လက်မှတ်ထိုးထားတဲ့ဟာတွေကို မလိုက်နာဘူးလို့လည်း ကျွန်မတို့က ပြောချင်ပါတယ်”
ဒီလို နိုင်ငံရေးပါတီအတွက် ဆောင်ရွက်နေတဲ့သူကို သတ်ဖြတ်တာဟာ လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်ကနေ သွေဖည်နေတယ်လို့ ရှမ်းပြည်မြောက်ပိုင်းဒေသအတွင်း လူ့အခွင့်အရေးနဲ့ တိုင်းရင်းသားအရေးဆိုင်ရာ ကိစ္စတွေမှာ လိုက်လံဆောင်ရွက်ပေးနေတဲ့ ရှမ်းလူငယ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုစိုင်းဟန်က ပြောပါတယ်။
"ပြည်သူကို ဘာမှကို မသိရှာသေးတဲ့ကလေး၊ ဖြူစင်တဲ့ကလေးကိုတောင် လုပ်ရက်တယ်"
ဒီလုပ်ရပ်ဟာ ဒေသအတွင်း တိုင်းရင်းသားအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမှာပါ ထိခိုက်စေလို့ အပြင်းအထန်ကန့်ကွက်တယ်လို့လည်း ကိုစိုင်းဟန်က ပြောပါတယ်။
“တော်တော်လေးကို ဆိုးဆိုးရွားရွားလို့ မြင်တယ်ဗျာ။ ဒီလိုမျိုးကြည့်ခြင်းအားဖြင့် လက်နက်ကိုင် တော်လှန်ရေး နဲ့က လုံးဝ မအပ်စပ်တော့ဘူး။ လက်နက်ကိုင် တော်လှန်ရေး လမ်းစဉ်အောက်မှာ နေပြီးတော့ ဒီလိုမျိုးအပြစ်မဲ့ ပြည်သူကို ဘာမှကို မသိရှာသေးတဲ့ကလေး၊ ဖြူစင်တဲ့ကလေးကိုတောင် လုပ်ရက်တယ်ဆိုတာ အဲဒီလုပ်တဲ့ သူတွေကော၊ လုပ်ခွင့်ပေးတဲ့သူတွေကော မေတ္တာတရားမရှိတော့ဘူးလားပေါ့။ ဟုတ်ဟုတ်၊ မဟုတ်ဟုတ် သတ်ပစ်တာဆို ကျွန်တော်တော့ လုံးဝ ရှုတ်ချတယ်။ ဘယ်အဖွဲ့အစည်းမဆို ဒီလိုမျိုးဖြစ်လာပြီဆို မည်သည့် လက်နက်ကိုင်မဆို၊ ဘယ် ပြည်သူမဆို ရှုတ်ချပိုင်ခွင့်ရှိတယ်။ ကန့်ကွက်ပိုင်ခွင့်ရှိတယ်။ ပြောကို ပြောရမှာ။ ရေငုံနှုတ်ပိတ်နေလို့ မရဘူးလေ”
မိုင်းနုမ်ဟန်မိသားစုကို RCSS တပ်ဖွဲ့က သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ ပြောဆိုချက်နဲ့ ပတ်သက် လို့ မေးမြန်းနိုင်ဖို့ RCSS ပြောခွင့်ရ ဗိုလ်မှူးခမ်းစံကို RFA က မတ်လ ၁၄ ရက်နေ့က အွန်လိုင်းကနေ ဆက်သွယ်မေးမြန်းခဲ့သလို မတ်လ ၁၅ ရက်ဒီနေ့ မှာလည်း ဖုန်းနဲ့ ထပ်မံ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
မိုင်းနုမ်ဟန်မိသားစု ပျောက်ဆုံးနေတာနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့က RCSS ကို မေးမြန်းခဲ့ ရာမှာတော့ မိုင်းကိုင်ဒေသမှာ RCSS နဲ့ SSPP ပူးပေါင်းအဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်နေပြီး နယ်မြေအခြေအနေ ရှုပ်ထွေးနေလို့ မိုင်းနုမ်ဟန်တို့ မိသားစု ပျောက် ဆုံးနေတဲ့ကိစ္စကို မသိရသေးဘူးလို့ ဗိုလ်မှူးခမ်းစံက RFA ကို ပြောခဲ့ပါတယ်။
RCSS ရဲ့ သတင်းဌာနတစ်ခုဖြစ်တဲ့ Tai Freedom ဖေ့စ်ဘွတ်ခ်မှာတော့ မိုင်းနုမ်ဟန် မိသားစုကို RCSS တပ်ဖွဲ့က သတ်ဖြတ်တယ်ဆိုတာဟာ သူတို့အဖွဲ့ကို စွပ်စွဲခြင်းသာ ဖြစ်တယ်လို့ မတ်လ ၁၄ ရက် မနေ့က ဖော်ပြထားပါ တယ်။ ဒီကိစ္စအတွက် တအာင်း (ပလောင်) ပါတီ ဗဟိုက RCSS တပ်ဖွဲ့ကို ဇန်နဝါရီလ ၂၄ ရက်နေ့မှာ စာရေးတောင်းဆို ခဲ့တဲ့အပေါ် အောက်ခြေမှာ စိစစ်ပြီး ဖမ်းဆီးထားတာမရှိကြောင်း အကြောင်းပြန်ကြား ထားပြီးဖြစ် တယ်လို့ ဖော်ပြထားပါတယ်။
တအာင်း အမျိုးသမီးအဖွဲ့ တွဲဖက်အတွင်းရေးမှူး လွေးပိုးလဘာကတော့ RCSS အနေနဲ့ ဒေသအတွင်းလူ့အခွင့်အရေး ချိုးဖောက်မှုတိုင်းကို ဘယ်တော့မှ ဝန်ခံလေ့မရှိဘဲ အောက် ခြေက လုပ်ဆောင်သမျှကို အထက်အရာရှိပိုင်းက အမြဲလို ဖုံးကွယ်ပေးနေတာကြောင့် မြေပြင်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပိုဖြစ်နေတယ်လို့ ပြောပါတယ်။
အသက် ၃၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မိုင်းနုမ်ဟန်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ကတည်းက မိုင်းကိုင်မြို့နယ် တအာင်း (ပလောင်) ပါတီ ဥက္ကဋ္ဌ တာဝန်ကို စတင်ထမ်းဆောင်ခဲ့တာပါ။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲကာလမှာ ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင်ကနေ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် အနိုင်မရခဲ့ပါဘူး။
၂၀၁၅ ရွေးကောက်ပွဲနဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ မိုင်းကိုင်မြို့ နယ်အတွင်း ဝင်ရောက် ယှဉ်ပြိုင်တဲ့ တအာင်း (ပလောင်) ပါတီအနေနဲ့ RCSS တပ်ဖွဲ့ရဲ့ ဖိအားမျိုးစုံကို ကြုံခဲ့ရပြီး ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်တွေ အဖမ်းခံရတာ၊ မိသားစုတွေ ဖိအားပေးခံခဲ့ရတာ တွေလည်းရှိခဲ့တယ်လို့ တအာင်း (ပလောင်) ပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။
မိုင်းနုမ်ဟန်မိသားစုကိစ္စအတွက် တရားမျှတမှုရဖို့ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်သလို ဘယ်လို ဆက်လက် ဆောင်ရွက်မယ်ဆိုတာကိုတော့ ဗဟိုကော်မတီ အစည်းအဝေးပြုလုပ် ဆုံးဖြတ်ပြီးမှ သတင်းထုတ်ပြန်ပေးသွားမယ်လို့ တအာင်း (ပလောင်) ပါတီ ဗဟိုအတွင်း ရေးမှူး ဦးမိုင်းအုဏ်ခိုင်က ပြောပါတယ်။
မိုင်းကိုင်မြို့ နယ်ဟာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တပ်ဖွဲ့တွေအဓိကလှုပ်ရှားရာ ဒေသဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်နောက်ပိုင်း မှာတော့ အစိုးရနဲ့ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA မှာ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ RCSS တပ်ဖွဲ့တွေပါ အဲဒီဒေသကို ထိန်းချုပ်လာပြီး SSPP နဲ့ စစ်ရေး တင်းမာမှုတွေ ရှိခဲ့တာပါ။ ဒီဒေသဟာ စစ်ကောင်စီရဲ့ ဒေသဆိုင်ရာအုပ်ချုပ်မှုတွေ ထိထိရောက်ရောက် မလုပ်ဆောင်နိုင်တဲ့ ဒေသလည်းဖြစ်ပါတယ်။
မိုင်းနုမ်ဟန်မိသားစု ပျောက်ဆုံးခဲ့တဲ့ ပြီးခဲ့တဲ့ဇန်နဝါရီလက မိုင်းကိုင်ဒေသမှာ RCSS နဲ့ SSPP မဟာမိတ်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး ဒေသခံ ထောင်နဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။