ရှမ်းနဲ့ကချင်က တကျော့ပြန် စစ်ပွဲပဋိပက္ခများ


2018.10.24
landmine-622.jpg မြေမြှုပ်မိုင်းတစ်လုံးကို တွေ့ရစဉ်
.

ရှမ်းပြည်နယ်နဲ့ ကချင်ဒေသဘက်တွေမှာ လက်နက်ကိုင်ပဋိပက္ခတွေ တစ်ကျော့ပြန်လည် ဖြစ်ပွားနေတာနဲ့အတူ မြေမြှုပ်မိုင်းတွေကြောင့် အပြစ်မဲ့ပြည်သူတွေမှာ ထိခိုက်ဒဏ်ရာရတာတွေ တစ်နေ့ထက် တစ်နေ့ ပိုမိုများပြား လာနေပါတယ်။

ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး RFA သတင်းထောက် မသက်စုအောင် က တင်ပြထားပါတယ်။

ရှမ်းမြောက်ဒေသတွေနဲ့ ကချင်ဒေသတွေမှာ တိုက်ပွဲတွေဖြစ်ပွားနေသလို တိုက်ပွဲတွေမှာ အသုံးပြုတဲ့ မြေမြှုပ် မိုင်းတွေကြောင့် ဒေသခံ ပြည်သူတွေ ဆက်တိုက်ဆိုသလို ဒီလထဲမှာ ထိခိုက်ဒဏ်ရာရတာတွေ ရှိလာနေပါတယ်။

ဒီလ အောက်တိုဘာ ၁၈ ရက် ၁၉ ရက်မှာ ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်မှာ မြေမြှုပ်မိုင်းပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ခဲ့ပြီး အရပ်သား နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သလို အောက်တိုဘာ ၂၁ ရက်နေ့ကလည်း နမ့်ခမ်းမြို့နယ် မန့်ပန် ကျေးရွာသားတစ်ဦး မြေမြှုပ်မိုင်းပေါက်ကွဲ ထိမှန်ပြီး ဒဏ်ရာပြင်းထန်စွာရခဲ့ပါတယ်။

အဲဒီ မန့်ပန်ကျေးရွာ တဝိုက်မှာ TNLA အဖွဲ့ ပန်ဆေးပြည်သူ့စစ်အဖွဲ့နဲ့ တပ်မတော်တို့ အဓိက လှုပ်ရှားနေတဲ့ နေရာဖြစ်ပြီး တိုက်ပွဲတွေလည်း မကြာခဏဖြစ်ပွားနေတဲ့ နေရာဖြစ်ပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာ မြေမြှုပ်မိုင်းပေါက်ကွဲမှုတွေကြောင့် ထိခိုက်ဒဏ်ရာရသူ အရေအတွက်ဟာ မိုင်းထိမှန်လို့ ထိခိုက်ဒဏ်ရာရသူ အယောက် ၃၀ ကျော်ဆိုတဲ့ အရေအတွက်ဟာ ဒီအဖွဲ့က ကူညီပေးနေခဲ့တဲ့ အရေအတွက် သီးသန့်သာဖြစ်ပါတယ်။

The Halo Trust လားရှိုးရုံးအဖွဲ့ မန်နေဂျာ လွေးအိုင်အော်က ရှမ်းပြည်မြောက်ပိုင်းမှာ မိုင်းထိမှန်တဲ့ သူတွေကို ကူညီပေးနေတဲ့ အခြေအနေကို အခုလို ပြောပါတယ်။

"ထိခိုက်မှုကတော့ ဒီတစ်လထဲဆိုရင် ဆက်တိုက်ဆိုသလိုဖြစ်တာ၊ ပြီးခဲ့တဲ့ ၁၈ ကနေ ဒီနေ့ထိပေါ့ ဖြစ်တာများတာ၊ နမ့်ဆန်မှာ ဖြစ်တာများတယ်၊ ကျမတို့ အမြန်ဆုံးငြိမ်းချမ်းမယ်ဆိုရင် ပိုကောင်းတာပေါ့၊ ဘာဖြစ်လို့လဲဆိုတော့ တကယ့်တကယ် ခံစားနေရတာ ဒေသခံ ပြည်သူလူထုတွေ ခံစားနေရတာဆိုတော့၊ ဒီနှစ်ပိုင်းမှာ ထိခိုက်ဒဏ်ရာရတာ လူလတ်ပိုင်းတွေ ဒဏ်ရာရတာများတာပေါ့၊ ၂၀ အထက်ကနေ ၅၀ အတွင်း လူလတ်ပိုင်းတွေ ထိတာများတာပေါ့၊ ကလေးတွေ မထိတာတော့ မဟုတ်ဘူး၊ ထိတော့ထိတယ်"

ဒါ့အပြင် ဒီနှစ် စက်တင်ဘာလထဲမှာပဲ ကချင်ပြည်နယ် မိုးညှင်းဒေသမှာ မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ သုံးဦး ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွင်း ကချင်ပြည်နယ်မှာ မိုင်းပေါက်ကွဲမှုကြောင့် ၂၁ ဦး သေဆုံးပြီး ၈၉ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ရဲစခန်းမှတ်တမ်းတွေက ဆိုပါတယ်။

မြေမြှုပ်မိုင်း အသုံးပြုမှု ပိတ်ပင်တားမြစ်ခြင်း နိုင်ငံတကာစည်းရုံး လှုံ့ဆော်ရေးအဖွဲ့ ICBL ရဲ့ မြေမြှုပ်မိုင်းစောင့် ကြည့်လေ့လာရေး မြန်မာနိုင်ငံ အစီရင်ခံစာ ၂၀၁၇ အရ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်တို့မှာ မိုင်းတည်ရှိတဲ့ အရေအတွက် တိုးလာခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီအစီရင်ခံစာမှာပဲ မြန်မာနိုင်ငံဟာ မြေမြှုပ်မိုင်းကြောင့် ၃ ရက်ကို တစ်ကြိမ်နှုန်းနဲ့ ထိခိုက်မှုတွေရှိနေတယ်လို့ ဆိုထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မန့်ပန်ကျေးရွာက အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦးဟာ လယ်တောထဲမှာ စပါးစိုက်ဖို့လုပ်ရာကနေ မြေမြှုပ်မိုင်းထိမှန်ခဲ့ပြီး ခြေထောက်နှစ်ဖက်နဲ့ လက် အပြင် လည်ပင်းကိုပါ မိုင်းစထိမှန်ခဲ့တာဖြစ်ပါတယ်။ သူဟာ လက်ရှိ ပြင်ဦးလွင် ဆေးရုံမှာ ဆေးကုသမှုခံယူနေပြီး ဒဏ်ရာက အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေပါတယ်။

အဲဒီ အမျိုးသားရဲ့ တူမတော်စပ်သူ လွေးကေသီကျော်ကတော့ သူ့ဦးလေးလို အပြစ်မဲ့ ပြည်သူတွေ ထိခိုက်နေတာ မျိုးတွေ နောက်ထပ်မဖြစ်စေချင်တော့ဘူးလို့ သူ့ခံစားချက်ကို အခုလို ပြောပါတယ်။

"သူကလယ်ယာမှာ ရေသွားပိတ်တယ်ပေါ့၊ စပါးစိုက်မယ်ဆိုပြီး ရေသွားပိတ်တာ၊ ပေါက်ပြားနဲ့ ပေါက်မိတာပေါ့၊ ပြောရမယ်ဆိုရင် နောက်နောင်ဆိုရင် ပြည်သူု ပြည်သား သွားတဲ့နေရာ မိုင်းမထောင်စေချင်ဘူး၊ အပြစ်မဲ့တဲ့ တိုင်းသူပြည်သားတွေ ဒုက္ခမရောက်စေချင်ဘူးလေ"

ဒီမြေမြှုပ်မိုင်းတွေရဲ့ဒဏ်ကို စစ်ပွဲနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့သူတွေထက် အရပ်သားတွေက ပိုပြီးထိခိုက်ခံစားနေ ကြရတာဖြစ်ပြီး မြေမြှုပ်မိုင်းပေါက်ကွဲတာတွေကြောင့် ထိခိုက်ဒဏ်ရာရပြီး ကိုယ်လက်အင်္ဂါမပြည့်စုံတော့တာ၊ အသက်သေဆုံးတာတွေဟာ နိုင်ငံရဲ့ လူသားအရင်းအမြစ်အနေနဲ့  နိုင်ငံဖွံ့ဖြိုးတိုးတက်မှုမှာ ထိခိုက်စေတယ်လို့ မြေမြှုပ်မိုင်းအန္တရာယ်နဲ့ ပတ်သက်ပြီး အသိပညာပေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Equality Myanmar အဖွဲ့ရဲ့ ဒါရိုက်တာဖြစ်သူ ဦးအောင်မျိုးမင်းက အခုလို ပြောပါတယ်။

"လူတစ်ယောက်က ခန္ဓာကိုယ်ပိုင်း မသန်စွမ်းဖြစ်သွားလို့ရှိရင် ဒေသအတွင်းရဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ ဘယ်လို ပါဝင်နိုင်မလဲ၊ ဒီလုပ်ငန်းတွေရဲ့ တိုးတက်အောက် လုပ်ဆောင်တဲ့အချိန်မှာ မိသားစုအတွက် အသက်ရှင်အောင် ဘဝအတွက် လုံလောက်အောင် လုပ်ဆောင်နေချိန်မှာ လုပ်အားတွေ ကျဆုံးသွားပါတယ်။ ကုန်ထုတ်စွမ်းအား ကျဆင်းရုံမကဘဲနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ထိခိုက်နေတဲ့သူတွေ လူ့ပတ်ဝန်းကျင်မှာရှိရင် တိုင်းပြည်က ရှေ့ကို သွားရမယ့်အစား ဒီလိုလူတွေကို ပြန်လည်ပြုစုပျိုးထောင်ပေးတာနဲ့ မလိုလားအပ်တဲ့အရာတွေ ကုန်ကျသလို ဒီလိုလူတွေက လူမှုအသိုင်းအဝိုင်းမှာ တက်ကြွစွာ မပါဝင်တာကြောင့် တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုက စိတ်ပိုင်းရော ရုပ်ပိုင်းရော ဘက်ပေါင်းစုံ ထိခိုက်နစ်နာမှု အများကြီးဖြစ်နိုင်ပါတယ်"

မြေမြုှပ်မိုင်းအသုံးမပြုဖို့၊ မြေမြှုပ်မိုင်းရှင်းဖို့ အပါအဝင် မြေမြှုပ်မိုင်းနဲ့ ပတ်သက်တဲ့ သဘောတူညီချက်တွေပါတဲ့ ကုလသမဂ္ဂရဲ့ ၁၉၉၇ နိုင်ငံတကာမြေမြှုပ်မိုင်း တားဆီးပိတ်ပင်ရေး ပဋိဉာဉ်စာချုပ်ကို နိုင်ငံပေါင်း တစ်ရာကျော်က လက်မှတ်ထိုးထားပေမယ့် မြန်မာနိုင်ငံက အခုချိန်ထိ လတ်မှတ်ရေးထိုးထားခြင်း မရှိသေးပါဘူး။

မြေမြှုပ်မိုင်းအန္တရာယ်ကို တားဆီနိုင်ဖို့ဆိုရင် မြန်မာ တပ်မတော်ကရော၊ တိုင်းရင်းသား လက်နက်ကိုင်တွေကပါ  နှစ်ဖက်လုံး မိုင်းကိုမသုံးစွဲဖို့ ထိန်းချုပ်နိုင်ဖို့လိုအပ်တယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဒုဥက္ကဋ္ဌ ခွန်မြင့်ထွန်းက အခုလို ပြောပါတယ်။

"ဗမာအစိုးရက မိုင်းမသုံးစွဲရေးကို အခုထိ လတ်မှတ်မထိုးသေးဘူးပေါ့နော်၊ ထို့နည်းတူုပဲ ကျနော်တို့ တိုင်းရင်း သား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေကျတော့လည်း ခုနကလို အစိုးရကကျတော့ မိုင်းသုံးပြီးတော့ ကိုယ်တွေကျတော့ မိုင်းမသုံးရဘူးဆိုတာ ဖြစ်နေတာကို၊ အဲဒီတော့ တိုက်ပွဲမှာ သူ့ဘက်က မိုင်းသုံးပြီးတော့ ကိုယ့်ဘက်က မိုင်းမသုံးဘူးဆိုရင်ကိုယ်က ပိုပြီး ဒုက္ခပိုရောက်တာရှိတဲ့အခါကျတော့ ဒါကြောင့်မို့ မိုင်းမသုံးစွဲရေးနဲ့ ပတ်သက်ရင် အစိုးရဘက် တပ်မတော်ဘက်ကလည်း မသုံးဖို့လိုတယ်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းတွေကလည်း အပြန်အလှန်အားဖြင့် မသုံးဖို့လိုတာပေါ့၊ နှစ်ဖက်စလုံး မသုံးမှရမယ်လေ"

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA ရဲ့ အခန်း ၃၊ အပိုဒ် ၅ (င) မှာ ငြိမ်းချမ်းရေးဖြစ်ပေါ် တိုးတက်တာတွေနဲ့အညီ နှစ်ဖက်တပ်တွေ ခင်းကျင်းထားတဲ့ မိုင်းတွေကို ရှင်းလင်းရန်နဲ့ မိုင်းရှင်းလင်းရေး လုပ်ငန်း စဉ်တွေကို နိုင်ငံတော်အစိုးရနဲ့ တဆင့်ချင်း ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန်လို့ ဖော်ပြထားပါတယ်။

အခုလက်ရှိ NCA စာချုပ် လက်မှတ်ရေးထိုးထားတာ ၃ နှစ်ပြည့်လာပြီး ငြိမ်းချမ်းရေးဖြစ်စဉ် တိုးတက်မှုတွေ ရှိလာပေမယ့်လည်း  နှစ်ဖက်တပ်တွေထောင်ထားတဲ့ မိုင်းရှင်းလင်းရေးကိုတော့ ပြည့်ပြည့်၀၀ ဆောင်ရွက်နိုင်ခြင်း မရှိသေးတာဟာ ဒေသခံ ပြည်သူတွေရဲ့ ဘဝလုံခြုံရေးအတွက် စိုးရိမ်နေရဆဲ အနေအထားဖြစ်နေပါတယ်ရှင်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။