အာဏာသိမ်းရက်ပေါင်းတစ်ထောင်မှာ နိုင်ငံတစ်ဝန်း သေဒဏ်ချခံရသူ ၁၆၀ ကျော်ရှိလာ

RFA Burmese
2023.11.16
အာဏာသိမ်းရက်ပေါင်းတစ်ထောင်မှာ နိုင်ငံတစ်ဝန်း သေဒဏ်ချခံရသူ ၁၆၀ ကျော်ရှိလာ ၂ဝ၂၂ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့က ရန်ကုန်မြို့ ပန်းဆိုးတန်း ခုံးကျော်တံတားတွင် "သေဒဏ်ပေးလျှင် မုချ လက်တုံ့ပြန်မည်" စာတန်းကို စစ်ကောင်စီဆန့်ကျင်သူလူငယ်တချို့က ချိတ်ဆွဲဆန္ဒပြခဲ့စဥ်။
AMM

စစ်တပ်အာဏာသိမ်းထားတဲ့ ရက်ပေါင်းတစ်ထောင်အတွင်း တရားရုံးမတင်ဘဲ အသတ်ခံရတဲ့သူ အနည်းဆုံး လေးထောင်ကျော်ရှိခဲ့သလို၊ အဖမ်းခံရပြီး သေဒဏ်အမိန့်ချ ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၁၆၃ ယောက်ရှိတာတွေ့ရပါတယ်။

သေဒဏ်ချခံရတဲ့သူတွေထဲမှာ အကျဉ်းထောင်ထဲရှိနေတဲ့သူက အယောက် ၁၂၀ ဖြစ်ပြီး၊ ဖမ်းမမိလို့ မျက်ကွယ်သေဒဏ်ချခံထားရတဲ့သူက ၄၃ ယောက်ဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ နိုဝင်ဘာလ ၈ ရက်နေ့ထုတ်ပြန်တဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။

သေဒဏ်ပေးခံရထားတဲ့သူတွေထဲမှာ စစ်ကောင်စီကို လက်နက်ကိုင်ခုခံတော်လှန်လို့ ခံရတဲ့သူတွေပါသလို၊ တချို့က တယ်လီဖုန်းထဲမှာသိမ်းထားတဲ့ ဓာတ်ပုံတွေ တွေ့တာနဲ့တင် သေဒဏ်အမိန့်ချခံရတဲ့သူတွေလည်း ရှိနေပါတယ်။

အင်းတော်မြို့က ကိုအောင်ကျော်ကျော် (ခေါ်) ကိုလားလားဟာ သူ့ဖုန်းထဲမှာ အိမ်မီးလောင်ထားတဲ့ ဓာတ်ပုံမှတ်တမ်းတွေ့လို့ဆိုပြီး ပြီးခဲ့တဲ့ ဇွန်လမှာအဖမ်းခံရသလို၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၄၉ (က)၊ ၅၂ (က) နဲ့ ဩဂုတ်လထဲမှာ သေဒဏ်ချခံထားရပါတယ်။

သူ့ကို အင်းတော်မြို့ ဘောလုံးကွင်းနားမှာဖုန်းပြောနေရင်း စစ်ကောင်စီတပ်သားတွေက ဖမ်းလိုက်တာလို့ အမည်မဖော်လိုတဲ့ မြို့ခံတစ်ယောက်က RFA ကိုပြောပါတယ်။

"ကိုအောင်ကျော်ကျော် (ခေါ်) ကိုလားလားကျတော့ သူကခြောက်လပိုင်းမှာပဲ။ သူ့ကောင်မလေးနဲ့ ဖုန်းပြောနေတာ။ အင်းတော်ဘောလုံးကွင်းမှာ MI 17 ထောက်ပို့ယာဉ် ဆင်းလာတာ။ အဲလိုဆင်းလာတဲ့အချိန် ဒါပဲနော် ဖုန်းချလိုက်တော့မယ်။ လေယာဉ်လာနေလို့ဆိုပြီးတော့ ပြောနေတဲ့အချိန် စစ်သားတွေက မြင်ပြီးတော့ သူ့ကိုစစ်မေးတဲ့အခါမှာ ဖုန်းကိုယူစစ်လိုက်တာ။ သူကအင်းတော် အနောက်ဘက် အောင်ကုန်းဘက်မှာ စစ်ကောင်စီတပ်က မီးရှို့ထားတဲ့ဟာတွေ ရှိတယ်။ အဲဒီဘက် ရောက်တုန်း မီးရှို့ထားတဲ့အိမ်တွေ ဓာတ်ပုံရိုက်ထားတာ။ အဲဒါမြင်ပြီးတော့နောက်မှာ ဖမ်းခံရပြီးတော့ အခုသေဒဏ်ချလိုက်တာပဲ"

အခုချိန်အထိ ကိုအောင်ကျော်ကျော် ဘယ်မှာလဲဆိုတာကို သတင်းမရတော့ဘူးလို့ သူကပြောပါတယ်။

ဧရာဝတီတိုင်းမှာလည်း အောက်တိုဘာလ ၂၀ ရက်က လူ ၁၄ ယောက်ကို ဖျာပုံခရိုင် တရားရုံးက သေဒဏ်အမိန့်ချခဲ့ပါတယ်။ သူတို့ကို Black Dragon Force Pyapon ဆိုတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဖြစ်တယ်။ စစ်ကောင်စီသတင်းပေးဆိုတဲ့သူ ခုနစ်ယောက်ကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ လူသတ်မှုပုဒ်မ - ၃၀၂ တပ်ပြီး သေဒဏ်တွေ ချမှတ်ခဲ့တာပါ။

သူတို့ထဲက ၂၉ နှစ်အရွယ် ကိုကိုအောင် အပါအဝင် ခုနစ်ယောက်ကို ပုသိမ်ထောင်ကို ပို့ထားတယ်လို့ အမည်မဖော်လိုသူတစ်ယောက်က RFA ကိုပြောပါတယ်။

"ထောင်တွင်းအယူခံတော့ဝင်ထားတယ်။ ပြီးခဲ့တဲ့ တစ်ပတ်က ဝင်လိုက်တယ်။ မနေ့ (နိုဝင်ဘာလ ၁) ရက်က တွေ့ခွင့်ရတယ်။ တွေ့ခွင့်ရတဲ့ အသေးစိတ်တော့ မသိရသေးဘူးပေါ့။ အဓိကတော့ သေတဲ့သူအတွက်လည်း သေဒဏ်၊ မသေတဲ့သူ အတွက်လည်း သေဒဏ်ဆိုတော့ ဒီလိုချလိုက်တဲ့အပေါ်မှာ ဒါဟာတရားမျှတမှုမရှိဘူးလို့ ယုံကြည်တယ်"

စစ်ကောင်စီမှ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့ ထုတ်ပြန်သည့် Black Dragon Force Pyapon ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ (Photo: Myanmar Military)
စစ်ကောင်စီမှ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့ ထုတ်ပြန်သည့် Black Dragon Force Pyapon ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ (Photo: Myanmar Military)

သေဒဏ်ကျအကျဉ်းသားတွေဟာ တရားလက်လွတ်အမိန့်ချခံရတာဖြစ်ပြီး ရှေ့နေငှားခွင့်၊ ခုခံချေပခွင့်တွေ မရကြဘူးလို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် က အမည်မဖော်လိုတဲ့ ပြန်ကြားရေးတာဝန်ခံက RFA ကိုပြောပါတယ်။

"စစ်ကောင်စီက အခုလက်ရှိ အမိန့်ချနေတဲ့ဟာတွေက တရားလက်လွတ် အမိန့်ချနေတာ ဖြစ်တယ်။ တချို့အကျဉ်းသားတွေဆိုရင် ရှေ့နေကောင်းကောင်းမွန်မွန် ခေါ်ခွင့်မရတာ။ မိသားစုနဲ့ တွေ့ခွင့်မရတာ။ ကိုယ့်ဘက်က ခုခံချေပခွင့်မရတာမျိုးတွေ ဒီလိုမျိုး တရားလက်လွတ်အမိန့်ချခံရတွေချည်းပဲလို့ ပြောလို့ရတယ်။ ဒီလိုမျိုး လုပ်နေတာတွေကို ကျွန်တော်တို့အနေနဲ့ ဆန့်ကျင်ကန့်ကွက်ရှုတ်ချတယ်"

အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံးပြောခွင့်ရသူ ဦးကျော်ဇော်ကတော့ သေဒဏ် ချခံရတဲ့ အကျဉ်းသားတွေအတွက် အသက်ကယ်ဖို့ ဘက်ပေါင်းစုံက ကြိုးစားနေတယ်လို့ RFA ကိုပြောပါတယ်။

"သေဒဏ်ချခံထားရတဲ့သူတွေရဲ့ အသက်ကိုကယ်ဖို့ ကျွန်တော်တို့နည်းမျိုးစုံနဲ့ ကြိုးစားနေတယ်။ ဒါပေမဲ့ ဒီကြားထဲက သူတို့ (စစ်ကောင်စီ) မတရားသတ်သွားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ကိုဖြိုးဇေယျာသော်တို့၊ ကိုဂျင်မီတို့လို့ ပုဂ္ဂိုလ်မျိုးတွေ ရှိတယ်ပေါ့နော်။ စစ်မျက်နှာပေါင်းစုံဆိုတာ မြေပြင်ပေါ်မှာရှိတဲ့ လက်နက်ကိုင် တိုက်ပွဲဆင်နွှဲတဲ့ စစ်မျက်နှာ၊ နောက် စီးပွားရေးစစ်မျက်နှာ၊ နိုင်ငံရေးစစ်မျက်နှာ၊ သံတမန်ရေးစစ်မျက်နှာ အစရှိတဲ့ စစ်မျက်နှာပေါင်းစုံကနေ စစ်ကောင်စီကို တိုက်ခိုက်နေတယ်"

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၄ ရက်ကစလို့ နိုင်ငံတစ်ဝန်းက အကျဉ်းထောင်တွေမှာ နှစ်ပတ်တစ်ခါ ထောင်ဝင်စာမှာ လူချင်းတွေ့ခွင့်ကို ပြန်ခွင့်ပြုခဲ့ပါတယ်။ ဒါပေမဲ့ သေဒဏ်ချခံထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုတော့ လတစ်လရဲ့ ပထမအပတ် တနင်္ဂနွေနေ့မှာပဲ ခွင့်ပြုတယ်လို့ နိုင်ငံရေးအကျဉ်းသားတွေကို အကူအညီပေးနေတဲ့ သူတွေက ပြောပါတယ်။

"တော်လှန်ရေးက အောင်မယ့်ပွဲ၊ အချိန်အကြာကြီး မဟုတ်ဘူး၊ ငါတို့အလွန်ဆုံးစောင့်ရ နောက် နှစ်နှစ်၊ သုံးနှစ်လောက်ပဲဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ ဖြတ်သန်းနေကြတာ"

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးကတော့ သေဒဏ်ကျအကျဉ်းသားတွေဟာ စစ်ကောင်စီလွှတ်ပေးမယ့် အပေါ် မျှော်နေကြတာမဟုတ်ဘဲ တော်လှန်ရေးအောင်မြင်မှုအပေါ်မှာ မျှော်လင့် နေကြတာလို့ RFA ကို ပြောပါတယ်။

"လက်ရှိ အကျဉ်းထောင်မှာ သေဒဏ်ကျအပါအဝင် နှစ်ရှည်ထောင်ကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ ယုံကြည်ချက်ကတော့ စစ်ကောင်စီလွှတ်ပေးမယ့် ဟာတွေကို သူတို့မျှော်လင့်နေတာ မဟုတ်ဘူးဗျ။ တော်လှန်ရေးအပေါ်မှာပဲ သူတို့က အဓိကအာရုံပြုပြီးမှ အကောင်းဆုံး နေထိုင်နေကြတာ။ တော်လှန်ရေးက အောင်မယ့်ပွဲ၊ အချိန်အကြာကြီး မဟုတ်ဘူး၊ ငါတို့အလွန်ဆုံးစောင့်ရ နောက် နှစ်နှစ်၊ သုံးနှစ်လောက်ပဲဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ ဖြတ်သန်းနေကြတာ"

သေဒဏ်ကျ နိုင်ငံရေးအကျဉ်းသားတွေဟာ တခြားနိုင်ငံရေးအကျဉ်းသားတွေနဲ့မတူဘဲ သီးခြားနေထိုင်ရတဲ့အပြင် ထောင်ဝင်စာပစ္စည်းပို့ခွင့် ကန့်သတ်ခံရတာတွေလည်း ရှိနေတယ်လို့ သူကပြောပါတယ်။

စစ်ကောင်စီရဲ့ တရားရုံးတွေက အခုနှစ်ထဲမှာ သေဒဏ်အမိန့်ပိုပြီးချမှတ်လာတယ်လို့ နိုင်ငံရေးအကျဉ်းသားတွေကို အကူအညီပေးနေသူတွေက ပြောပါတယ်။ ဒီကြားထဲမှာပဲ ၈၈ မျိုးဆက် ကိုဂျင်မီ၊ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်၊ အရပ်သား ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို ပြီးခဲ့တဲ့နှစ် ဇူလိုင်လ ၂၃ ရက်က အင်းစိန်ထောင်ထဲမှာ ကြိုးပေးကွပ်မျက်လိုက်တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန် ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။